Skip to main content

 

မိမိတို့ မောက်မယ်မြို့နယ်တွင် ၂၀၀၈ ဝန်းကျင်ကတည်းက ကျိုင်းတောင်းရေအားလျှပ်စစ်ဖြင့် မီးလင်းခဲ့ပါကြောင်း၊ ယခင်ဓာတ်အားပို့လွှတ်လိုင်းအဖြစ် 11 KV လိုင်းတစ်လိုင်းကို မိုးနဲမြို့မှ ၂၇ မိုင်ဝေးကွာသော မောက်မယ်မြို့သို့ ပို့လွှတ်ပေးခဲ့ပါကြောင်း၊ ယခုအခါ လင်းခေးမြို့နယ်၊ နန့်တွမ် ဓာတ်အားခွဲရုံမှ 33 KV ဓာတ်အားလိုင်းဖြင့် ပြောင်းလဲချိတ်ဆက်ထားပါကြောင်း၊ ဟိုလွိုင်ကျေးရွာ အုပ်စု၊ ကုန်းလေမုတ်ကျေးရွာသည် ဟိုလွိုင်အုပ်စုကျေးရွာအတွင်း၌ ရွာကြီးတစ်ရွာဖြစ်ပြီး တောင်ရွာ၊ မြောက်ရွာပေါင်းစပ်ထားခြင်း ဖြစ်ပါကြောင်း၊ ဟိုလွိုင်ကျေးရွာအုပ်စုတွင် မိုင်းနုစံ ကျေးရွာသည် ပထမဦးဆုံးလျှပ်စစ်မီးအသုံးပြုခွင်‌့ရရှိခဲ့ပြီး  ကုန်းလေမုတ်ကျေးရွာကို KFW စီမံကိန်း ဖြင့် လျှပ်စစ်မီးသွယ်တန်းပေးမည်ဖြစ်ပါကြောင်း၊ ဟိုလွိုင်ကျေးရွာအုပ်စုတွင် လျှပ်စစ်မီးရရှိသည့် အခွင်‌့အလမ်းကို စောင့်မျှော်နေကြသည့် ကျေးရွာများစွာကျန်ရှိနေပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ် တွင် လမ်းဘေးကပ်နေသော နားလော်ကျေးရွာနှင့် ကုန်းဝက်ကျေးရွာတို့ကို လျှပ်စစ်မီးသွယ်တန်း ပေးမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လျှပ်စစ်မီးသွယ်တန်းရယူရန် အခွင့်အလမ်းများစွာရရှိထား သော မောက်မယ်မြို့နယ်၊ ဟိုလွိုင်ကျေးရွာအုပ်စု၊ ကုန်းလေမုတ်ကျေးရွာ လျှပ်စစ်ဓာတ်အား အသုံးပြုခွင်‌့ရရှိရေးအတွက် နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။


လျှပ်စစ်နှင်‌့စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်

မောက်မယ်မြို့နယ်၊ ဟိုလွိုင်ကျေးရွာအုပ်စု၊ ကုန်းလေမုတ်ကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေး အတွက် ၃၃ ကေဗွီ မောက်မယ်ဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ မြို့တွင်း ဖီဒါလိုင်းမှ ၁၁ ကေဗွီလိုင်း ဝ.၀၅ မိုင်နှင့် ၁၁/၀၄ ကေဗွီ ၁၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးနှင်‌့ ၄၀၀ ဗို့ဓာတ်အားလိုင်း ၁.၂ မိုင် တည်ဆောက်ပေးရန်လိုအပ်ပြီး အဆိုပါလုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်ရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။