Skip to main content

တင်ဒါလုပ်ငန်းစဉ်များကို ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းခဲ့ကြသည့်အတိုင်း စက်တင်ဘာလနောက်ပိုင်း သုံးလအတွင်းတွင် အပြီးဆောင်ရွက်နိုင်စေရန် မျှော်လင့်ခဲ့ကြသော်လည်း ဖြစ်မလာသည့်အပြင် မိုးတွင်းဖြစ်သည့် မေလနှင့် ဇွန်လလောက်မှ တင်ဒါအောင်မြင်ကြသည့်အတွက် လမ်းမကောင်းသည့် ကျေးရွာ များတွင် ပစ္စည်းသယ်ရန်အခက်အခဲရှိခဲ့ကြောင်း၊ ထို့အပြင် ကွန်ကရစ် အဆောက်အဦများ တည်ဆောက်ရာတွင် လိုအပ်သည့် ကွန်ကရစ် အစိတ်အပိုင်း တစ်ခုချင်းအလိုက် ခံနိုင်ရည်မရှိမီ နောက်ထပ်အစိတ်အပိုင်းတစ်ခုကို ထပ်မံထည့်သွင်း တည်ဆောက်ခြင်းကြောင့်လည်းကောင်း၊ သဘာဝအတိုင်းရှိနေ သည့် မြေကြီးကို ခံနိုင်ဝန်ပြုပြင်ခြင်းနှင့် လေ့ကျင့်ခြင်းများ ပြုလုပ်ခြင်းမရှိဘဲ အဆောက်အဦကို တည်ဆောက်ခဲ့ကြသည့်အတွက် မိမိတို့ပတ်ဝန်းကျင်တွင် ဥပဓိရုပ်များ ကျဆင်းခြင်းနှင့် အခြားမလိုလားအပ်သည့် ဆိုးကျိုးများဖြစ်နေသည်ကို တွေ့မြင်နေကြရကြောင်း၊ ထို့အပြင် မိမိတို့ အစိုးရလက်ထက်တွင် ဘက်ပေါင်းစုံက တိုးမြှင့်လာသည့် ဘဏ္ဍာငွေ အရအသုံး ဘတ်ဂျက်ရှိ ၂၀၁၅-၂၀၁၆ တွင် ကျပ် ဘီလီယံ ၂၀၀၀၀ ခန့်သာ ရှိခဲ့ရာ ၂၀၁၉-၂၀၂၀ တွင် ကျပ်ဘီလီယံ ၃၀၀၀၀ ကျော်ခန့်သုံးနိုင်ရန် ဆောင်ရွက်နေပြီး လမ်း၊ တံတားနှင့် အဆောက်အဦများ အများဆုံး အသုံးပြုနိုင်ရန်အတွက် ငွေလုံးငွေရင်း အသုံးစရိတ် ဘီလီယံ ၃၀၀၀ ကျော်မှ ယနေ့ ဘီလီယံ ၇၀၀၀ ကျော်ခန့်ထိ တိုးမြှင့်သုံးစွဲရန် ဆောင်ရွက်နေသည့် ကာလလည်း ဖြစ်ကြောင်း၊ ထို့အတွက် တင်ဒါလုပ်ငန်းစဉ်များ အချိန်မီပြီးစီးရန် နည်းလမ်းရှိလိမ့်မည်ဟု မျှော်လင့်၍ မေးရခြင်း ဖြစ်ကြောင်း၊

နောက်ထပ်မေးလိုသည့် မေးခွန်းသည် ဒီဇိုင်းများ ယခုထက် အသေးစိတ် ကျကျရေးဆွဲချထားပေးရန် အစီအစဉ်ကို မေးမြန်းလိုကြောင်း၊ ၂၀၁၆-၂၀၁၇ ရှိ ဒီဇိုင်းနှင့် ၂၀၁၆-၂၀၁၇ တွင် တည်ဆောက် ခွင့်ရခဲ့သည့် Foundation ၏ ဒီဇိုင်နှင့် Foundation ကို လက်တွေ့တည်ဆောက်နေသည့် အခြေအနေများကို တင်ပြလို ကြောင်း၊ မိမိတို့ ဒီဇိုင်းတွင် ပြည့်ပြည့်စုံစုံ မပါရှိသော်လည်း ညာဘက်ထောင့်တွင် Structure ပိုင်းတွင် နပ်သုံးပြီး Flat ပြားခံပြီး သေချာတိုင်းသည့် ဒိုင်းပြားများကို ကျကျနနဆောင်ရွက်ထားခြင်းများ ရှိကြောင်း၊ တချို့ကုမ္ပဏီများသည် တိုင်ထိပ် ပေါ်တွင်တင်ပြီး ဖြစ်ကတတ်ဆန်း တည်ဆောက်ထားခြင်းများ ရှိကြောင်း၊ ထို့ကြောင့် သတ်မှတ်ဒီဇိုင်းများတွင် ရေရာမှုမရှိသည့်အတွက် တချို့ကုမ္ပဏီများသည် စေတနာဖြင့် ကျွမ်းကျင်မှုဖြင့် မူတည်ဆောင်ရွက်ကြောင်း၊ ပြီးခဲ့တဲ့တစ်ပတ်က ကုမ္ပဏီတော်တော်များများ ဒေဝါလီခံကုန်သည့် ဒီဇိုင်းတွင် Foundation တွင် အားလုံး ၆ ပေမှ ပေးထားကြောင်း၊ လက်ရှိတွင် ၆ မူးသံ ရှစ်ချောင်းပေးပြီး Footing ခံပြီး တိုင်လောင်းစေကြောင်း၊

၂၀၁၇-၂၀၁၈ တွင် ပြီးခဲ့သည့် ဒီဇိုင်းနှင့်တကွ တည်ဆောက်ထားသည့် Foundation ဖြစ်ကြောင်း၊ ၎င်းသည် ၂၀၁၆-၂၀၁၇ နှင့် မတူကြောင်း၊ သံချောင်းခြောက်ချောင်း သာ ပါတော့ကြောင်း၊ အထက်တွင် ဖော်ပြသည့်အချက်နှင့် မတူကြောင်း၊ ထို့ကြောင့် မိမိတို့က သုံးကြိမ်မြောက်ဆောက်သည့် အဆောက်အဦများ၏ ဒီဇိုင်းသည် သုံးကြိမ်လုံး မတူသည့်ကိစ္စအပါအဝင် ဒီဇိုင်းများသတ်သတ်မှတ်မှတ် တည်ရှိပေးရန်၊ သတ်မှတ်ပေးရန် မေးမြန်းပါသည်။


ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတွင်ရှိသည့် အခြေခံပညာကျောင်းများ အတွက် လိုအပ်သည့် တည်ဆောက်ရေးလုပ်ငန်းများဆောက်လုပ်ရာတွင် တင်ဒါ လုပ်ငန်းစဉ်များ အချိန်မီပြီးစီးရန် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးများသို့ ငွေလုံးငွေရင်း တည်ဆောက်ရေးရန်ပုံငွေများကို ခွဲဝေပေးရ ကြောင်း၊ ပြည်ထောင်စု၏ရန်ပုံငွေဖြစ်သည့်အတွက် ဖြစ်ကြောင်း၊ သို့သော် လုပ်ငန်းများကို အပ်နှံဆောင်ရွက်သည့်အချိန်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တင်ဒါခေါ်ယူပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးများနှင့် ဆောက်လုပ်ရေး ကုမ္ပဏီများ စာချုပ်ချုပ်ဆို ဆောင်ရွက်ကြကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ပြီးစီးနိုင်ရေးအတွက် QC ကုမ္ပဏီများဖြင့် ကြပ်မတ် ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ၊ မြို့နယ်ဦးစီးမှူး၊ လမ်းဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးများ ပါဝင်ဖွဲ့ စည်းထားသည့် အရည်အသွေးစစ်ဆေးရေးနှင့် တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်ရေး ကော်မတီတို့သည် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ကြီးကြပ်လမ်းညွှန်မှုများဖြင့် စီမံကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊

အခြေခံပညာကျောင်းများ ဆောက်လုပ်ရာတွင် လိုအပ်သည့်စာသင်ကျောင်း တည်ဆောက်ရေးဆိုင်ရာ ဒီဇိုင်းများကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနမှ နှစ်စဉ်ရေးဆွဲပြုစုပြီး ဖြန့်ဝေပေးလျက်ရကြောင်း၊ လက်ရှိအချိန်တွင် ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Swiss Agency for Development and Cooperation-SDC) ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၈ ခုနှစ်တွင် လုံခြုံဘေးကင်းပြီး ကလေး ပျော် စံပြစာသင်ကျောင်း ဆောက်လုပ်ရေး လမ်းညွှန်စာအုပ် (Safe and Child Friendly School Construction Guidelines-SCSCG) ကို ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၎င်းအတိုင်း လိုက်နာဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊

လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြကျောင်းဆောက်လုပ်ရေး လမ်းညွှန်စာအုပ်တွင် Foundation မည်ကဲ့သို့ လုပ်ရမည်၊ အုတ် မည်ကဲ့သို့စီပြီး Column တိုင်များ မည်ကဲ့သို့ ထောင်ရမည်၊ ဒိုင်းများ၊ မြားများကို လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့် အတိုင်း သတ်သတ်မှတ်မှတ် စီပြီးသည့် အပြင် L Shape များနှင့် Bold and Net များကို ၎င်းတို့ကိုကျပ်ပြီး ဆောင်ရွက်ရမည် ဆိုသည့်ကို ကလေးများ ပညာသင်ယူနေသည့် ကျောင်းများသည် သဘာဝဘေးအန္တရာယ်များဖြစ်သည့် ငလျင်ဒဏ်များ၊ မုန်တိုင်း ဒဏ်များ၊ ရေကြီးရေလျှံခြင်း၊ လမ်း Slip ဖြစ်နိုင်သည့် ဒေသများ၊ မိုးခေါင်ရေရှားသည့် ဒေသများစသည့် ဒေသများအတွက်လည်း မိမိတို့စဉ်းစားပြီး ဆောင်ရွက်လျက် ရှိကြောင်း၊

လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်း ဆောက်လုပ်ရေး လမ်းညွှန် စာအုပ်ပါ အခြေခံပညာစာသင်ကျောင်းများ တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆောက်အဦပုံစံထုတ်နှင့် စိစစ်ရေး ဌာန၊ အခြေခံပညာဦးစီးဌာန၊ အင်ဂျင်နီယာ ဌာန(ခွဲ)၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးရုံးများရှိ အဖွဲ့ဝင်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း (Myanmar Engineering Society, Nay Pyi Taw)Plan International Myanmar ရှိ မြန်မာ ကိုယ်စားလှယ်များ၊ World Vision Myanmar ရှိ မြန်မာကိုယ်စားလှယ်နှင့် SDC ရှိ ကိုယ်စားလှယ်များပါဝင်သည့် လုပ်ငန်းဖြစ်မြောက်ရေးအဖွဲ့ဝင်များဖြင့် ဒေသနှင့် ကိုက်ညီမည့်ပိုမိုပြည့်စုံသည့် စာသင်ကျောင်းဒီဇိုင်းများကို ရေးဆွဲပြုစု ဆောင်ရွက် နိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားပါသည်။

ဦးသာအောင် (မြို့သစ် မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီး တင်ပြခဲ့သည့်အတိုင်း ဖြေကြားခဲ့သည့်အတိုင်း ဒီဇိုင်းများတွင် ပြည့်ပြည့်စုံစုံ ပေးရန် ညွှန်ကြားခဲ့သော်လည်း ဒိုင်းပြားများ၏ ဒီဇိုင်းသည် အားလုံးသိသည့်အတိုင်း ဖြစ်ကြောင်း၊ ၎င်းဒီဇိုင်းများသည် လက်ရှိဒီဇိုင်းပေါ်မှ ကူးယူထားသည့် ဒီဇိုင်းများ ဖြစ်ကြောင်း၊ တချို့ဒီဇိုင်းများ၏ ပြည့်စုံမှုမရှိသည့်အတွက် တချို့ကုမ္ပဏီများသည် ဒီဇိုင်းကို လွန်ပြီးခိုင်းရင်အဆင်မပြေကြောင်း၊ ထို့ကြောင့် ဒီဇိုင်းကို ဝန်ကြီး ဖြေကြားသည့်အတိုင်း အသေးစိတ်ပါရှိစေရန် ဆောင်ရွက်ပေးနိုင်ရေး မေတ္တာရပ်ခံ ပါကြောင်း၊ ထို့အပြင် ယနေ့ ကုမ္ပဏီများ နောက်ကျနေသည့်အချက်များတွင် အဓိကအချက်ဖြစ်သည့် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံနိုင်စွမ်းကို လေ့လာတဲ့အချိန်တွင် ၂၅ ရာခိုင်နှုန်းပြီးမှ ဒီ ၂၅ ရာခိုင်နှုန်းကို တစ်ပြိုင်တည်း မလုပ်နိုင်ပေမဲ့ တချို့ ၂၅ ရာခိုင်နှုန်းပြီး ငွေထုတ်ပြီးမှ နောက်တစ်ခု လုပ်ကြောင်း၊ ထို့ကြောင့် ကုမ္ပဏီများသည် တင်ဒါအောင်ခဲ့သော်လည်း ငွေရေးကြေးရေး မပြည့်စုံကြောင်း၊ ထို့အပြင်  ဌာနများက လုပ်သည့် လမ်း၊ တံတား အဆောက်အဦများတွင် ပစ္စည်းလေလံများ ပစ်ပြီး ဒီ Construction ပိုင်းကို ဌာနက လုပ်ခြင်း ဖြစ်ကြောင်း၊

ထို့ကြောင့် ကျောင်းများကို သိန်း ၁၀၀ အထက် ပစ္စည်းများကို ပစ္စည်းလေလံဌာနမှ ပွင့်လင်းလေလံလေးပစ်ပြီး Construction ပိုင်းကို ကုမ္ပဏီများကို အပ်လိုက်မည် ဆိုပါက ၎င်းပြဿနာသည် အနည်းနှင့်အများ ပြေလည်မည်ဟု ထင်ကြောင်း ထို့ကြောင့် မေးခွန်း ဖြစ်နိုင်/မဖြစ်နိုင် မေးမြန်းရခြင်းဖြစ်ကြောင်း မေးမြန်းပါသည်။

ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့်ပုံသည် ယခင်က ဒီဇိုင်းများ၏ ပုံဖြစ်ကြောင်း၊ အခု မိမိတို့ လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်း ဆောက်လုပ်ရေး လမ်းညွှန်စာအုပ် စာမျက်နှာ ၈၀ တွင် လွှတ်တော် ကိုယ်စား လှယ်ကြီးပြောသည့် အမိုး၏ဒိုင်းများ၊ မြားများကို မည်ကဲ့သို့ လုပ်ရမည်ကို အသေးစိတ်ပြသထားသည်ဖြစ်သည့်အတွက် စာအုပ်လက်စွဲနှင့်အညီ တည်ဆောက် ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းစီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။