Skip to main content

အမျိုးသား ကျန်းမာရေး စီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်မှာ နှစ်နှစ်ကျော်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အမျိုးသား ကျန်းမာရေး စီမံကိန်းသည် မည်သည့် အခြေအနေသို့ ရောက်ရှိသည်နှင့် စီမံကိန်းတွင်ပါသည့် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍနှင့်အတူ ကျန်းမာရေးစနစ် ခိုင်မာတောင့်တင်းအောင် မည်သည့်ကိစ္စများ ဆောင်ရွက်ပြီးစီးသည်ကို သိလိုခြင်းဖြစ်ကြောင်း၊ Myanmar New Agency မှ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံက Commitment ပေးထားကြောင်း၊ Universal Health Coverage ကို (Commitment) ကတိပေးထားကြောင်း၊ ကတိကဝတ်ပါသည့် Universal Health Coverage နှင့် National Health Plan ဖြစ်ကြောင်း၊ အမျိုးသားကျန်းမာရေး စီမံကိန်းသည် ၂၀၁၇ ခုနှစ် ဧပြီလတွင် စခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် မတ်လတွင် ဘဏ္ဍာရေးနှစ် လေးနှစ် ကာလအတွင်းတွင် အကောင်အထည်ဖော်ရမည့် စီမံကိန်း ဖြစ်ကြောင်း၊ လက်ရှိတွင် နှစ်နှစ်နှင့် လေးလ ကျော်လာပြီးဖြစ်ကြောင်း၊ ယခင်ကျန်းမာရေး စီမံကိန်းနှင့် မတူဘဲ အားလုံး လက်လှမ်းမီ လွှမ်းခြုံနိုင်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပန်းတိုင်ကို ဦတည်သည့်အတွက် ပြည်တွင်း၊ ပြည်ပပညာရှင်များက ကောင်းမွန်သည့် စီမံကိန်းဟု အသိအမှတ် ပြုခဲ့ကြောင်း၊ ၎င်းစီမံကိန်းသည် လူတိုင်းလူတိုင်းအတွက် အခြေခံကျသည့် ကျန်းမာရေး ဆောင်ရွက်မှု အစုအဝေး (Basic Essential Package of Health Services) ကို ၂၀၂၁ ခုနှစ်တွင် ရရှိစေရန် ဆောင်ရွက်မည်ဟု ပါကြောင်း၊ စီမံကိန်းသည် နိုင်ငံရေးအရ နိုင်ငံတော်၏ ကတိကဝတ်ဖြစ်သည့်အတွက် အလွန်အရေးကြီးကြောင်း၊ အရမ်း အရေးကြီးကြောင်း။ အထူးသဖြင့် လက်ရှိအချိန် ဖြစ်ကြောင်း၊ ပြည်သူတို့က ခါးစည်းခံရသည့် ဝန်ထုပ်ဝန်ပိုးကို ဖြေရှင်းရန် ဖြစ်ကြောင်း၊ Universal Health Coverage ပန်းတိုင်သည် ကုလသမဂ္ဂက ချမှတ်ထားသည့် Sustainable Development Goals များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း၊ ၎င်းပန်းတိုင်သည် ၂၀၃၀ ခုနှစ်မတိုင်မီ ပြည့်မီအောင် ကတိကဝတ်ထားသည့် နိုင်ငံသည် မြန်မာနိုင်ငံဖြစ်နေကြောင်း၊ လူတိုင်း လက်လှမ်းမီ လွှမ်းခြုံနိုင်သည့် ကျန်းမာရေး စောင့်ရှောက်မှုဆိုသည် လိုအပ်သည့် ကျန်းမာရေး ဝန်ဆောင်မှုများကို ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုး မရှိစေဘဲ ရရှိစေရန် ရည်ရွယ်ထားသည့် စနစ် ဖြစ်ကြောင်း၊ Myanmar National Health Accounts ၏ စစ်တမ်းအရ ပြည်သူများ၏ ကျန်းမာရေးအတွက် အိပ်စိုက်ထုတ်ငွေ အသုံးစရိတ်သည် မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ ကျန်းမာရေး အသုံးစရိတ်သည် 74 Percent ရှိတယ်ဟု ဖော်ပြပါကြောင်း၊ အိမ်နီးနားချင်း နိုင်ငံနှင့် ယှဉ်ပါက အလွန့်အလွန် များပြားသည့် ရာခိုင်နှုန်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဆင်းရဲလျက်ရှိသည့် နိုင်ငံ ဖြစ်ကြောင်း၊ ဆင်းရဲ့သည့် Population သည် ၁၅.၈ သန်းရှိသည်ဟု  ကမ္ဘာ့ဘဏ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တင်ပြထားကြောင်း၊ ဆင်းရဲသည့် ပြည်သူများအတွက် အခြေခံ ကျန်းမာရေး ဝန်ဆောင်မှု အစုအဝေးကို သေးနိုင်စေရန် အလွန်အရေးကြီးကြောင်း၊ ကျန်းမာရေးစနစ်ကို အဆင့်အားလုံးတွင် ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု ဖြစ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ ကဏ္ဍတွေကို အားကောင်း တောင့်တင်းစွာ ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ပြည်သူလူထု၏ အခန်းကဏ္ဍကို လျစ်လျူရှု ထား၍ မရကြောင်း၊ ပြည်သူ့အသံနှင့် လူထု၏ တာဝန်ယူမှုကို ထည့်သွင်းရမည် ဖြစ်ကြောင်း၊ ယခင် ဝေ‌ဝါးလျက်ရှိသည့် အမျိုးသား ကျန်းမာရေးဥပဒေသည် အခုအချိန်တွင် အာမခံနိုင်သည့် ဥပဒေ ပြုစုရန် အရေးတကြီး လိုအပ်လျက် ရှိကြောင်း၊ Universal Health Coverage နိုင်ငံရေး အသွင်သည် အရေးကြီးသည့်အပြင် Health as a Bridge for Peace ဆိုသည်ကို မေ့ထား၍ မရကြောင်း၊ ၎င်းတွင် EHO ဆိုသည့် အဖွဲ့များ ပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် အားနည်းချက်ရှိသည့် လူမျိုးစုအတွက် မျှမျှတတ (Equity)ရရန် လိုအပ်နေသည့်အတွက် အမျိုးသား ကျန်းမာရေးစီမံကိန်းတွင် ပါဝင်သော အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍနှင့်အတူ ကျန်းမာရေးစနစ် ခိုင်မာ တောင့်တင်းအောင် မည်သည့် ကိစ္စများ ဆောင်ရွက်ထားသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အမျိုးသား စီမံကိန်းသည် မည်သည်‌့အခြေအနေတွင် ရောက်ရှိနေပါသနည်း။ စီမံကိန်းတွင် ပါဝင်သည့် အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်း၊ တိုင်းရင်းသား အဖွဲ့အစည်း၊ ပုဂ္ဂလိက ကဏ္ဍနှင့်အတူ ကျန်းမာရေးစနစ် ခိုင်မာတောင့်တင်းစေရန် မည်သည်‌့ကိစ္စများ စီမံဆောင်ရွက်ပေး ပါသနည်းဆိုသည်ကို မိမိဖြေကြားသွားမည် ဖြစ်ကြောင်း၊

သက္ကရာဇ် ၂၀၃၀ တွင် လူတိုင်း လက်လှမ်းမီနိုင်သည်‌့ ကျန်းမာရေး လွှမ်းခြုံ ရရှိစေရန် ပန်းတိုင် Universal Health Coverage(UHC) ကို ရရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် ငါးနှစ်သက်တမ်းရှိ အမျိုးသား စီမံကိန်း၊ အမျိုးသား ကျန်းမာရေးသစ် စီမံကိန်းသုံးခု ၂၀၁၇-၂၀၂၁ ခုနှစ်၊ ၂၀၂၁-၂၀၂၆ ခုနှစ်၊   ၂၀၂၆-၂၀၃၀ ခုနှစ်ကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။ အမျိုးသား ကျန်းမာရေး စီမံကိန်း ၂၀၁၇-၂၀၂၁ ခုနှစ်၏ အဓိက ရည်မှန်းချက်သည် မြန်မာ နိုင်ငံသူ/သား အားလုံးအတွက် အခြေခံကျသည်‌့ မရှိမဖြစ် ကျန်းမာရေး စောင့်ရှောက်မှုများ Basic Essential Package of Health Services ကို ငွေကုန်ကြေးကျမှု နည်းပါးစွာဖြင့် နေရာမရွေး၊ ဒေသမရွေး လက်လှမ်းမီ ရရှိစေရေးအတွက် ဖြစ်ကြောင်း၊ ၎င်းအမျိုးသား စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် နှစ်အလိုက် လုပ်ငန်းစီမံကိန်းများ Annual Operation Plan-AOP များကို ရေးဆွဲထုတ်ဝေ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ယခုအခါ ပထမနှစ်နှင့် ဒုတိယနှစ်အလိုက် ပုံမှန်လုပ်ငန်း စီမံကိန်းများ ပြုစုထုတ်ဝေခဲ့ပြီး ဖြစ်ကြောင်း၊ စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကျန်းမာရေး ဝန်ဆောင်မှု ပေးရာဌာနများသည် ဝန်ဆောင်မှုများ ပေးရန်အတွက် အဆင်သင့် ဖြစ်နေစေရန် Supply-side Readiness အစီအမံများ၊ ကျန်းမာရေး ဝန်ဆောင်မှုများကို ရယူရာတွင် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ငွေကုန် ကြေးကျမှု နည်းပါးသက်သာစေရန် ငွေကြေး အကာအကွယ် ပေးရေး(Financial Protection) အစီအမံများဟူ၍ ကဏ္ဍကြီးနှစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် Supply-side Readiness အစီအမံများတွင် အဓိကအားဖြင့် အခြေခံ ဝန်ဆောင်မှုများဖြစ်သည့် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် မြို့နယ်အဆင့်ကို ဦးတည် ရည်ရွယ်ပြီး ကျန်းမာရေးဌာန အခြေခံ အဆောက်အဦများ အားကောင်းခိုင်မာစေရန် ဆောင်ရွက်ခြင်း၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များ လုံလောက်စေရန် ဆောင်ရွက်ခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှုအတွက် လိုအပ်သည့် ဆေးဝါး၊ ဆေးပစ္စည်း၊ ကျန်းမာရေး သတင်းစနစ်များ ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ပဏမကျန်းမာရေး စောင့်ရှောက်မှု ပေးရာဌာနများတွင် ကျန်းမာရေး ဘတ်ဂျက်ကို တိုးမြှင့်ချထားခြင်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် စီမံကိန်းသက်တမ်း နှစ်နှစ် ကျော်ကာလအတွင်း ဆောင်ရွက်ရာတွင် မြို့နယ်များအတွက် လိုအပ်သည့် ကျေးလက် ကျန်းမာရေးဌာန၊ ကျေးလက် ကျန်းမာရေးဌာနခွဲအသစ်များ ဆောက်လုပ်ရန်၊ မြို့နယ်ဆေးရုံများအတွက် ဆေးရုံသုံးပစ္စည်း အမျိုးအစား ၃၃ မျိုး ဝယ်ယူဖြန့်ဖြူးရန်၊ မြို့နယ်ဆေးရုံများအတွက် C အဆင့် ဓာတ်ခွဲခန်းသုံးပစ္စည်း များ၊ Type-C Lab Set များ ဝယ်ယူဖြန့်ရန်၊ လူနာ ညွှန်းပို့ရာတွင် လွယ်ကူ အဆင်ပြေရေးအတွက် မြို့နယ်ဆေးရုံများအတွက် လူနာတင် ယာဉ်များ ဝယ်ယူဖြန့်ဖြူးရန်၊ ကျန်းမာရေးဌာနများ ပြုပြင်မွမ်းမံရန်အတွက် လိုအပ်သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ငွေကျပ် ၁၇၄ ဘီလီယံကို ခွဲဝေချမှတ်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၆၄ ဘီလီယံကို သုံးစွဲခဲ့ကြောင်း၊ စီမံကိန်း သက်တမ်း ကုန်ဆုံးချိန် ၂၀၂၁ ခုနှစ်တွင် နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို ပေးနိုင်ရန်ရည်ရွယ်သည့် ကျန်းမာရေး ဝန်ဆောင်မှု အမျိုးပေါင်း ၁၅၀ ပါဝင်သည့် Basic Essential Health Package Services ကို ဖော်ထုတ်ပြန်ဋ္ဌာန်းပြီး ဆက်လက်၍ စာရင်းပါ ကျန်းမာရေး ဝန်ဆောင်မှုများ အမျိုးအစားခွဲ၍ Standard Operation Procedure and Standard Treatment Guidelines များ ပြုစုခြင်း၊ ကုန်ကျစရိတ်တွက်ချက်ခြင်းများကို ယခုထိ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း၊ မြို့နယ်အဆင့် ကျန်းမာရေးစီမံကိန်းများတွင် Inclusive Township Health Plans နှင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့် (Inclusive State/Regional Health Plans) Basic EPHS များ နေရာဒေသမရွေး ပြေးဆွဲနိုင်ရန် အတွက် တိုင်းဒေသကြီး/ပြည်နယ်များနှင့် စီမံကိန်း၏ အဓိကဖြစ်သည့် မြို့နယ်များတွင် ဒေသအလိုက် လိုအပ်ချက်များကို စနစ်တကျ စီမံကိန်း ပြုစုရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း/တောင်ပိုင်း) တို့ကို ပဏာမအနေဖြင့် ဆောင်ရွက်ခဲ့ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ဆက်လက်ဆောင်ရွက်ရန် အားသွန်းခွန်စိုက် ကြိုးပမ်းလျက် ရှိကြောင်း၊ ထောက်ပံ့ ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးခြင်းကို ဆောင်ရွက်နိုင်ရန်အတွက် အခြေခံ ကျန်းမာရေး ဝန်ထမ်းများ ထိရောက်သည့် ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် တာဝန် ဝတ္တရားများကိုလည်း ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ကြောင်း၊ လုပ်ငန်းဆိုင်ရာ လက်စွဲစာအုပ်ကိုလည်း ပြုစုရေးသားလျက်ရှိပြီး မကြာမီ အပြီးသတ် ထုတ်ဝေတော့မည်ဖြစ်ကြောင်း၊ Community Base Health Workers များကိုလည်း ကျန်းမာရေး လုပ်သားများနှင့်ပတ်သက်သည့် အမျိုးသား မူဝါဒများကို ချမှတ်ရေး အကောင်အထည်ဖော်မည် ဖြစ်ကြောင်း၊ အားကောင်းခိုင်မာသည့် ကျန်းမာရေးစနစ်ကို တည်ဆောက်ခြင်းအတွက် Electronic Basic များတွင် ဆောင်ရွက်လျက် ရှိကြောင်း၊

ဒုတိယအနေဖြင့် အမျိုးသား ကျန်းမာရေး စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် စောင့်ကြပ် ကြည့်ရှုရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများတွင် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများ ကိုးဖွဲ့၊ လူထုအခြေပြု ကျန်းမာရေး လုပ်သား မူဝါဒရေးဆွဲခြင်း (Strategic Directions for Financing Universal Health Coverage) အတွက် လေးဖွဲ့၊ လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ရန် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာ ရေးဆွဲခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှုကို တန်ဖိုး ထားသင့်၍ ပေးချေဝယ်ယူနိုင်ကြောင်း လေ့လာခြင်း (Pilot for Strategic Purchasing) အတွက် တစ်ဖွဲ့၊ အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့်ဆောင်ရွက်ခြင်း (Strategic Directions for Financing Universal Health Coverage) အတွက် လေးဖွဲ့၊ ဗဟိုအဆင့် ကျန်းမာရေး ဖိုရမ်များအတွက် တစ်ဖွဲ့၊ လူထုအခြေပြု ကျန်းမာရေး လုပ်သားမူဝါဒ ရေးဆွဲရန်အတွက် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ရှစ်ဖွဲ့နှင့် ဆောင်ရွက်ခြင်း၊ Health Facility Assessment အတွက် မြန်မာနိုင်ငံ ကျန်းမာရေးအသင်းနှင့် Community Partner Relationship များဖြင့် ဆောင်ရွက်ခြင်း၊ Basic Essential Package အတွက် World Bank နှင့်ဆောင်ရွက်ခြင်း၊ အမျိုးသား ကျန်းမာရေး အသုံးစရိတ်အတွက် World Health Organization ဖြင့် ဆောင်ရွက်ခြင်း၊ လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိရန် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာ လမ်းညွှန်ချက်အတွက် အဖွဲ့ ၁၃ ဖွဲ့ ဖြင့် ရေးဆွဲခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှုများကို တန်ဖိုးသင့် ပေးချေဝယ်ယူခြင်း၊ လေ့လာရေးဆိုင်ရာကို အဖွဲ့နှစ်ဖွဲ့ဖြင့် ရေးဆွဲခြင်း၊ လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေး ရရှိစေရန် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာ ရေးဆွဲခြင်းအတွက်ကို ပုဂ္ဂလိက အဖွဲ့အစည်း ခြောက်ဖွဲ့ဖြင့် ရေးဆွဲခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှုများကို တန်ဖိုးသင့် ပေးချေဝယ်ယူခြင်း လေ့လာရေးအတွက် အထွေထွေ ရောဂါကု ဆရာဝန်အသင်းနှင့် ဖွဲ့စည်း၍ ရေးဆွဲခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။

ဒေါက်တာဒေါ်ခင်စည်သ(လွိုင်ကော် မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီးဖြေကြားမှုတွင် ပြည်စုံသည်ဟု ထင်ရသော်လည်း ပြည့်စုံစွာဖြေပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ သို့သော် ဖြေကြားချက်တွင် Financial Strategy ကို တိတိကျကျ ပြောသွားသည်ကို မတွေ့ရကြောင်း၊ ထို့အချက်သည် အရေးကြီးသည့်ဘဏ္ဍာရေးကိစ္စ ဖြစ်နေသည့်အတွက် National Health Financial Strategy အတွက်ကို မည်ကဲ့သို့ ပြီးပြည့်စုံအောင် ဆွဲထားပြီးပြီလား ဆိုသည်ကို သိချင်ကြောင်း၊ ၎င်းကို လူထုများနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်များကို ချပြပြီးပြီလား၊ ထို့အပြင် Basic Essential Package of Health Services ကို ၂၀၂၁ ခုနှစ်တွင် ရမည်ဟု ပြောသည့်ကို အာမခံနိုင်ပြီလား။ ထို့အပြင် အမျိုးသား ကျန်းမာရေးဥပဒေကို ၎င်းစီမံကိန်းတွင် ရေးမည်ဟု ပြောထားကြောင်း၊ ၎င်းကို ဆွဲပြီးပြီလား၊ ထို့အပြင် တိုင်းရင်းသား အဖွဲ့အစည်းဖြစ်သည့် EHO (Ethic Health Organization) များကို ဖွဲ့ပြီး မူဝါဒများ ချမည်ဟု ၎င်းစီမံကိန်းတွင် ပါကြောင်း၊ ထို့အဆင့်ကို ဒုတိယဝန်ကြီးက မဖြေသွားကြောင်း၊ ထို့အချက်သည် Health as a Bridge for Peace အတွက် အင်မတန် အရေးကြီးကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ EHO အတွက်ကို လုပ်ပေးမည်ဆိုသည့် မူဝါဒများ ချပြီးပြီလား။ သိုမဟုတ် ခက်ခဲသည့် ကာလအတွင်းတွင် EHO များသည် ထိလွယ်၊ ရှလွယ်သည့် ပဋိပက္ခဧရိယာများတွင် ဝန်ဆောင်မှု ပေးနေသည့်အတွက် ၎င်းတို့၏ ကျန်းမာရေး ဝန်ထမ်းများကို မည်ကဲ့သို့ အသိအမှတ် ပြုမည်ကို သိလိုပါကြောင်း ဆက်စပ် မေးမြန်းပါသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်

ယခု မေးခွန်းကို မိမိအနေဖြင့် နောက်မှ ဖြေကြားခွင့်ပြုပါရန်နှင့် မိမိအနေဖြင့် စာဖြင့်ဖြစ်ဖြစ် ပြန်လည်ပြီး ဖြေကြားပေးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။