Skip to main content

၁၉၉၂ ခုနှစ်တွင် ဆောက်သည့် ဆေးရုံအဆောက်အဦ၊ လက်ရှိ ဆောက်သည့် အဆောက် အဦများ၊ ဆေးရုံအတွက် ဆောက်သည့် အဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများရှိကြောင်း၊ 

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မိမိမှ ပြည်ထောင်စု ဝန်ကြီးထံတွင် တိုက်ရိုက် တင်ပြသည့်အချိန်တွင် မိမိတို့ဒေသသည် အင်မတန်မှဝေးလံခက်ခဲသည့်အတွက် လမ်းပန်း ဆက်သွယ်ရေးအရ ၊ လူနာများ၏ ကျန်းမာရေးစောင့်ရှောက်မှုသည်  အင်မတန်မှ ခဲယဉ်းသည့် အတွက် မဖြစ်မနေ ခုတင်(၅၀) အဆင့်မှ ခုတင် (၁၀၀) အဆင့် ဆေးရုံ တိုးမြှင့်ပေးပါရန် တောင်းခံမှုအပေါ်တွင် အထက်ပါ အဆောက်အဦများကို ချပေးပြီး ဖြစ်ကြောင်း၊ အထက်ပါ အဆောက်အဦများကို ချပေးသည့်အတွက် ဒေသခံပြည်သူ များက အလွန်ပင် ဝမ်းသာဝမ်းမြောက် ဖြစ်ခဲ့ကြောင်း၊ လက်ရှိတွင် အဆောက်အဦများသည် ပြီးစီးနေပြီးဟု ပြော၍ရကြောင်း၊ ထို့ကြောင့် မိမိက ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ကြောင်း၊ သို့သော် မိမိခရီးလွန်နေခဲ့သည် ဖြစ်သည့်အတွက် စာအားဖြင့်သာ ပြန်လည် ဖြေကြားသည့်အချိန်တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ဖြေကြားချက်အရ ခုတင်(၁၀၀) ဖွဲ့စည်းပုံ ပေးမယ်ဆိုသည့် ကတိကဝတ်ကို ရခဲ့ကြောင်း၊ သို့သော် မည်သည့်အချိန် မည်သည့်ရက်တွင် ဖွဲ့စည်းပေးမည်ကို ထပ်မံမေးရခြင်း ဖြစ်ကြောင်း၊ အဆောက်အဦ ရပြီးကြောင်း၊  သို့သော် မိမိတို့ မတူပီမြို့၏ လက်ရှိအနေအထားသည် တာဝန်ခံ ဆရာဝန် တစ်ဦးနှင့် Assistance တစ်ဦး၊ သွားဖက်ဆိုင်ရာ တစ်ဦး သုံးဦးဖြင့်သာ လူနာများကို ကုသသည့်အတွက် လူနာများကို နိုင်နိုင်နင်းနင်း ကုသပေးနိုင်ခြင်း မရှိသည့်အပြင် မိမိတို့တွင် စက်ကိရိယာ အပြည့်အစုံ မရှိသည့် အခက်အခဲ၊ အထူးကု ဆရာဝန်မရှိသည့် အခက်အခဲများကြောင့် မိုင် ၁၀၀ ရှိသည့် မင်းတပ်မြို့ကို သွားပြီး ဆေးကုသရကြောင်း၊ မင်းတပ်မြို့တွင် မတတ်နိုင်ပါက ပခုက္ကူ၊ မန္တလေး၊ ရန်ကုန် စသည်ဖြင့် ဆက်ပြီးကုသရသည့်အတွက် ဒေသခံပြည်သူများအတွက် အင်မတန်မှ ခက်ခဲကြောင်း၊ ချင်းပြည်နယ်သည် အင်မတန် ဆင်းရသည့် ပြည်နယ် ဖြစ်ကြောင်း၊  သို့သော် ကျန်းမာရေးအတွက် မဖြစ်မနေ ကုသရသည့်အချိန်တွင်  နှစ်စဉ်နှစ်တိုင်း ပြည်သူများ၏ ဆေးကုသစရိတ် ပြည်မတွင် လာရောက်ပြီး ဆေးကုသသည့် စရိတ်သည် မနည်းကြောင်း၊ ထို့ကြောင့် မကုသနိုင်သည့် လူများသည် ဒီအတိုင်း ဒီဘဝ အဆုံးသတ်ခဲ့ရခြင်းများ အမြောက်အမြား ရှိခဲ့ကြောင်း၊ တချို့သည် ဆေးကုသရန်လာသည့်အချိန် လမ်းတွင်ကံမကောင်းစွာဖြင့် ဆုံးပါးသွားရသည်များ အမြောက် အမြား ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများက အဆောက်အဦ ပြီးပြီဖြစ်သည့်အတွက် မည်သည့်နေ့၊ မည်သည့်ရက်တွင် ဖွဲ့စည်းပုံကို အမြန်ဆုံးချပေးပြီးဖွဲ့စည်းပုံတွင်ပါသည့်ဆရာဝန်များကို ချပေးပြီး ခွင့်ပြုပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်

မတူပီမြို့နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ခုတင်(၅၀)ဆံ့ ပြည်သူ့ ဆေးရုံ တစ်ရုံ၊  ရေဇာ တိုက်နယ်ဆေးရုံ၊ လိုင်လင်းပီ တိုက်နယ်ဆေးရုံ၊ လုံးလွန်း တိုက်နယ်ဆေးရုံ စုစုပေါင်း ဆေးရုံ လေးရုံဖွင့်ထားပြီး ဖြစ်ကြောင်း၊ မတူပီမြို့ ပြည်သူ့ဆေးရုံ၏ ဆေးရုံ လုပ်ငန်းဆောင်ရွက် ချက် ငါးနှစ်စာတွင် တစ်နှစ်ပျမ်းမျှ အတွင်းလူနာ ၂၀၁၈ ခုနှစ်တွင် ၃၆ ဦး၊ ဆေးရုံခွင့်ပြုခုတင် အသုံးချမှုနှုန်းတွင် ၇၄.၉၉ ရာခိုင်နှုန်း၊ ဆေးရုံတစ်နေ့ပျမ်းမျှ လူဦးရေ ငါးနှစ်စာ ပျမ်းမျှ ၃၁ ဦး၊ ဆေးရုံခွင့်ပြုခုတင် အသုံးချမှု ရာခိုင်နှုန်း ငါးနှစ်စာပျမ်းမျှ ၆၃.၂၉ ရာခိုင်နှုန်း ရကြောင်း၊ မတူပီမြို့ ပြည်သူ့ဆေးရုံသည် မင်းတပ်မြို့ ပြည်သူ့ဆေးရုံနှင့် ၁၀၂ မိုင်၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် ၁၀၇ မိုင်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသ ဖြစ်ပါသဖြင့် အရေးပေါ်လူနာများ လွှဲပြောင်းကုသခံယူရန်အတွက် အခက်အခဲများစွာ ကြုံနေရသည်ကို သိရှိကြောင်း၊

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ချင်းပြည်နယ်၊ မတူပီမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ ဖွဲ့စည်းပုံခွင့် ပြုမိန့်ရရှိရေးအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့သို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ၁၆-၅-၂၀၁၉ ရက်စွဲပါ စာအမှတ်၊၂၂မခ(ထ)၂၀၁၉(၅၉၇)/၇၈၃၀ ဖြင့် အဆောက် အဦ ဆောက်လုပ်ရန်အတွက် မြေနေရာလုံလောက်မှု ရှိ/မရှိ၊ အဆောက်အဦ ထပ်မံဆောက်လုပ် ရန် လို/မလို၊ နယ်မြေဒေသ အခြေအနေနှင့် မြေပြင် အမှန်တကယ် လိုအပ်မှု ရှိ/မရှိ တို့ကို စိစစ် ပြန်ကြားပေးနိုင်ပါရန် သဘောထားမှတ်ချက်တောင်းခံခဲ့ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ ၅-၇-၂၀၁၉ ရက် ရက်စွဲပါ စာမှတ်၊ ၄/၈-၇(၁)/ဦး ၃ ဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် နယ်မြေအခြေအနေနှင့် မြေပြင်အခြေအနေအရ ခုတင်အဆင့် တိုးမြှင့်ပေးသင့်ပါကြောင်း အကြောင်းပြန်ကြားစာကို မိမိတို့လက်ခံရရှိခဲ့ကြောင်း၊ မိမိတို့ ခုတင်အဆင့်မြှင့်တင်ရေးအတွက် ဖွဲ့စည်းပုံ တင်ပြရန် အဆင့်ရှစ်ဆင့်လိုအပ်သည့် ဖြစ်ကြောင်း၊ ဆေးရုံအသစ် ဖွင့်လှစ်ရန်နှင့် အဆင့်မြှင့်တင်ခြင်းအတွက် လိုအပ်သည့် အချက်အလက်ပြည့်စုံပါက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ အဆိုပြုချက် ၁၀ စုံ တင်ပြရကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ မြေပြင် အမှန်တကယ် လိုအပ်မှု ရှိ/မရှိကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်းရကြောင်း၊ အဆင့်နှစ်အထိ ပြီးစီးသွားပြီ ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ လိုအပ်ချက်စာများနှင့် အဆိုပြု တင်ပြချက်များကို (က) ဥက္ကဋ္ဌ စီမံကိန်းနှင့် ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့နှင့် (ခ) စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ ညှိနှိုင်းတင်ပြရကြောင်း၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်ပြီး ဖွဲ့စည်းပုံအစည်းအဝေး ပြုလုပ်ရကြောင်း၊ ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ထောက်ခံပါ သတင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ဆက်လက်တင်ပြရန် စီစဉ်ရကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထောက်ခံချက်အပြည့်အစုံနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအရုံးသို့ အစည်း အဝေးသို့ ဆက်လက်တင်ပြရကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ တံဆိပ်တုံးပါ စာဖြင့် ထောက်ခံပါကြောင်း အကြောင်းကြားစာရပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကုသရေး ဦးစီးဌာနသို့ လိုအပ်သလို ဆောင်ရွက်ရန် အကြောင်းကြားရကြောင်း၊ ကုသရေးဦးစီးဌာနမှ အစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ် သဘောတူညီချက်ဖြင့် ခွင့်ပြုမိန့်စာ ထုတ်ပေးရခြင်းဖြစ်ကြောင်း၊

ချင်းပြည်နယ်၊ မတူပီမြို့နယ် ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံအား ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ အဖြစ်သို့ တိုးမြှင့်နိုင်ရန် ဖွဲ့စည်းပုံ ခွင့်ပြုမိန့် ထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ၆-၆-၂၀၁၉ ရက်စွဲပါဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ အမှတ်(၃၇-၂၀၁၉) ပါမူဝါဒများ စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့မှ ထုတ်ပြန်သည့် သတ်မှတ်ချက်များနှင့်အညီ အဆိုပြုချက်များ အား ဥက္ကဋ္ဌ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဌာနသို့လည်းကောင်း ညှိနှိုင်းတင်ပြ၍ သဘောတူညီချက် ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ဆက်လက်တင်ပြပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် တင်ပြဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။