Skip to main content

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရွာငံမြို့ကြီး ဟန်မြစ်မိုရ် ပြည်ထောင်စုလမ်းမကြီး၏ ဘေးမိုင်တိုင်အမှတ်(၁၉) ရှမ်းလေး ထမင်းဆိုင်အနီးတွင် ၇-၇-၂၀၁၉ မှတ်တမ်းဓာတ်ပုံများအရ ဒေါက်တာ သန်းထိုက်ဦး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဟု ဗီနိုင်း ဆိုင်းဘုတ် ထောင်ပြီး  မြေလွတ်၊ မြေရိုင်း လုပ်ပိုင်ခွင့်ရကြောင်း ကြော်ငြာထားကြောင်း၊ အများပြည်သူများအနေဖြင့် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ထင်ယောင် ထင်မှားဖြစ်ပြီး မိမိထံသို့မေးခွန်းပေါင်းများစွာ မေးမြန်းကြကြောင်း၊ အမှန်တကယ် မသိရှိပါက လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က မြေလွတ်၊ မြေရိုင်းများကို လျှောက်ပြီး ရယူထားသည့် ပုံစံဖြစ်နေကြောင်း၊

ရွာငံ၊ ဟန်မြင့်မိုရ်မြို့ကြီး ပြည်ထောင်စုလမ်းမကြီး၏ ဘေးတွင် ထောင်ထားသည့် ဆိုင်းဘုတ်တွင် ဒေါက်တာသန်းထိုက်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဟု ဖော်ပြထားကြောင်း၊ ဆိုင်းဘုတ်ကို မနေ့ကရိုက်ပြီး မိမိထံသို့ ဒေသခံများ ရိုက်ပို့သည့်ပုံရှိကြောင်း၊ မေးခွန်းမေးသည့် အချိန် ယနေ့အချိန်ထိ ဆိုင်းဘုတ် ရှိကြောင်း၊

မိမိတို့ နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ  ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲများ လုပ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲများ လုပ်ကြောင်း၊ နိုင်ငံရေး ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ် လောင်းများဟု  ဝင်ပြိုင်ကြကြောင်း၊ ရွေးကောက်ပွဲများ ပြီးသွားကြောင်း၊ အနိုင်ရသည့် ကိုယ်စားလှယ်၊ ရှုံးနိမ့်သည့်ကိုယ်စားလှယ် ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကာလမဟုတ် သည့်အချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုပြီး အများသူငါသွားနေသည့် လမ်းဘေး ဝဲ/ယာကြီးတွင် ကြော်ငြာထားခြင်းသည် အများပြည်သူများအတွက် ရှုပ်ထွေးမှုများ အများကြီး ဖြစ်စေကြောင်း၊ တစ်နိုင်ငံလုံးက ကိုယ်စားလှယ်လောင်းများ ထိုကဲ့သို့ ရေးကြပါက ပိုရှုပ်ကုန်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အများပြည်သူ ထင်ယောင် ထင်မှားဖြစ်မည် စိုးရိမ်သည့် အတွက် သိရှိလိုသည်မှာ နံပါတ်(၁) ရွေးကောက်ပွဲ ကာလမဟုတ်သည့် အချိန်တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းဟု ရေးသားတင်ပြထားခြင်းသည် ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နည်းဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ၊ နံပါတ်(၂) ဥပဒေနှင့် မညီညွတ်ဘူးဆိုပါက မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်နည်း နံပါတ်(၃) တစ်နိုင်ငံလုံးအတိုင်းအတာတွင် အလားတူ ဖြစ်စဉ်များ မည်မျှရှိသနည်း၊ ထိုကဲ့သို့မဖြစ်စေရန် မည်ကဲ့သို့စီစဉ်ဆောင်ရွက်မည်ကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေး

ရှမ်းပြည်နယ်၊ ရွာငံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမင်း၏ မေးခွန်းသည် ရွေးကောက်ပွဲကာလမဟုတ်သည့်အချိန်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းဟု ရေးသားကြေညာထားခြင်းသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်း ရှိ/မရှိ၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိပါက မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာတွင် အလားတူ ဖြစ်စဉ်များ မည်မျှရှိပါသနည်း၊ နောင်မဖြစ်အောင် မည်ကဲ့သို့ စီစဉ်ဆောင်ရွက် သည်ကို သိရှိလိုခြင်း ဟု မေးမြန်းထားမှုရှိကြောင်း၊     

လွှတ်တော်ကိုယ်စားလှယ်လောင်းဟု သုံးစွဲဖော်ပြခွင့်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၂ အရ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်  ဝင်ရောက်ယှဉ်ပြိုင်လိုသူတစ်ဦးသည် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက်ဖြစ်ပါက တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့လည်းကောင်း၊ ကျန်မဲဆန္ဒနယ် များအတွက် ဖြစ်ပါက ပြည်ထောင်စု နယ်မြေ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကော်မရှင် အဖွဲ့ခွဲနှင့်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့လည်းကောင်း သတ်မှတ်ထားသည့်အတိုင်း အမည်စာရင်းတင်သွင်းလွှာကို တင်သွင်းရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းလွှာကို အထက် ဖော်ပြပါ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်းသည့်နေ့မှစ၍ လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ယေဘုယျအားဖြင့် သုံးစွဲခွင့် ရှိကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် လောင်းအမည်စာရင်းတင်သွင်းလွှာ တင်သွင်းပြီးသည့်နောက် အမည် စာရင်းတင်သွင်းလွှာသည် သတ်မှတ်ချက်များနှင့် ညီညွတ်မှု ရှိ/မရှိကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၄ အရ အမည်စာရင်း တင်သွင်းလွှာကို လက်ခံထားသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စိစစ်ရပြီး သတ်မှတ်ချက် များနှင့် ညီညွတ်ပါက သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၆ ပုဒ်မခွဲ(က)အရ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက် တင်မြှောက်ခံ ပိုင်ခွင့်ရှိသူဖြစ်ကြောင်း သတ်မှတ်ကြေညာသည့် နေ့မှစ၍ ရွေးကောက်တင်မြှောက် ပြီးသည်အထိ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တရားဝင်သုံးစွဲခွင့် ရှိကြောင်း၊ ရွေးကောက် တင်မြှောက်ခြင်းမခံရသူသည် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက်သုံးစွဲခွင့် မရှိကြောင်း၊

သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အမည်စာရင်းတင်သွင်းလွှာကို စိစစ်ပြီးသည့် နောက် သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်း မရှိသည့်အတွက် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၆ ပုဒ်မခွဲ(ခ)အရ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိသူဖြစ်ကြောင်း သတ်မှတ်ကြေညာခြင်း ခံရသူသည် လည်းကောင်း၊ ပုဒ်မ ၂၆ ပုဒ်မခွဲ(ခ)အရ ချမှတ်သည့်အမိန့်ကို မကျေနပ်၍ အယူခံလျှောက်ထား ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်/ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက ငြင်းပယ်ခြင်းခံရသူသည်လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဆက်လက် သုံးစွဲပိုင်ခွင့် မရှိကြောင်း၊

ရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက် သုံးစွဲခွင့်ရှိသည့် အခြေအနေများသည့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူအား ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းခြင်း၊ ပြင်ဆင်မှုနှင့် အယူခံမှုများ တင်သွင်းခြင်း၊ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်တင်သွင်းခြင်း၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ အခန်း(၁၃)ပါ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ တိုင်တန်းလျှောက်ထားခြင်းစသည့် ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ်များတွင်သာသုံးစွဲခွင့်ရှိပြီး အခြားကိစ္စရပ်များတွင် သုံးစွဲခွင့်မရှိ ကြောင်း၊

ထို့ကြောင့် မေးခွန်းပါ ရွေးကောက်ပွဲကာလမဟုတ်သည့်အချိန်တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းဟု ရေးသားကြေညာထားခြင်းသည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း၊ သို့ရာတွင် ထိုကဲ့သို့ ရေးသား ကြေညာထားပါက မည်ကဲ့သို့အရေးယူဆောင်ရွက်ရမည်ကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေတွင် ပြဋ္ဌာန်းထားခြင်း မရှိပါကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ် လောင်းအမည်သုံးစွဲကာ ၎င်း၏ပြုမူဆောင်ရွက်ချက်များအပေါ် အခြေပြု၍ သက်ဆိုင်ရာတည်ဆဲ ဥပဒေတစ်ရပ်ရပ်အရသာ ဆက်လက် ဆောင်ရွက် သင့်ပါကြောင်း၊

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အလားတူဖြစ်စဉ်များ မည်မျှရှိပါသနည်း ဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ယခင်က ယင်းကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခြင်း မရှိခဲ့ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နောင်အလားတူဖြစ်စဉ်များ မပေါ်ပေါက်စေရန်အတွက် ရွေးကောက်ပွဲကာလ မဟုတ်သည့်အချိန်များတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်သုံးစွဲခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများနှင့် အခြားသက်ဆိုင်သည့် အဖွဲ့အစည်းများ၊ သက်ဆိုင်သည့် ပုဂ္ဂိုလ်များသို့ ကြေညာချက် ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဦးအောင်စိုးမင်း (ရွာငံ မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ရွေးကောက်ပွဲကော်မရှင် နည်းဥပဒေ ၈၄ တွင် ကော်မရှင်သည် အရည်အချင်း ပျက်ယွင်းသည်ဟု ရွေးကောက်ပွဲခုံအဖွဲ့က ဆုံးဖြတ်ခံရသည့်  လွှတ်တော် ကိုယ်စားလှယ်များ၊ ရှုံးနိမ့်လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် အမည်စာရင်းများကို ကော်မရှင်ကြေညာချက်ဖြင့် ထုတ်ပြန် ကြေညာရမည်၊ နည်းဥပဒေပုဒ်မ ၈၄ တွင် ယင်းကြေညာချက်ကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရန် ဆောင်ရွက်ရမည်။ နိုင်ငံတော်ပြန်တမ်းတွင် ရှုံးနိမ့်သည့်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လောင်းများကို  ထုတ်ပြန်ပေးရ ကြောင်း၊ ထို့ကြောင့် မိမိတို့သည် နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ပြီးပြီ၊ ယခု အများပြည်သူ သွားလာနေသည့် လမ်းဘေးကြီးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဟု  လုပ်ထားကြောင်း၊ ထို့ကြောင့် မိမိတို့ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေတွင် အရေးယူရန်၊ မိမိလည်း ရွေးကောက်ပွဲကော်မရှင်ဥပဒေ အစအဆုံး ဖတ်ကြောင်း၊ အရေးယူရန်  ဥပဒေ မရှိကြောင်း၊ ထို့ကြောင့် ဥပဒေ ပြင်ဆင်ရန် ရှိပါသလား၊ မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေး

ယနေ့အထိ လွှတ်တော်ရွေးကောက်ပွဲဥပဒေများတွင် လွှတ်တော်ကိုယ်စားလှယ်ကြီး အဆိုပြုသည့် အတိုင်း ပြင်ဆင်ရန် လျာထားထားခြင်း မရှိသေးကြောင်း၊ ယခု တင်ပြချက်အရ ဆက်လက်တင်ပြ ဆောင်ရွက်သွားနိုင်စရာရှိပါက ဆက်လက်ပြီး ဥပဒေများ ပြင်သည့်အချိန်တွင် လွှတ်တော်မှ တစ်ဆင့် ယခုကိစ္စကို ပြင်နိုင်ကြောင်း၊ မိမိတို့သည် ဥပဒေထဲတွင် လောလောဆယ် မရှိသည့်အကြောင်းကို တင်ပြခြင်း ဖြစ်ကြောင်း၊ ယခု ဖြစ်ပျက်သွားသည့်ကိစ္စသည်  လမ်းဘေးတွင်ထောင်ထားသည့် ဆိုင်းဘုတ်တွင် သုံးစွဲထားခြင်းသည် မသင့်လျော်ဘူး ဆိုသည့် အကြောင်းကို သက်ဆိုင်ရာပုဂ္ဂိုလ်ကို အကြောင်းကြားပြီး တားမြစ်သွားမည် ဖြစ်ကြောင်း ဖြေကြား ပါသည်။