Skip to main content

နိုင်ငံတော်၏စီးပွားရေးတိုးတက်စေရန်အတွက် SME ကဏ္ဍက အလွန်အရေးကြီးပြီး ကမ္ဘာတွင် လက်ရှိဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သော ဂျပန်နိုင်ငံ၊ ဂျာမနီနိုင်ငံတို့သည် SME အပေါ်တွင် အခြေခံပြီး တိုးတက်သွားကြခြင်း ဖြစ်ပါကြောင်း၊ မကြာခင်က လွှတ်တော်တွင် မိမိဆွေးနွေးတင်ပြခဲ့သော ပြည်ပနိုင်ငံများကို Migrant ဖြစ်သွားသော မြန်မာလုပ်သား Issue ကို ဖြေရှင်းနိုင်ရန်အတွက် Job Creation တွင် SME ကိုအားပေးခြင်းက အထူးအရေးကြီးပါကြောင်း၊ ပြည်တွင်းတွင် SME လုပ်ငန်း သုံးသောင်းနီးပါးရှိပြီး SME ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကလိုအပ်သည်မှာ အရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်တို့ ဖြစ်ပါကြောင်း၊ ယခုမေးခွန်းက အရင်းအနှီးရအောင် ဘဏ်များမှ ချေးငွေ ဖန်တီးပေးနိုင်မှုနှင့် သက်ဆိုင်ပါကြောင်း၊ လုပ်ငန်းတော်တော်များများက မိမိတို့၏ ကိုယ်ပိုင်ငွေဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ဘဏ်ချေးငွေအပေါ်တွင် အားပြုကြပါ ကြောင်း၊ ဘဏ်ချေးငွေမရပါက ပြင်ပမှ အတိုးကြီးကြီးပေးပြီး ချေးငှားရပါကြောင်း၊ ဘဏ်ချေးငွေ ချေးသည့်အခါ သုံးပိုင်းရှိပါကြောင်း၊ ပထမပိုင်းက ဘဏ်များက Collateral ယူပြီး ချေးငှားကြခြင်း ဖြစ်ပြီး အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် သုံးနှစ်ချေးခြင်း ဖြစ်ပါကြောင်း၊ ဒုတိယပိုင်းက JICA ကရသော Two Step Loan ရထားသည့် SME Development Bank ၊ KBZ ၊ AYA ၊ CB ၊ MCB ၊ MAB ၊ FPB UAB စသော PFI ဘဏ်များကချေးပေးသော Loan ဖြစ်ပါကြောင်း၊ SME Development Bank ကဲ့သို့ SME အထူးပြုပြီး လုပ်ကိုင်နိုင်စွမ်းရှိသောဘဏ်များကို ချေးငှားစေခြင်းက ရေရှည်တွင် ပိုမိုပြီးသင့်လျော်မည် ဖြစ်ပါကြောင်း၊ ဘဏ်ခုနစ်ဘဏ်ကချေးထားရာတွင် အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းဖြင့် ငါးနှစ်ချေးပေးပါကြောင်း၊ ယခုအထိ ထုတ်ချေးပြီးသော လုပ်ငန်းရှင်အရေအတွက် ၆၄၃ ဦး ရှိပြီး ၁၂၆ ဘီလီယံကျော် တန်ဖိုးရှိပါကြောင်း၊ JICA က Loan ရရှိချိန်တွင် အတိုးနှုန်းက ဝ.၀၁ ရာခိုင်နှုန်းသာရှိသော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနက ၄ ရာခိုင်နှုန်းယူ၊ ဘဏ်များက ၄.၅ ရာခိုင်နှုန်းယူနေသည့်အတွက် သာမန်ချေးငွေကဲ့သို့ အတိုးနှုန်း ၁၃ ရာခိုင်နှုန်းမပေးရသော်လည်း ၈.၅ ရာခိုင်နှုန်းဖြစ်နေသေးသည့်အတွက် SME လုပ်ငန်းရှင်များအဖို့ များလွန်းနေပြီး နိုင်ငံတကာ လုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်နိုင်မှုမှာ အားနည်းနေသည့်အတွက် နိုင်ငံတော်အနေဖြင့် SME ကို အမှန်တကယ်ကူညီလိုသော စေတနာရှိပါက ၎င်း JICA ချေးငွေ ၈.၅ ရာခိုင်နှုန်း အတိုးနှုန်း ရယူနေခြင်းကို ပြန်လည်သုံးသပ်ပေးရန်အတွက် တင်ပြလိုပါကြောင်း၊

SME လုပ်ငန်းရှင်များကို ချေးပေးသောသက်တမ်းက အင်မတန်တိုတောင်းပါကြောင်း၊ ဗဟိုဘဏ် ၏ ၅/၂၀၁၇ နှင့် ၇/၂၀၁၇ ညွှန်ကြားချကများသည် ဘဏ်များကို ချုပ်ကိုင်ရုံသက်သက်သာ အလုပ်ဖြစ်ပြီး SME လုပ်ငန်းရှင်များအတွက် ထည့်ပြီးမစဉ်းစားသလို ဖြစ်နေပါကြောင်း၊ လုပ်ငန်း တစ်ခုလုပ်သည်မှာ Internal Rate of Return အရေးကြီးပါကြောင်း၊ IRR (၁၀)နှစ်ဆိုတာ ထန်ကုန်ဖြစ်ပါကြောင်း၊ ၎င်းလုပ်ငန်းမျိုးလုပ်သောလုပ်ငန်းရှင်က သုံးနှစ် သို့မဟုတ် ငါးနှစ်အတွင်း အရင်း၊ အတိုးပြန်ဆပ်ရမည်ဆိုသည်မှာ လက်တွေ့တွင် အကျိုးမပြုနိုင်ပါကြောင်း၊ လုပ်ငန်းရှင်ကို ချေးငွေအသစ်ထုတ်ချေးနိုင်ရန်အတွက် Frequency များများ ချေးပေးချင်လို့ ထိုကဲ့သို့လုပ်‌သည် ဆိုသော်လည်း ရှေ့ကပြန်ဆပ်ရမယ့်လူကလည်း အဆင်မပြေ၊ နောက်ကချေးငွေယူမည့်သူ အတွက်လည်း သိပ်ပြီးအကျိုးရှိသည့်လုပ်ငန်း မဟုတ်သည့်အတွက်ကြောင့် ဗဟိုဘဏ်အနေဖြင့် ပြန်လည်သုံးသပ်ပြီး ဖြေလျှော့မှုများ ပြုလုပ်ရန်လိုအပ်နေပြီဟု ပြောကြားလိုပါကြောင်း၊ တတိယ ပိုင်းက Credit Guarantee Insurance စနစ်ဖြင့် ချေးပါကြောင်း၊ ၁၀ ဘီလီယံကျော်သာ ချေးနိုင်ပြီး Function သိပ်မကောင်းသေး၍ အထူးတင်ပြစရာမရှိပါကြောင်း၊ ထို့ပြင် ဗဟိုဘဏ် အနေဖြင့် ၅/၂၀၁၇ ညွှန်ကြားချက်တွင် NPL ကို ၅ ရာခိုင်နှုန်း သတ်မှတ်ထားခြင်းသည် Foundation မကောင်းသည့် Banking Sector ကို တွန်းလှဲသလိုဖြစ်ပြီး Bankrupt ဖြစ်မှာကို စိုးရိမ်းမကင်း ဖြစ်မိပါကြောင်း၊ ဘဏ်များ၏ သဘောသဘာဝနှင့် Category မခွဲခြားဘဲ NPL ကို ၅ ရာခိုင်နှုန်း သတ်မှတ်ခြင်းသည့် မဖွံ့ဖြိုးသေးူသည့် ပြည်တွင်းဘဏ်များအတွက် များစွာဘဲ ဝန်ထုပ် ဝန်ပိုးဖြစ်စေပါကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများတွင် NPL Ratio (၅)ရာခိုင်နှုန်းအောက်ကို လျှော့ချနိုင်သော်လည်း တောင်အာရှနိုင်ငံများတွင် NPL Ratio သည် 8-10 Percent အထိ ရှိနေသည့်အတွက် မိမိတို့နိုင်ငံတွင် NPL Ratio ကို ၅ ရာခိုင်နှုန်းသတ်မှတ်ထားခြင်းကိုလည်း ပြန်လည်သုံးသပ်ပြီး ဘဏ်တစ်ခုချင်းစီ၏ သဘောသဘာဝအပေါ်မူတည်ပြီး သတ်မှတ်ပေးနိုင်ရန် တင်ပြလိုပါကြောင်း၊ Commercial Bank ကိုသတ်မှတ်သည့် NPL တစ်မျိုး၊ SME Bank ကို သတ်မှတ်သည့် NPL တစ်မျိုး၊ Housing Bank ကိုသတ်မှတ်သည့် NPL တစ်မျိုး၊ သတ်မှတ်မှ သာလျှင် ဘဏ်များအနေဖြင့် လုပ်ငန်းရှင်များကို ချေးငွေထုတ်ချေးပေးနိုင်ပြီး လုပ်ငန်းရှင်များ အနေဖြင့်လည်း ချေးငွေကို အသုံးပြုပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးသွားနိုင် မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒါကြောင့် NPL သတ်မှတ်ရာတွင် နိုင်ငံ၏ စီးပွားရေးအခြေအနေ အပေါ်မှာ အခြေခံပြီး  သတ်မှတ်သင့်ပါကြောင်း၊

ဗဟိုဘဏ်၏ ၅/၂၀၁၇၊ ၇/၂၀၁၇ ညွှန်ကြားချက်များသည် ဘဏ်များနှင့် ပြည်တွင်း လုပ်ငန်းရှင်များကို လုပ်သာကိုင်သာမရှိအောင် ဖြစ်စေပါကြောင်း၊ ထို့ကြောင့် (က) SME ချေးငွေများကို ယခုကျင့်‌သုံးနေသည့် စနစ်ထက် ပိုမိုဖြေလျှော့ပေးနိုင်ခြင်းရှိ/မရှိ၊ (ခ) ဗဟိုဘဏ် အနေဖြင့် NPL ကိုသတ်မှတ်ရာတွင် ဘဏ်တစ်ခုချင်းစီ၏ သဘောသဘာဝအပေါ် မူတည်ပြီး သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း

ပထမဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်များကချေးငွေထုတ်ချေးသည့် လုပ်ငန်းစဉ် အပေါ် ဖြေလျှော့ပေးမှုများကို တင်ပြမည်ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် ယခင်က မြေနှင့် အဆောက်အဦအပေါင်ပစ္စည်းဖြစ်သာ ချေးငွေများရယူနိုင်သော်လည်း ယခုအခါမှာ အခြားအပေါင် ပစ္စည်းများကို ကျောထောက်နောက်ခံပြု၍ဖြစ်စေ၊ အပေါင်ပစ္စည်းမပါဘဲဖြစ်စေ ချေးငွေများ ထုတ်ချေးခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ယခင်ကချေးငွေများကို သက်တမ်းတစ်နှစ်သာ ထုတ်ချေးခွင့် ပြုခဲ့သော်လည်း ယခုအခါ သုံးနှစ်အထိထုတ်ချေးခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ယေဘုယျအားဖြင့် ချေးငွေသက်တမ်းကို သုံးနှစ်သာခွင့်ပြုထားသော်လည်း ချေးငွေစုစုပေါင်း၏ ၅ ရာခိုင်နှုန်းအထိ အိမ်ရာချေးငွေများအတွက် သုံးနှစ်ထက်ပိုသည့် သက်တမ်းဖြင့် ထုတ်ချေးခွင့်ကို ခွင့်ပြုထား ပြီးဖြစ်ပါကြောင်း၊

 အဆိုပါသတ်မှတ်ရာခိုင်နှုန်းအတွင်း အိမ်ရာချေးငွေများမှအပ အခြားချေးငွေများကိုလည်း သုံးနှစ် ထက်ပိုပြီး ထုတ်ချေးခွင့်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြပြီး ခွင့်ပြုချက်ရရှိက ထုတ်ချေး နိုင်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်ပ SME များချေးငွေရရှိရေးသည် တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးသည့်ကိစ္စရပ်ဖြစ်သည်ကို အပြည့်အဝ လက်ခံ ထားရှိပြီး ဖြစ်သည့်အတွက် အထက်ပါ ယေဘုယျဖြေလျှော့ချက်များအပြင် SME ချေးငွေ များနှင့် စပ်လျဉ်းပြီး သတ်မှတ်ချက်များကို လျှော့ပေါ့ပေးရန် ဘဏ်များကတင်ပြလာခဲ့လျှင် အလေးအနက် ထား စဉ်းစားပေးသွားမည်ဖြစ်ပါကြောင်း၊

ဒုတိယပိုင်းအနေဖြင့် ဘဏ်များက SME ချေးငွေများ ထုတ်ချေးရာတွုင် ဘဏ်လုပ်ထုံးလုပ်နည်း များကို အောက်ပါအတိုင်း ဖြေလျှော့ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ (က) ချေးငွေရရှိဖို့ ထောက်ခံချက်ရ ယူရာတွင် ကျပ်သိန်း ၂၀၀ အထိ CGI ချေးငွေများကို လုပ်ထုံးလုပ်နည်းရေးဆွဲစဉ်က စက်မှု ကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာန၏ ထောက်ခံချက်တင်ပြရန် သတ်မှတ်ခဲ့သော်လည်း လုပ်ငန်းရှင်များ၏ တင်ပြချက်အရ MSME Member Card ဖြင့်သာ လက်ခံဆောင်ရွက်ပေးရန် ဖြေလျှော့ပေးထားပြီး ကျပ်သိန်း ၁၀၀၀ အထိ ချေးငွေများအတွက် MSME Agency ထောက်ခံချက် ရယူရန် သတ်မှတ်ချက်အစား စက်မှုကြီးကြပ်ရေးစစ်ဆေးမှုဦးစီးဌာန၏ လုပ်ငန်းရှင်ဖြစ်ကြောင်း ထောက်ခံချက်ကိုသာရယူရန် ဖြေလျှော့ ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ (ခ) ဘဏ္ဍာရေးရှင်းတမ်းများ တင်ပြသည့်ကိစ္စနှင့်ပတ်သက်၍ ကျပ်သိန်း ၁၀၀၀ အောက်ချေးငွေများအတွက် လုပ်ငန်း၏ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများကို ပြင်ပစာရင်းကိုင်များအား အခကြေးငွေပေး၍ ရေးဆွဲ တင်ပြရန် မလိုဘဲ ဘဏ်ခွဲမန်နေဂျာမှ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးချက်အရ ပြုစုတင်ပြရန် ဖြေလျှော့ပေး ခဲ့ပါကြောင်း၊ (ဂ) အခွန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ သုံးနှစ်တာကာလအတွင်း နှစ်တစ်နှစ်၏ အသားတင်အမြတ်ငွေ ကျပ်သိန်း ၁၀၀ အောက်သာရှိ အငယ်စား လုပ်ငန်း များအတွက် ဝင်ငွေခွန်ပြေစာတင်ပြရခြင်းကို ကင်းလွတ်ခွင့်ပြုခဲ့ပါကြောင်း၊ တစ်နှစ် ရောင်းရငွေ ကျပ်သိန်း ၅၀၀ အောက်ရှိ အသေးစားလုပ်ငန်းများအား ကုန်သွယ်လုပ်ငန်းခွန် ထမ်းဆောင်သည့် ပြေစာတင်ပြ ရခြင်းကို ကင်းလွတ်ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ (ဃ) လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်နှင့် ပတ်သက်၍ ပုဂ္ဂလိက စက်မှုလုပ်ငန်းလိုင်စင် သို့မဟုတ် ဌာနအဖွဲ့အစည်းက ထုတ်ပေးထားသည့် လုပ်ငန်း လိုင်စင် သို့မဟုတ် မြို့နယ်စည်ပင်သာယာရေးကော်မတီများမှထုတ်ပေးသည့်လိုင်စင် တစ်ခုခုကို တင်ပြရန် ဖြေလျှော့ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ (င) မြန်မာစီးပွားရေးဘဏ်မှထုတ်ချေးသည့်  ချေးငွေ MEB၊ MSME နှင့် JICA ချေးငွေများမှတစ်ဆင့် ထုတ်ချေးသော JICA MSME Two Step Loan ဟူ၍ နှစ်မျိုးရှိရာ  JICA ချေးငွေအနေဖြင့် သက်တမ်းသုံးနှစ်မှ ငါးနှစ်အထိ ထုတ်ချေးလျက် ရှိပါကြောင်း၊ ချေးငွေပြန်လည်ပေးဆပ်ရမှုနှင့်ပတ်သက်၍ ချေးငွေသုံးနှစ် ဖြစ်ခဲ့လျှင်  တစ်နှစ်ဆိုင်းငံ့ နှစ်နှစ်အတွင်း အရစ်လေးရစ် ပြန်ဆပ်ရန်၊ လေးနှစ်ဖြစ်ခဲ့ပါက တစ်နှစ်နှင့်ခြောက်လဆိုင်းငံ့၊ နှစ်နှစ် ခြောက်လ ငါးရစ်အရင်းဆပ်ရန်၊ ငါးနှစ်ဖြစ်ပါက နှစ်နှစ်ဆိုင်းငံ့ သုံးနှစ်အတွင်း ခြောက်ရစ် အရင်း ပြန်ဆပ်ကာလများဖြစ်ပါကြောင်း၊ ဆိုင်းငံ့ကာလများအတွင်း အရင်းပေးဆပ်ရန်မလိုဘဲ အတိုးကို သာ သုံးလတစ်ကြိမ် ပုံမှန်ပေးသွင်းရမည်ဖြစ်ပါကြောင်း၊

(စ)  မြန်မာ့စီးပွားရေးဘဏ်၏ အများပြည်သူအပ်ငွေမှ ထုတ်ချေးသော MEB MSME များမှာ မရွှေ့ပြောင်းနိုင်သည့်  မြေအဆောက်အဦနှင့်တွဲဖက်ရှိ စက်ပစ္စည်းကို အပေါင်အာမခံပစ္စည်းအဖြစ် ရယူထုတ်ချေးလျက်ရှိပြီး တန်ဖိုးလျှော့ပြီး စက်ပစ္စည်း၏ ၅၀ ရာခိုင်နှုန်းကို Margin တန်ဖိုး တွက်ချက်ပြီး စိစစ်ထုတ်ချေးလျက်ရှိပါကြောင်း၊ JICA MSME Two-Step Loan များမှာ စက်ပစ္စည်းကို အပေါင်အာမခံအဖြစ် ရယူထုတ်ချေးခြင်းမရှိသေးသော်လည်း မူဝါဒနှင့်‌ကိုက်ညီပြီး လုပ်ငန်းခိုင်မာ ကောင်းမွန်ပါက ချေးငွေအမှုတစ်ခုချင်းအလိုက် စက်ပစ္စည်းများကို အပေါင်အာမခံ ပစ္စည်းအဖြစ် ရယူထုတ်ချေးနိုင်ရေးအတွက် ဖြေလျှော့ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ (ဆ) JICA MSME Two-Step Loan များချေးရာမှာ ချေးငွေ၏ ၈၀ ရာခိုင်နှုန်းကို ပုံသေပိုင်ပစ္စည်းအတွက် ရင်းနှီးမြှုပ်နှံမှုတွင် လည်းကောင်း၊ ၂၀ ရာခိုင်နှုန်းကို လည်ပတ်သုံးစွဲငွေ အဖြစ်လည်းကောင်း သတ်မှတ်ထားသော်လည်း မြန်မာ့စီးပွားရေးဘဏ်မှ အများပြည်သူအပ်နှံငွေမှ ထုတ်ချေးလျက်ရှိသည့် MEB MSME ချေးငွေများမှ ချေးငွေ၏ ၅၀ ရာခိုင်နှုန်းကို ပုံသေ ပိုင်ဆိုင်ပစ္စည်းအတွက်လည်းကောင်း၊  ရင်းနှီးမြှုပ်နှံရန်အတွက် လည်းကောင်း၊ ၅၀ ရာခိုင်နှုန်းကို လှည့်ပတ်သုံးစွဲငွေအဖြစ်လည်းကောင်း သုံးစွဲရန်သတ်မှတ်ခြင်းဖြင့် ဖြေလျှော့ပေးခဲ့ပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်၏ အပ်ငွေမှထုတ်ချေးသော MEB MSME ချေးငွေများမှာ မရွှေ့ပြောင်း နိုင်သော မြေနှင့်အဆောက်အဦကို အပေါင်ပစ္စည်းအဖြစ်ပေးအပ်ပါက တစ်နှစ်လျှင် ၉ ရာခိုင်နှုန်း၊ CGI ဖြစ်ပါက ၉ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်း၊ စက်ပစ္စည်းအာမခံအပေါင်ပစ္စည်းပေးပါက ၉ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းသတ်မှတ်ထားပြီး JICA MSME Two-Step Loan ချေးငွေတွင် မရွှေ့ပြောင်းနိုင်သော မြေနှင့်အဆောက်အဦကို အပေါင်အာမခံပစ္စည်းပေးပါက တစ်နှစ်လျှင် ၈.၅ ရာခိုင်နှုန်း၊ CGI ဖြစ်ပါက ၉ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ထားပါကြောင်း၊ CGI စနစ်ဖြင့် ထုတ်ချေးရာတွင် ချေးငွေလျှောက်ထားသည့် လုပ်ငန်းများသည်  MSME ပြိုင်ပွဲများတွင် ဆုရသူဖြစ်က အခြားပုံမှန်လုပ်ငန်းများထက် အတိုးနှုန်း လျော့နည်းသတ်မှတ် ထုတ်ချေးလျက်ရှိ ပါကြောင်း၊

ယခင်က JICA MSME Two-Step Loan ချေးငွေစီမံကိန်းသည် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းများ(Participating Financial Institution-PFI)ဖြစ်သည့် ဘဏ်တစ်ခုသည် MSME ချေးငွေလုပ်ငန်းရှင်ကို တစ်ကြိမ်ချေးပြီးပါက ချေးငွေပြေပြီးနောက် နောက်ထပ်တစ်ကြိမ် ထပ်မံလျှောက်ထားလို့ မရရှိနိုင်သော်လည်း ယခုအခါ PFI များအနေဖြင့် ဘဏ်တစ်ခုကနေ MSME Two-Step Loan ချေးငွေရယူထားသည့် MSME ပိုင်ရှင်သည် အခြား PFI ဘဏ်များတွင် အများဆုံးသတ်မှတ်ချက်ချေးငွေဖြစ်သည့် ကျပ်သိန်း ၅၀၀၀ မပြည့်ပါက ထပ်ပြီး ချေးငွေလျှောက်ထားရယူနိုင်အောင် ဖြေလျှော့ထားပါကြောင်း၊

တတိယပိုင်းအနေဖြင့် SME များသည် ချေးငွေရရှိရန် ပြင်ဆင်ရန်လိုအပ်သည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြမည်ဖြစ်ပါကြောင်း၊ SME များအနေနှင့် စီးပွားရေးလုပ်ငန်းတစ်ရပ်အဖြစ် စနစ်တကျ ဆောင်ရွက်လုပ်ကိုင်မှုနှင့် စီမံအုပ်ချုပ်မှု အလွန်အားနည်းကြပြီး မိသားစုလုပ်ငန်းပုံစံမျိုး ဆောင်ရွက်ကြသည်များ များပါကြောင်း၊ လုပ်ငန်းဝင်ငွေနှင့် အသုံးစရိတ်ကို မိသားစုဝင်ငွေနှင့် အသုံးစရိတ် ခွဲခြားထားခြင်း မရှိပါကြောင်း၊ တစ်နည်းအားဖြင့် လုပ်ငန်းစီမံချက်(Business Plan)၊ လုပ်ငန်းအရအသုံးစာရင်း(Budget)စသည်များ စနစ်တကျထားလေ့မရှိဘဲ အခွန်ပေးဆောင်မှုမှာ လည်း အားနည်းမှုရှိကြသည့်အတွက် အထိုက်အလျေက် ပြင်ဆင်မှုမရှိပါက ချေးငွေရရှိနိုင်သည့် အခွင့်အလမ်း နည်းနေဆဲဖြစ်မည်ဖြစ်ပါကြောင်း၊ ဘဏ်များအနေဖြင့် လုပ်ငန်းတစ်ခုကို ငွေချေးရန် အခြေခံ စဉ်းစားရာတွင် ငွေရေးကြေးရေးရှင်းတမ်းများ (Financial Statement)များကို သုံးသပ်မှုပြုခြင်းဖြစ်သည့်အတွက် အဆိုပါစာရင်းအင်းများ မရရှိနိုင်ခြင်း၊ လုပ်ငန်းကို မည်သည့် ပုံစံဖြင့် လုပ်ကိုင်နေသည်ကို မသိရှိနိုင်ခြင်း စသည့်အခြေအနေမျိုးတွင် ချေးငွေထုတ်ချေးရန် အခွင့်အလမ်း အလွန်နည်းပါးသွားမည်ဖြစ်ပါကြောင်း၊ အခွန်ထမ်းဆောင်ခြင်းသည် လုပ်ငန်းကို အမှန်တကယ်လုပ်ကိုင်ခဲ့ကြောင်း၊ မြတ်စွန်းမှုရှိကြောင်းနှင့် အခွန်ဆောင်ရန် ငွေရေးကြေးရေး ရှင်းတမ်းများ ပြုစုထားရှိခြင်းဖြစ်ကြောင်းကို ဖော်ပြထားခြင်းဖြစ်သည့်အတွက် ဘဏ်များက လုပ်ငန်းကိုစိစစ်ရာတွင် အထောက်အကူပြုစေပြီး ၎င်းအချက်အလက်များကို သင့်လျော်သည့် အဆင့်တစ်ခုထားရှိမှသာ ဘဏ်ချေးငွေများရရှိနိုင်ရန် အခွင့်အလမ်းဖြစ်ကြောင်း၊ ထို့ကြောင့် SME များအနေဖြင့် အဆိုပါအချက်အလက်များနှင့် ပတ်သက်ပြီး လိုအပ်ချက်များကို ပြင်ဆင်မှုပြုသင့် ပါကြောင်း၊

SME များကို JICA Two-Step Loan တွင် 0.1 Percent ဘဲရှိပြီး  MEB က 4 Percent ယူ၍ Participating Bank များက ၈.၅ ယူခြင်းသည် အတိုးနှုန်းမြင့်သွားသည်မှာ မှန်သော်လည်း  နောက်ခံအခြေခံသဘောတရားက အင်မတန်အရေးကြီးပါကြောင်း၊  အဓိကက သတ်မှတ်ခဲ့သည် Central Bank နှင့် သက်ဆိုင်ရာဘဏ်များက သတ်မှတ်ခြင်း မဟုတ်ဘဲ JICA ကိုက သတ်မှတ် ခဲ့ခြင်းဖြစ်ပါကြောင်း၊ အကြောင်းရင်းသည် (၁) ချေးငွေကို ပထမ ဦးဆုံးစချေးသည်မှာ မြန်မာ့ စီးပွားရေးဘဏ်ကို စချေးပြီး မြန်မာ့စီးပွားရေးဘဏ် က ပြန်ဆပ်ချိန်တွင် Japanese Yen နှင့် ပြန်ဆပ်ရမည်ဖြစ်သည့်အတွက် နိုင်ငံခြား Currency ဖြင့်  ပြန်ဆပ်ရမည်ဖြစ်ရာ Exchange Loss ဖြစ်လာနိုင်ပါကြောင်း၊ ဒုတိယအချက်က Participating Bank သည့် 8.5 Percent ဖြင့် ချေးခြင်းကြောင့် Interest ကွာခြားချက်သည် 4.5 Percent ရှိပါကြောင်း၊ အဆိုပါ  4.5 Percent ကလည်း Normally Loan များတွင် ပေးသည်မှာ 5 Percent ပေးထားသည်ပင် အမှန်တစ်ကယ် ယင်းတို့၏ Real Interest Gain က 1.5 Percent မှ 1.7 Percent ခန့်အထိသာရှိသည့်အတွက် ယခုထက်လျှော့ယူမည်ဆိုပါက Participating Bank များသည် အရှုံးနှင့် ကြီးကြီးမားမား ရင်ဆိုင်ရမည်ဖြစ်ခြင်းကြောင့် အတိုးနှုန်းကို 4 Percentနှင့် 8.5 Percent ဟူ၍ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊

နောက်တစ်ချက်အနေဖြင့် 8.5 Percent ထက် လျှော့ပြီး ချေးမည်ဆိုပါက ချေးငွေကို သူတို့က အလုပ်မလုပ်ဘဲ ဘဏ်တွင်ထည့်ကာ စာချုပ်ဝယ်ထားပြီး သုံးနိုင်သည့်အတွက် အားလုံးအချက် အလက်များအရ ယခုနှုန်းသည် Reasonable ဖြစ်၍ သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊

ဒုတိယပိုင်းအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနှင့် ဘဏ်များကို လုပ်ငန်း ဆောင်ရွက်ခွင့် ပြုခြင်းနှင့် ကြီးကြပ်ကွပ်ကဲရာတွင် မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ(Financial Institution Law-2016)နှင့် ယင်းဥပဒေအရထုတ်ပြန်သည့် စည်းမျဉ်းလေးခုအရ ဆောင်ရွက် ပါကြောင်း၊ ၎င်းစည်းမျဉ်းများသည် (၁) မတည်ငွေရင်းလုံလောက်မှုဆိုင်ရာ စည်းမျဉ်း (Capital Adequacy Regulation)၊ (၂) ရပိုင်ခွင့်များ အမျိုးအစားသတ်မှတ်ခြင်းနှင့် လျာထားခြင်းဆိုင်ရာ စည်းမျဉ်း(Asset Classification and Provisioning Regulations)၊ (၃) ပမာဏကြီးမားသော ကြွေးမြီများဆိုင်ရာ စည်းမျဉ်း(Large Exposures Regulation)၊ (၄) ငွေကြေးလွယ်ကူမှု အချိုး သတ်မှတ်ချက်ဆိုင်ရာ စည်းမျဉ်း(Liquidity Ratio Requirement Regulation) တို့ဖြစ်ပါကြောင်း၊ ဥပဒေနှင့်စည်းမျဉ်းများကို ဘဏ်များအားလုံးအတွက် သတ်မှတ်ခြင်းဖြစ်သည့်အတွက် ယင်း ဥပဒေနှင့် စည်းမျဉ်းများအရ NPL များကိုသတ်မှတ်ရာတွင်လည်း ဘဏ်တစ်ခုချင်းစီအတွက် သီးခြားသတ်မှတ်ခွဲခြားရန် မဖြစ်နိုင်ပါကြောင်း၊ ယင်းသတ်မှတ်ချက်များသည်လည်း အပြည်ပြည် ဆိုင်ရာကျင့်‌သုံးနေသည့် စံနှုန်းများဖြစ်ပါကြောင်း၊

 အထက်ပါ စည်းမျဉ်းအရ သတ်မှတ်ချက်များသည် အချိုးအစားဖြင့် သတ်မှတ်ချက်ဖြစ်သည့် အတွက် ဘဏ်၏ အရွယ်အစားကြီးမားခြင်း၊ သေးငယ်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှု ပမာဏ (Transaction Magnitude) ကြီးမားခြင်း၊ သေးငယ်ခြင်းများနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘဏ်များကို သီးခြားခွဲခြားသတ်မှတ်ရန် မလိုခြင်းဖြစ်ပါတကြောင်း၊ NPL များအပါအဝင် အထက်ဖော်ပြခဲ့သည့်  တိုင်းတာမှုစံနှုန်းများသည် ဘဏ်တစ်ခု၏ ခိုင်မာတောင့်တင်းမှုကို တိုင်းတာခြင်းဖြစ်ပြီး ယင်း အချိုး များက ဘဏ်၏ခိုင်မာတောင့်တင်းမှု သို့မဟုတ် အားနည်းမှုများကို ဖော်ပြခြင်းဖြစ်ပါကြောင်း နှင့် အားနည်းမှုများရှိခဲ့ပါက ကုစားရန်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို သတ်မှတ်ထား ပြီးဖြစ်ပါ ကြောင်း၊ တစ်နည်းအားဖြင့် ဘဏ်အခြေအနေမှန်ကို ဘဏ်ကိုယ်တိုင်လည်းကောင်း၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လည်းကောင်း သိရှိပြီး အချိန်မီကုစားဆောင်ရွက်သွားနိုင်ရန် နည်းလမ်းရှာပေးခြင်းဖြစ်ပါကြောင်း၊ သို့ပါ၍ ဗဟိုဘဏ်အနေဖြင့် ဘဏ်တစ်ခုချင်းစီ၏ သဘော သဘာဝအပေါ်မူတည်ပြီး NPL များကို သတ်မှတ်ပေးရန်ကိစ္စသည်မဖြစ်နိုင်ပါကြောင်းနှင့် NPL များကို ဘဏ်များအားလုံးအတွက် တစ်ပြေးညီ သတ်မှတ်ဆောင်ရွက်သော်လည်း ၎င်း NPL များ လျော့ကျရေးအတွက် ချဉ်းကပ်ဆောင်ရွက်ရာတွင် တစ်ဘဏ်နှင့်တစ်ဘဏ်မတူဘဲ အဆိုပါဘဏ် အတွက် အကောင်းဆုံးဖြစ်နိုင်မည့် သင့်လျော်သည့် နည်းလမ်းကို ရွေးချယ်ဆောင်ရွက်ပါ ကြောင်း၊  ယူဆချက်လွဲနေသည့် တစ်ခုမှ NPL (5)Percent သတ်မှတ်ထားသည်မှာ မဟုတ်ပါကြောင်း၊ ယင်းသို့ သတ်မှတ်ထားသည်ဆိုသည်မှာ နှစ်တစ်နှစ်လျှင် NPL 5 Percent အထက် ရှိနေခဲ့ပါက ယင်းဘဏ်အနေဖြင့် အဆိုပါနှစ်တွင် အမြတ်ကို ခွဲဝေမပေးရဘဲ ဘဏ်ထဲ သိမ်းထားပြီး ဘဏ်၏တောင့်တင်းခိုင်မာမှုအတွက်ကို ဆောင်ရွက်နိုင်အောင် သတ်မှတ်ခြင်းဖြစ်ပါ ကြောင်း၊ NPL (5)Percent ကျော်သွားလျှင် Warning ဖြစ်ပါကြောင်း၊ NPL မည်မျှရှိရမည်ဟူ၍ တိုက်ရိုက် ညွှန်ကြားထားခြင်းမျိုး မရှိပါကြောင်း၊ ထို့ကြောင့် ယခုအခါ ဘဏ်များအနေဖငြ့် Risk အခြေ အနေကို သေသေချာချာ သုံးသပ်ပြီး လုပ်ငန်းကို ဆောင်ရွက်လာသည်ကို တွေ့ရသည့်အတွက် အများကြီးတိုးတက်မှု ရှိလာပါကြောင်း၊

နောက်တစ်ချက်အနေဖြင့် SME တွင် တကယ်ဖြစ်နေသည့်  SME က Two Step Loan များ အများကြီးပေးပြီး  MEB ကလည်း 250 Billion ခန့် ထပ်ချေးရန် လုပ်ထားပါကြောင်း၊ တစ်ချိန်တုန်းက မိမိတို့မှာ ရှိသည့် ပြဿနာသည် Funding ချေးမယ့်ငွေကြေးကို မရရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ငွေကြေးတွေ အများကြီးရှိပြီး အောင်အောင်မြင်မြင် ထုတ်ချေးနိုင် မည်ဆိုပါက နောက်ထပ် ငွေကြေးပံ့ပိုးမှုများ  ရရှိလာမှာဖြစ်ပါကြောင်း၊ အဲဒီချေးငွေတွေကို ချေး လိုက်သည်မှာ လွယ်ကူသော်လည်း ပြန်ကောက်သည့်အချိန်သည် အရေးကြီးသည့်  အစိတ် အပိုင်းဖြစ်လာသည့်အတွက် ယခုအချိန်တွင် ရှိနေသည့် ပြဿနာသည် Qualified ဖြစ်သော SME များ ရရှိလာရန် ဖြစ်ပါကြောင်း၊ ချေးငွေအပိုင်းတွင် ဖြေလျှော့နိုင်သည်များအားလုံးကို ဖြေလျှော့ပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးမောင်မြင့်(မင်းကင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိအနေဖြင့် SMS Development Bank တွင် ဥက္ကဋ္ဌအဖြစ် သုံးနှစ်နီးပါး တာဝန်ယူဖူးပါကြောင်း၊ JICA ကချေးသည့် ချေးငွေသည် ယန်းအနေနှင့် ရရှိပြီး ပြန်ဆပ်ချိန်တွင် မြန်မာနိုင်ငံ၏ Money Inflection အရ ရှုံးတောင်ရှုံးသွားမည်ဟု ဖြေခဲ့သည်နှင့် စပ်လျဉ်း၍ မိမိသိမှီရသလောက် နိုင်ငံခြား Loan တစ်ခုရသည်ဆိုပါက နိုင်ငံခြား Loan ကို  စင်ကာပူနိုင်ငံရှိ ဘဏ်တချို့တွင် Insurance သွားရောက်လုပ်ပါက ထိုက်သင့်သလောက်မရှုံးပါကြောင်း၊ ယင်းကို ဒုတိယဥက္ကဋ္ဌကြီးတို့ လေ့လာ ကြည့်ပါရန် အကြံပြုတင်ပြလိုပါကြောင်း၊

ယခုအချိန်တွင် ပြည်တွင်းဘဏ်နှင့်  ပြည်တွင်းလုပ်ငန်းရှင်များပါ အခက်အခဲများစွာ ကြုံတွေ့ နေရသည်မှာ အရှိတရားဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ဘဏ်လုပ်ငန်းများ၊ လုပ်ငန်းရှင်များ၊ ပြည်သူများပါ အသံထွက်ပြီးအော်နေကြသည်ကို ဗဟိုဘဏ်က သိရှိခြင်း ရှိ/ မရှိနှင် သိရှိပါက ဗဟိုဘဏ်အနေဖြင့် အစိုးရအနေဖြင့် ညွှန်ကြားချက်များကိုသာ အသေဆုပ်ကိုင်ပြီး ဘဏ်တွေ ပြိုကျတာကို ကြည်‌့နေမည်လား သို့မဟုတ် ဘဏ်လုပ်ငန်းရှင်များနှင့် မျက်နှာချင်းဆိုင် တွေ့ပြီး ဆွေးနွေးပြီး ပြင်ဆင်ရန် ဆုံးဖြတ်ရမည့် အချိန်ရောက်နေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ဗဟိုဘဏ် အနေဖြင့် ဘဏ်လုပ်ငန်းရှင်များကို ဖိတ်ကြားတွေ့ဆုံပြီး လက်ရှိ ကြုံတွေ့နေရသည့် အခက် အခဲကို ‌ဖြေရှင်း ကျော်လွှားနိုင်မည့် ညင်သာပျော့ပျောင်းသော Solution တစ်ခုရရှိအောင် ညှိနှိုင်း ရှာဖွေရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း

လုပ်ငန်းရှင်တွေအခက်အခဲတွေ့နေသည်ကို မိမိတို့ သိရှိပါကြောင်း၊ သို့သော် ဘဏ်တွေက ထုတ်ချေးသည့် ငွေကြေးသည် ဘဏ်၏ ပိုက်ဆံမဟုတ်ဘဲ ပြည်သူ ပိုက်ဆံဖြစ်ပါကြောင်း၊ ဘဏ် များ၏ တာဝန်က ယုံကြည်စွာအပ်နှံထားသည့် ငွေကြေးများကို စနစ်တကျစီမံခန့်ခွဲရန် ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တာဝန်ကလည်း ဘဏ်များအနေဖြင့်  ငွေကြေးကို စနစ် တကျစီမံခန့်ခွဲမှုရှိ/မရှိ ကြီးကြပ်ကွပ်ကဲရမည်ဖြစ်ပါကြောင်း၊   ထို့ကြောင့် ငွေကြေး တစ်ခုကို ထုတ်ချေးပြီဆိုပါက ဘဏ်များအနေဖြင့် Terms and Condition တွေ အမြဲတမ်း သတ်မှတ်ထားပါကြောင်း၊

ယခုဆိုလျှင် သုံးနှစ်ထုတ်ချေးခွင်‌့ပေးထားပြီး Grid Period ခေါ်သည့် အရင်းပြန်မဆပ်ရသည့် ကာလက တစ်နှစ်ခန့်နှင့် အတိုးပြန်ဆပ်ရန်၊ ပြီးလျှင် အတိုးနှင့် အရင်းပြန်ဆပ်ရန် စသည့် Condition မျိုးရှိပါကြောင်း၊ ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များ အခက်အခဲတွေ့သည်ကို လက်ခံ ပါကြောင်း၊

သို့သော် တချို့ချေးငွေများသည် စတင် ချေးငွေယူစဉ်ကပင် အတိုးရော၊ အရင်းရော ပြန် မဆပ်သည့် ချေးငွေတွေအမြောက်အမြားရှိပါကြောင်း၊ ယခုအချိန်တွင် ဘဏ်များမအနေဖြင့်င Regulation များထွက်လာပြီး စနစ်များ၊ စာရင်းဇယားများကို လိုက်နာရခြင်းကြောင့် ဘဏ၏ အခြေအနေကို သိလာသည့်အတွက် ထုတ်ချေးသည့် ငွေများကိုလည်း ကန့်သတ်လာပါကြောင်း၊

ငွေထုတ်ချေးခြင်းသည် အင်မတန် လွယ်ကူသော်လည်း Collection ပြန်လုပ်ရာတွင် အရမ်းကို ခက်ခဲပါကြောင်း၊ ထို့ကြောင့် ဘဏ်များအနေဖြင့် ထုတ်ချေးငွေများကို ပိုပြီးဂရုတစိုက်စိစစ် လာပါ ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဘဏ် ချေးငွေကို  မဆပ်သည်မှာ ခြောက်လ၊  နှစ်နှစ်၊ သုံးနှစ်ဖြစ်လာပြီဆိုပါက ယင်းတို့ကို ထိထိရောက်ရောက်ကိုင်တွယ်ရတော့မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်တွေဘက်ကသာ စဉ်းစား၍ မရဘ ယုံကြည်စွာနှင့် ဘဏ်မှာ လာအပ်နှံထားသည့် ပြည်သူ့ငွေကြေးဆုံးရှုံးမှု မရှိနိုင်အောင် ကာကွယ်ရန်သည်သာ အဓိကဘဏ်များ တာဝန် ဖြစ်ပါကြောင်း၊  လုပ်ငန်းရှင်တွေအတွက် ဘဏ်များက လိုအပ်သည်ထက် ပို၍ လိုက်လျောမှု အများကြီး လုပ်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် ယခုအချိန်တွင် ယင်းတို့အနေဖြင့်လည်း ကိုယ့်၏ Finical Position ကို ပြန်ပြီး တောင့်တင်းလာအောင် တည်ဆောက်နေသည့် အနေအထားမျိုးဖြစ်သည်ဟု မိမိမြင်ပါကြောင်း၊

Central Bank အနေဖြင့် Specific ညွှန်ကြားခြင်းမျိုးမရှိဘဲ General Guidelineများ ချပေး ပါကြောင်း၊ ဘဏ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ၏ Finical Sectors ပါ ကောင်း ကောင်းမွန်မွန်လည်ပတ်နိုင်သည့် Environment တစ်ခုကို ဖန်တီးသည့်  Regulation များကို မိမိတို့အနေဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ General Guideline များပေါ် မူတည်ပြီး ဘဏ်များအနေဖြင့် အဆိုပါ Guidline များနှင့်ကိုက်ညီအောင် ပြည်သူ ပိုက်ဆံဆုံးရှုံးမှု နည်းအောင် စသည့် ရည်ရွယ်ချက်မျိုးနှင့် ဆောင်ရွက်ကြခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် Central Bank အနေဖြင့် Individual ဖြစ်နေသည့်  လုပ်ငန်းရှင်များ ပြဿနာများကို တတ်နိုင် သလောက် ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး အချိန်များလည်း အများကြီးစောင်‌့ခဲ့ပြီးဖြစ်သည့်အတွက် ထပ်မံ၍ အလျှော့ပေး ဆောင်ရွက်ရန် အနေအထားမျိုး မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။