Skip to main content

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် ယခင်ကကုန်စည်များသယ်ယူပို့ဆောင်ရာတွင် အသုံးပြုခဲ့ သော မီးရထားလမ်းဟောင်းရှိပါကြောင်း၊ ၎င်းမီးရထားလမ်းသည် အလုံမြို့နယ်ရပ်ကွက်များ အလယ် တည့်တည့်တွင် ဖြတ်ဖောက်ထားသောလမ်းလည်းဖြစ်ပါကြောင်း၊ ယခုအခါ မီးရထားလမ်း အသုံးပြုခြင်းမရှိသည်မှာ ၁၀ နှစ်ကျော်ကြာပြီဖြစ်သည့်အတွက် ၎င်းလမ်းတစ်လျှောက် အိမ်များ၊ ဆိုင်များ၊ ခြုံနွယ်များနှင့်ပိတ်ဆို့ပြီး မီးရထားလမ်းနှင့်ထိစပ်နေသည့် ပြည်သူများမှာလည်း စိုးရိမ်မှု၊ ပူပန်မှုများစွာရှိကြပါကြောင်း၊ ရေရှည်တွင် ဒုစရိုက်သမားများခိုအောင်းရာနေရာလည်း ဖြစ်ပေါ် လာနိုင်ပါကြောင်း၊

မီးရထားလမ်းနှင့် လူနေအိမ်များကြားတွင် အမည်မသိဝင်ပြီးနေထိုင်ကြသောအဆောက်အဦများစွာ ရှိပါကြောင်း၊ လိုင်စင်မဲ့အလုပ်ရုံများ၊ဂိုဒေါင်များနှင့် ကျူးကျော်အိမ်များလည်းရှိပါကြောင်း၊

ယခုလက်ရှိ လူနေအိမ်များနှင့် မီးရထားလမ်း၏ နှစ်ဖက်ကြားတွင် မီးရထားလမ်းမြေဖြစ်သည့်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကလည်း ရေ၊ မီး၊ မိလ္လာစနစ်ကို ကောင်းကောင်းဝင်ယူမ ဆောင်ရွက်ပါကြောင်း၊ ထိုကဲ့သို့ဖြစ်လာသည့်အခါ ၎င်းတိုက်ခန်းများတွင် ဘေးတစ်ဖက်တစ်ချက်တွင် နေသည့်အိမ်များမှ ပြည်သူများက နွေရာသီတွင်လည်း မီးရေး၊ ထင်းရေးကိစ္စအတွက် များစွာစိုးရိမ် ပူပန်မှုရှိပါကြောင်း၊ အမည်မသိသူများစွာ ဝင်ရောက်နေထိုင်နေသောကြောင့် ၎င်းတို့၏လုံခြုံရေးကို လည်း အများကြီးစိုးရိမ်ပူပန်သည့်အတွက် မီးရထားလမ်းဘေးတစ်ဖက်တစ်ချက်ကို သန့်ရှင်းရေး ပြုလုပ်ပြီး မီးရထားလမ်း၏ ဘေးဘယ်/ညာတွင် နယ်မြေသတ်မှတ်ပြီး ခြံစည်းရိုးခတ်ရန် ပြည်သူအားလုံးက တောင်းဆိုကြပါကြောင်း၊

ရေရှည်တွင် ဒုစရိုက်သမားများခိုအောင်းရာနေရာလည်း  ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ မီးရထားလမ်းကို ဆက်ပြီးအသုံးပြုမည်ဆိုပါက မီးရထားလမ်းဘေး ဘယ်/ညာတစ်လျှောက်တွင် ခြံစည်းရိုးခတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ခြံစည်းရိုးခတ်ပြီး၊ ဆက်လက်အသုံးမပြုဘူးဆိုရင်လည်း ၎င်းမြေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို လွှဲအပ်ပြီး‌ စနစ်တကျစီမံဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ၎င်းမီးရထားလမ်း၏ဘေးတစ်ဖက်တစ်ချက်မှာနေထိုင်ကြသော ပြည်သူများ၏ နောက်ဖေး လမ်းကြားအမှိုက်၊ မိလ္လာစနစ်ဆောင်ရွက်ရာတွင် လွတ်လပ်စွာလုပ်ကိုင် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ မီးရထားလမ်းဟောင်းအား ဆက်လက် အသုံးပြုရန် အစီအစဉ်ရှိ/မရှိနှင့် မီးရထားလမ်းဟောင်းမြေအား တိုင်းတာသတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ ကို သိလိုပါကြောင်းမေးမြန်းပါသည်။


 

ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်းရှိ မီးရထားလမ်းဟောင်းသည် ကြည့်မြင်တိုင်-ဝါးတန်း ရထားလမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါကြောင်း၊ ၎င်းရထားလမ်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေပြု၍ ကုန်စည်တင်ပို့မှုလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဖောက်လုပ်ထားသော စုစုပေါင်း ၂.၃၂ မိုင်အရှည်ရှိ တံတားလမ်းဖြစ်ပြီး စမ်းချောင်းမြို့နယ်၊ အလုံမြို့နယ်နှင့် ဆိပ်ကမ်းမြို့နယ်တို့အတွင်း ဖြတ်သန်းသွားပါကြောင်း၊

ကြည့်မြင်တိုင်-ဝါးတန်းရပ်ရထားလမ်းသည် ယခင်က အမှတ်(၉၂၇) အဆန်နှင့် (၉၂၈) အစုန်ကုန် ရထားများပြေးဆွဲ၍ ကြည့်မြင်တိုင်မှတစ်ဆင့် မန္တလေး(မြို့ဟောင်းသို့) ကုန်စည်တင်ပို့မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း ၁-၅-၂၀၁၁ ခုနှစ်နောက်ပိုင်းမှစ၍ ကုန်စည်တင်ပို့မှုလမ်းကြောင်း၏ ပြောင်းလဲလာခဲ့သည့်အခြေအနေများအရ အဆိုပါကုန်ရထားများပြေးဆွဲမှုကို ယာယီရပ်ဆိုင်း ထားခဲ့ပါကြောင်း၊ ရထားဖြင်‌့ ကုန်စည်ပို့ဆောင်မှုလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပုဇွန်တောင်(စက်ဆန်းကုန်ရုံ)၊ ဓနိတောဆိပ်ကမ်း၊ ဗိုလ်တထောင်ကုန်ရုံ၊ ဝါးတန်းလမ်းကုန်ရုံများကို အဓိကအခြေပြု၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓနိတောဆိပ်ကမ်းနှင့် ဗိုလ်တထောင်ကုန်ရုံတို့သို့ ပုဇွန်တေ‌ာင်ဘက်မှလည်းကောင်း၊ ဝါးတန်းကုန်ရုံသို့ ကြည့်မြင်တိုင်ဘက်မှလည်းကောင်း ကုန်ရထား များဝင်/ထွက်နိုင်စေရန်နှင့် ပင်မရထားလမ်းကြီးများဖြစ်သည့် ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-ပြည်လမ်းတို့နှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဝင်/ထွက်နိုင်စေရန်အတွက် ရထားလမ်းကွန်ရက်ကို စနစ်တကျ တည်ဆောက်ထားပါကြောင်း၊ ကြည့်မြင်တိုင်-ဝါးတန်းရထားလမ်းသည် အလုံမြို့နယ် အတွင်းရှိ ရထားလမ်းဟောင်းကို ဖယ်ရှားလိုက်ပါက ကြည့်မြင်တိုင်ဘက်မှ ဝါးတန်းလမ်းကုန်ရုံသို့ ကုန်ရထားများပြေးဆွဲနိုင်မှုရှိတော့မည် မဟုတ်ပါကြောင်း၊

ဂျပန်နိုင်ငံ ODA ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ အဆင့်(၁) လုပ်ငန်းဖြစ်သော ရန်ကုန်-တောင်ငူရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ စတင်ဆောင်ရွက်တော့မည်ဖြစ်သဖြင့် လက်ရှိတွင် အဆန်လမ်းနှင့်အစုန်လမ်းဟူ၍ နှစ်လမ်းသွားစနစ်ဖြင့် ရထားများပြေးဆွဲနေရာမှ စီမံကိန်းဆောင်ရွက်မည့်ကာလအတွင်း၌ ရန်ကုန်နှင့် တောင်ငူကြားရထားလမ်းတစ်လျှောက် ရထား လမ်းတစ်လမ်းတည်းကိုသာအသုံးပြုရန် အစုန်/အဆန် ရထားများကိုပြေးဆွဲရမည်ဖြစ်ပြီး ၎င်းရထား လမ်းပြေးဆွဲမှုအတွက် အသုံးပြုနေသည့်ရထားလမ်းကိုလည်း တစ်ရက်အတွင်း လေးနာရီမှ ရှစ်နာရီအထိ ရထားပြေးဆွဲမှုခေတ္တရပ်ဆိုင်းပေးထားရမည်ဖြစ်သဖြင့် အဆိုပါရထားလမ်းမှာ ကုန်ရထားများပြေးဆွဲရန် အခက်အခဲရှိလာမည် ဖြစ်ပါကြောင်း၊ ၎င်းအခြေအနေတွင် ရန်ကုန်မှ မန္တလေးသို့ ကုန်စည်တင်ပို့မှုလုပ်ငန်းတစ်စိတ်တစ်ပိုင်းကို  ဝါးတန်းလမ်းကုန်ရုံ၌ အခြေပြု လုပ်ဆောင်ပြီး ကြည့်မြင်တိုင်-ဝါးတန်းရထားလမ်းကိုအသုံးပြု၍ ကြည့်မြင်တိုင်မှ ပြည်လမ်းအတိုင်း မှော်ဇာလမ်းဆုံ၊ အောင်လံ၊ ဆတ်သွား၊ ပျဉ်းမနားလမ်းကြောင်းမှတစ်ဆင့် မန္တလေး (မြို့ဟောင်း)သို့ ကုန်ရထားများပြေးဆွဲနိုင်ရန်နည်းလမ်းကို စီမံလျာထားပါကြောင်း၊

ထို့အပြင် ADB ချေးငွေဖြင့်ဆောင်ရွက်မည့် ရန်ကုန်-ပြည်ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းကို စတင်အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် စီမံကိန်းဆောင်ရွက်မည့် ကာလအတွင်း၌ ရေကြောင်းမှသယ်ဆောင်လာမည့် တည်ဆောက်ရေးပစ္စည်းများကို ဆူးလေ ဆိပ်ကမ်းမှာချယူပြီးနောက် ကြည့်မြင်တိုင်-ဝါးတန်းရထားလမ်းမှတစ်ဆင့် ပြည်လမ်းပိုင်းသို့ပို့ဆောင် ရမည်ဖြစ်ပါကြောင်း၊ ကြည့်မြင်တိုင်-ဝါးတန်းရထားလမ်း၏ ဝါးတန်း-ထော်လီကွေ့ကြား ကမ်းနားလမ်း ကူးနေရာတွင် ပြတ်တောက်နေသောလမ်းဟောင်းကို Dual Gauge ကားလမ်းကူးသံလမ်းဖြင့် ဆက်ခြင်းလုပ်ငန်းနှင့် ကြည့်မြင်တိုင်-ထော်လီကွေ့အကြား သံလမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း တို့အတွက် လမ်းခင်းကျောက် ၁၀၇၉ ကျင်းကို ဖြည့်တင်းခြင်းနှင့်ပက်ကင်ရိုက်ခြင်း ၃၉ ပေ အရှည် ၆၀ ပေါင် သံလမ်း ၂၄၆ ချောင်းကို ၇၅ ပေါင် သံလမ်းဖြင်‌့အစားထိုးခြင်း၊ သစ်သားဇလီဖားတုံးများကို ကွန်ကရစ် ဇလီဖား ၂၆၈၅ တုံး အသစ်များဖြင့်အစားထိုးလဲလှယ်ခြင်း၊ သံလမ်းကလစ် ၁၉၁၈၈ ခုလဲလှယ်ခြင်း စသည့်လုပ်ငန်းများကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် များအတွင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်စဉ်အတွင်းက ရထားလမ်းတစ်လျှောက်ရှိ ချုံနွယ်မြက်ပင်များကိုလည်း အတိုင်းအတာတစ်ခုအထိ တစ်ပါတည်း ရှင်းလင်းခဲ့ပါကြောင်း၊ လက်ရှိအချိန်တွင် ကြည့်မြင်တိုင်-ထော်လီကွေ့ရထားလမ်းပိုင်းမှာ ရထားသံ လမ်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွင်အသုံးပြုသော သံလမ်းပြေးယာဉ် RGC-Rail Gang Car ကို အခါအားလျော်စွာ ပြေးဆွဲလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တင်ပြခဲ့သည့်အကြောင်းများကြောင့် ကြည့်မြင်တိုင်-ဝါးတန်း ရထားလမ်း၏ အလုံမြို့နယ်အတွင်းရှိ ရထားလမ်းအဟောင်းကို အသုံးပြုနိုင် သည့်အခြေအနေတွင် ဆက်လက်ထားရှိရန် လိုအပ်ပါကြောင်း၊

အလုံမြို့နယ်နှင့် စမ်းချောင်းမြို့နယ်အတွင်းရှိ ရထားလမ်းတစ်လျှောက် ခြံစည်းရိုးကာရံခြင်းကို ၁၉၈၈ ခုနှစ်မတိုင်မီကပင် ဆောင်ရွက်ထားခဲ့ပြီး ထော်လီကွေ့မှ ဝါးတန်းအထိ ရထားလမ်းဘေးနှစ်ဘက်ကို Asia World Co.Ltd က ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ကြည့်မြင်တိုင်-ဝါးတန်းရထားလမ်း ဘေးဝဲ/ယာနှစ်ဘက် ခြံစည်းရိုး ၁.၇၇ မိုင်ကို ကာရံထားရှိပြီး ၁.၆၂ မိုင်ကိုခြံစည်းရိုးခတ်ရန် ကျန်ရှိနေပါကြောင်း၊ အလုံမြို့နယ်အတွင်းရှိ ရထားလမ်းဟောင်းမြေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြန်မာ့မီးရထားတို့အနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီလတွင် ပူးပေါင်းကွင်းဆင်းတိုင်းတာပြီး နယ်နိမိတ်တိုင်းတာသတ်မှတ်မြေပုံများ ထုတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ အောင်ချမ်းသာ ချောင်းမှ အောက်ကြည့်မြင်တိုင်လမ်းအထိ ဧက ဝ.၄၆ ဧက ဖြစ်ပါကြောင်း၊ အောက်ကြည့်မြင်တိုင်လမ်းမှ ဆင်မင်းလမ်းအထိ ၃.၈၀၃ ဧကဖြစ်ပါကြောင်း၊ ဆင်မင်းလမ်းမှ သစ်တောလမ်းအထိ ၁၀.၄၂၂ ဧက ဖြစ်ပါကြောင်း၊ သစ်တောလမ်းမှ ကမ်းနား လမ်းအထိ ၁.၃၆၀ ဧက ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ရထားလမ်းဟောင်းကို ဆက်လက်အသုံးပြုသွားရန် စီမံထားပါကြောင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအရ ရထားလမ်းနယ်မြေတစ်လျှောက် အချို့နေရာများမှာ ချုံနွယ်များပေါက်ရောက်နေမှုကို ရှင်းလင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ကိုယ်စားလှယ်တော်ကြီးတင်ပြထားသည့် ရထားလမ်းတစ်လျှောက် နယ်နိမိတ်အတွင်း နီးကပ် လျက်ရှိသော အိမ်များ၊ ဆိုင်ခန်းများ၊ ကျူးကျော်များနှင့် ကားလမ်းကူးအနီးတစ်ဝိုက်ရှိ ပျံကျ ဈေးသည်များ၊ ဆိုင်အချို့မှ ယာယီမိုးကာများဖြင်‌့ တိုးချဲ့ကာရံထားခြင်းတို့ကို ဖယ်ရှားရှင်းလင်းရေး အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ထိုကဲ့သို့ဖယ်ရှားရှင်းလင်းပြီးပါက လိုအပ်သည့်နေရာများတွင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားတင်ပြ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြား ပါသည်။

ဦးရဲလွင်(အလုံမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လက်ရှိဘေးတစ်ဖက်တစ်ချက်တွင် နေထိုင်ကြသော ပြည်သူများက နွေရာသီရောက်သည့်အခါတိုင်း အလွန်စိုးရိမ်ပူပန်စိတ်များ ရှိကြပါကြောင်း၊ ၎င်းလမ်းတစ်လျှောက် ညဘက်တွင် မီးရထားလမ်း ဟောင်းထဲကို မဖြတ်ရဲသောအနေအထားတစ်ခုရှိသည့်အတွက် ၎င်းမီးရထားလမ်းဟောင်းကို ဆက်လက်ပြီး အသုံးပြုပါက မီးရထားလမ်းဟောင်း ဘေးဘယ်/ညာ ခြံစည်းရိုးခတ်ရန် အစီအစဉ် ရှိသည်ဟုသိရသည့်အတွက် မည်သည့်အချိန်တွင်ခြံစည်းရိုးခတ်မည်နည်း၊ ၎င်းလမ်းမပေါ်ရှိ ဆိုင်ခန်းများ၊ ကျူးများကို မည်သည့်အချိန်တွင် ရှင်းလင်းမည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။

ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

ယခုနယ်နိမိတ်တိုင်းတာပြီး မြေပုံလည်းထုတ်ပြီးပြီဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ ကွပ်ကဲမှုအောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးသည့်အခါ ဖယ်ရှားရန်လိုသော အိမ်များ၊ ကျူးကျော်များကို အတိအကျစာရင်းကောက်ပြီး ဖယ်ရှားရေးဆောင်ရွက်ပြီး ခြံစည်းရိုးခတ် သည့်လုပ်ငန်းကိုစတင်ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သက်ဆိုင်ရာဝန်ကြီးနှင့် အလုပ်သဘော ကြိုတင်ညှိနှိုင်းပြီးဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် အမြန်ဆုံးချိတ်ဆက်ညှိနှိုင်းပြီး ပူးပေါင်းအကောင်အထည် ဖော်နိုင်ရန် အတွက်ကို မီးရထားကိုလမ်းညွှန်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။