Skip to main content

မိမိတို့ မောက်မယ်မြို့နယ်တွင် ၁၂-၉-၂၀၁၅ ရက်နေ့တွင် စဉ့်ဝင် ကျေးရွာ အုပ်စု၊ စေတီဖြူ ကျေးရွာ၌ လူဦးရေ ၁၃၀၊ အိမ်ခြေ ၂၈ အိမ်အတွက် နိုင်ငံတော်မှ အိမ်ငှား ဂရန်များ ပြုလုပ်ပေးပြီး ရွာလုံးကျွတ် ပေးအပ်ပွဲများ ဆောင်ရွက်ခဲ့သည့် မှတ်တမ်း မှတ်ရာများ ရှိခဲ့ကြောင်း၊ ရွာသားများ အနေဖြင့် ရွာလုံးကျွတ် ပိုင်ဆိုင်မှု အထောက်အထားများ ရရှိကြသဖြင့် ဝမ်းသာပျော်ရွှင်ကြသကဲ့သို့ အခြားကျေးရွာများသည် ထို့ကဲ့သို့ ရွာလုံးကျွတ် ဆောင်ရွက်ပေးကြရန် မျှော်လင့်နေကြကြောင်း၊ ယနေ့ခေတ်တွင် မြေယာတန်ဖိုးများ မြင့်တက်လာခြင်း၊ စီမံကိန်း တိုးချဲ့လုပ်ငန်း ဆောင်ရွက်မှုများ များပြားလာခြင်းများကြောင့် ကျေးလက်နေ ရွာသူရွာသားများ အနေဖြင့် မိမိတို့၏ ပိုင်ဆိုင်မှုများကို အာမခံချက် ရရှိရေးဆောင်ရွက်လိုကြခြင်း ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကျေးရွာများတွင် ခိုင်မာသည့် တရားဝင် အထောက်အထားများ ရရှိရန် အိမ်ခြံ မြေကွက်များ ရွာလုံးကျွတ် မြေငှားဂရန် ထုတ်ပေး နိုင်ခြင်း လုပ်ငန်းများကို နိုင်ငံတော်အစိုးရမှ ဆက်လက် ဆောင်ရွက်ပေးမည့် အစီအစဉ်များ သိရှိ လိုပါကြောင်း မေးမြန်းပါသည်။


 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျေးရွာများအား မြေငှားဂရန် ထုတ်ပေးနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ်၊ ကျေးရွာမြေငှားဂရန် ထုတ်ပေးရေး စီမံချက်အရ ကောင်းမူးဖိတ် ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ၂၈ ခု၊ ၂၀၁၆ ခုနှစ်၊ ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးစီမံချက်အရ ရွာသစ်ကျေးရွာတွင် ကျေးရွာ မြေငှားဂရန် ၁၀၇ ခုတို့ကို ထုတ်ပေးနိုင်ခဲ့ သည်ကို သိရှိရကြောင်း၊ ကျေးရွာမြေငှားဂရန်များ ထုတ်ပေးရန် ဆောင်ရွက်ရာတွင်  အောက် မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ ၄၁ မှ ၄၉(ခ)အထိ လည်းကောင်း၊ အထက် မြန်မာနိုင်ငံ မြေနှင့် အခွန် နည်းဥပဒေ အပိုဒ် ၇၉(က)မှ ၇၉(ဋ)အထိ လည်းကောင်း ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးရွာများတွင် မြေငှားဂရန်များ ထုတ်ပေးခြင်း ကြောင့် နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများရရှိပြီး ကျေးရွာနေ ပြည်သူလူထု အနေဖြင့် ကျေးရွာမြေအတွင်း ပိုင်ဆိုင်မှု အထောက်အထားကင်းမဲ့စွာ နေထိုင်ခြင်းအစား တရားဝင် အထောက်အထားဖြစ်သည့် မြေငှားဂရန် ရရှိခြင်းအားဖြင့် ကျေးရွာနေ ပြည်သူလူထု၏ စိတ်ပိုင်း ဆိုင်ရာလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုး တိုးတက်ပြီး ဖြစ်သည့် အချို့ကျေးရွာများကို မြေငှားဂရန်များကို စီမံချက်များနှင့် ထုတ်ပေးခဲ့ခြင်း ရှိကြောင်း၊

သို့သော် အချို့ကျေးရွာအများစုသည်  မြို့မြေများကဲ့သို့ စနစ်တကျအကွက် ရိုက်ဖော်ထုတ်၍ မြေနေရာ ချထားခြင်း မဟုတ်ဘဲ မြေယာအက်ဥပဒေများဖြင့် ကျေးရွာနယ်နိမိတ်များ သတ်မှတ်ပြီး ၎င်းကျေးရွာ နယ်နိမိတ်အတွင်း မြေတည်နေရာ ပုံစံအမျိုးမျိုး၊ မြေဧရိယာ အကျယ်အဝန်းသည် အမျိုးမျိုး နှင့် နေထိုင်လျက် ရှိခြင်းများကြောင့် ရွာလုံးကျွတ် မြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အဆင့်မှစ၍ ရပ်ကွက်၊ ကျေးရွာအဆင့်အထိ လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထို့အပြင် မြေတိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် လယ်ယာမြေ  စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးတို့အား ၁၈၈၀ ခုနှစ်၊ မြန်မာနိုင်ငံတော် မြေနယ်သတ်အက်ဥပဒေ ပုဒ်မ ၂ အရ နယ်နိမိတ် သတ်မှတ်ရေး အရာရှိနှင့် နယ်နိမိတ်ကြပ်မတ်ရေး အရာရှိအဖြစ် နိုင်ငံတော် အစိုးရကိုယ်စား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ခန့်အပ် တာဝန်ပေးအပ်ရန် လိုမည်ဖြစ်ကြောင်း၊  ကျေးရွာများရှိ အိမ်ခြံမြေကွက်များ ရွာလုံးကျွတ် မြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် မြေတိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကွက်စိတ်၊ ကွက်ကျဲ တိုင်းတာ ဆောင်ရွက်ရမည်ဖြစ်ပြီး မြေတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် ကုန်ကျမည့် ကုန်ကျစရိတ်များကို ပြည်နယ်အစိုးရအဖွဲ့မှ ကျခံ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးရွာ များအားလုံးအတွက် မြေငှားဂရန်များ ထုတ်ပေးနိုင်ရေး ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရမှ စီမံချက်တစ်ရပ် အနေဖြင့် ရေးဆွဲချမှတ် ဆောင်ရွက်ပေးနိုင်မှသာ မြေယာဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကျေးရွာများ အားလုံးအတွက် မြေငှားဂရန်များ ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်သည့်အတွက် လက်ရှိတွင် အစီအစဉ် မရှိသေးပါကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်း ဖြေကြားအပ်ပါသည်။

ဦးစိုင်းငေါင်းဆိုင်ဟိန်း (မောက်မယ် မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

အဆိုပါစီမံချက်ကို မိမိတို့မြို့နယ်ရှိ ရပ်ကွက်တစ်ခုတွင် ဆောင်ရွက်နေပါကြောင်း၊ ယခုဒီမေးခွန်းကို (၁၁)ကြိမ်မြောက်တွင် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် လက်တွေ့မြေပြင်တွင် တကယ် အကောင်အထည်ဖော်ရခြင်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ခြင်း ဖြစ်သော်လည်း ဆောင်ရွက်နေရသည်က မြေစာရင်းဦးစီးဌာနများ ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းဆောင်ရွက်ရသည့် နယ်တွင် ရုံးလုပ်ငန်းတစ်ပိုင်း၊ စီမံချက်လုပ်ငန်း တစ်ပိုင်းဖြစ်သည့် အတွက် နှောင့်နှေးကြန့်ကြာမှုများကို တွေ့ရခြင်းဖြစ်ကြောင်း၊ စီမံချက်အရ အကန့်အသတ်ဖြင့် ဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက သာမန် မျိုးမြို့သေး၊ မြို့ငယ်၊ ရွာငယ်များ အတွက် လျင်လျင်မြန်မြန် ပြီးစီးသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် စီမံချက်အရ ညွှန်ကြားသည့်အချိန်တွင် အကန့်အသတ် ထားရှိပြီး ဆောင်ရွက်ပေးရန် ဆက်လက်ညွှန်ကြားပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း ဆက်စပ်မေးမြန်းပါသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်

လွှတ်တော်ကိုယ်စားလှယ်ကြီး ထပ်ဆင့်မေးခွန်းမေးသည့် လက်တွေ့မြေပြင်တွင် မြေစာရင်းဦးစီး ဌာနက ဆောင်ရွက်နေရကြောင်း၊ ရုံးလုပ်ငန်းတစ်ပိုင်း၊ စီမံချက်များ တစ်ပိုင်းဖြင့် လုပ်သည့် အချိန်တွင် နှောင့်နှေးကြန့်ကြာသည့်အတွက် ညွှန်ကြားဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိဆိုသည့် ပတ်သက်၍ သက်ဆိုင်ရာ မိမိ ဖြေကြားသည့် အထဲတွင် ပါရှိကြောင်း၊ ကျေးရွာများ အားလုံး  အတွက် အခက်အခဲရှိပြီး ဖွံ့ဖြိုးတိုးတက်လာသည့် ရွာများအတွက် သက်ဆိုင်ရာကျေးရွာ တာဝန် ခံများ၊ မြို့နယ်၊ ခရိုင် အဆင့်ဆင့် ပုဂ္ဂိုလ်များက တင်ပြပြီး စီမံချက်များ အဆင့်ဖြင့် ရေးဆွဲ ဆောင်ရွက် ပေးမည်ဆိုပါက မိမိတို့ဘက်က ဆောင်ရွက်ပေးရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ယခင်က သစ်တောမြေတွင် သွားရောက်ပြီး နေထိုင်လုပ်ကိုင်ကြသည့် ပုဂ္ဂိုလ်များ အတွက် နိုင်ငံ တော်သမ္မတရုံးက အိမ်ခြေ ၅၀ နှင့်အထက်ဖြစ်ခဲ့ပါက သစ်တောမြေမှ ပယ်ဖျက်ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက မြေဂရန်များပေးပါဆိုသည့်အတွက် မိမိတို့ ဆောင်ရွက်ပေးပါ ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးချုပ်များက မည်သည့်ကျေးရွာများသည် မည်သို့ဖွံ့ဖြိုး တိုးတက်လျက်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မြေငှားဂရန် ဆောင်ရွက်ပေးရန် တင်ပြလာပါက အမြန်ဆုံး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ၎င်းဥပဒေအရ ကျေးရွာများ၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်များ ဖွဲ့စည်းတည်ထောင်ခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၄ အရ ဝန်ကြီးချုပ် များက ဥပဒေနှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဝန်ကြီးချုပ်များမှ ၎င်းအချက်ပေါ် မူတည်ပြီး ကျေးရွာ မြေငှားဂရန်များ အမြန်ဆုံး ဆောင်ရွက်ပေးပါဟု ညှိနှိုင်းလာပါက မိမိတို့ဝန်ကြီးဌာနသည် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန (ယခင်မြေစာရင်း ဦးစီးဌာန) တို့နှင့် ညှိနှိုင်းပြီး အမြန်ဆုံး ဆောင်ရွက်ပေးရန်အတွက် ညွှန်ကြား ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။