Skip to main content

သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် လက်ရှိ အသုံးမပြုသော၊ အသုံးပြုရန် မလိုအပ်တော့သော၊ ရှေ့ဆက် အသုံးပြုရန် အစီအစဉ် မရှိသော မြေနှင့် အဆောက်အဦများ၊ နိုင်ငံတော်အတွက် အရှုံးပြနေပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်နေသော စီမံကိန်း လုပ်ငန်းများတွင် အသုံးပြုနေသော မြေများကို နိုင်ငံတော်ဖွံံဖြိုးရေး အတွက် အသုံးပြုရန် လိုအပ်နေသော ဝန်ကြီးဌာနများသို့ လွှဲပြောင်းပေးနိုင်ရေး (မူဝါဒ) လုပ်ငန်းစဉ်တစ်ခု ချမှတ်ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအတွက် တိုင်းဒေသကြီး/ပြည်နယ် အားလုံး ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ လုပ်ဆောင်လျက်ရှိရာ တချို့ ဖွံ့ဖြိုးရေး လုပ်ငန်းများ အဆင်ပြေသော်လည်း တချို့တွင် မြေနေရာ အခက်အခဲကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းများ လျာထားပေးနိုင်ရေး အခက်အခဲ ဖြစ်နေသည်ကို လွှတ်တော်တွင်း မေးခွန်းများ ဖြေကြာချက်အရ ကြားသိနေရကြောင်း၊ နိုင်ငံတော်၏ အမျိုးသားမြေ အသုံးချမှု မူဝါဒတွင်လည်း လက်ရှိ ကျင့်သုံးလျက်ရှိသည့် မြေအရင်းအမြစ် ဥပဒေများနှင့် စီမံခန့်ခွဲမှုအချို့သည် သက်တမ်းအားဖြင့် နှစ် ၁၀၀ ကျော် ရှိခဲ့ပြီး ယနေ့ခေတ် အခြေအနေနှင့် ကိုက်ညီဆီလျော်မှု၊ လူထုအကျိုးစီးပွား ပံ့ပိုးနိုင်မှု၊ တရားမျှတမှု ရှုထောင့်များမှ အလေးထား ဆန်းစစ်ရန် လိုအပ်ကြောင်း၊

လက်ရှိ မိမိမဲဆန္ဒနယ်တွင် အသုံးမပြုသည့် မြေလွတ်၊ မြေရိုင်းကဲ့သို့ ဖြစ်နေသည့် ဌာနပိုင်မြေများ၊ ရုပ်သံလွှင့် အဆောက်အဦများနှင့် မြေများ၊ သက်ဆိုင်ရာ ဌာနအလိုက် နိုင်ငံတော်အတွက် အရှုံးပေါ်နေပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည့် ရာဘာခြံများ၊ ဆီအုန်းခြံများ ရှိနေပြီး တစ်ဖက်တွင် ဖွံ့ဖြိုးရေးအခြေခံ ပြည်သူ့ လိုအပ်ချက်များ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ အားကစားကွင်း၊ လမ်း၊ ခန်းမ၊ ဈေး၊ တချို့ဌာန ဆိုင်ရာများအတွက် မြေနေရာများ လိုအပ်လျက်ရှိသည်ကို တွေ့ရကြောင်း၊ ဒေသအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များ ပြည်သူတို့၏ ဖွံ့ဖြိုးရေး လိုအပ်ချက်များကို လွှတ်တော်တွင်း မေးခွန်းမေးမြန်းပြီး တောင်းဆိုရာတွင် သက်ဆိုင်ရာ ဝန်ကြီးမှ မြေနေရာ ရရှိရေးအတွက် လွှတ်တော် ကိုယ်စားလှယ်ကြီးများမှ ညှိနှိုင်းဆောင်ရွက်ပေးရန် ပြန်လည်ဖြေကြားသည်ကို တွေ့ရကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီး၏ ဖြေကြား ချက်ကို သုံးသပ်ကြည့်လျှင် ပြည်သူတို့အတွက် အမှန်တကယ် အကျိုးရှိသည့် လိုအပ်နေသည့် စီမံကိန်း များကို အကောင်အထည်ဖော် ချင်သော်လည်း မြေနေရာ လိုအပ်ချက်ကြောင့် အခက်အခဲ ဖြစ်နေသည်ကို ထင်ရှားစေသည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် မြေယာအသုံးပြုရန် လိုအပ်နေသည့် ဝန်ကြီးဌာန များသို့ လွှဲပြောင်းပေးနိုင်ရေး မူဝါဒ လုပ်ငန်းစဉ်တစ်ခု ချမှတ်ရန် လိုအပ်လျက်ရှိသည်ကို ပေါ်လွင်ထင်ရှား စေကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လက်ရှိ အသုံးမပြုသည့်၊ အသုံးပြုရန် မလို အပ်သည့်၊ ရှေ့ဆက် အသုံးပြုရန် အစီအစဉ်မရှိသည့် မြေနှင့် အဆောက်အဦများ၊ နိုင်ငံတော်အတွက် အရှုံးပြနေပြီး ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် စီမံကိန်းလုပ်ငန်းများတွင် အသုံးပြုနေသည့် မြေများကို နိုင်ငံတော် ဖွံံဖြိုးရေးအတွက် အသုံးပြုရန် လိုအပ်နေသည့် ဝန်ကြီးဌာနများသို့ လွှဲပြောင်းပေးနိုင်ရေး မူဝါဒလုပ်ငန်းစဉ် တစ်ခု ချမှတ်ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနများသည် နိုင်ငံတော် စီမံ ကိန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ ဝန်ကြီးဌာနများနှင့် လက်အောက်ရှိ တပ်ဖွဲ့ဦးစီးဌာနများ အတွက် လိုအပ်သည့် ရုံးအဆောက်အဦများ ဆောက်လုပ်ရန်နှင့် အခြားသော အုပ်ချုပ်မှုကိစ္စရပ်များ အတွက် လိုအပ်သည့် မြေများကို ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေ ယခုမြေသိမ်းဥပဒေက နောက်ဆုံး ထပ်မံပြီး ပြင်ဆင်လျက်ရှိပြီး အတည်ပြုရန် ဆောင်ရွက်လျက်ရှိသည့်အပြင် နည်းဥပဒေများ၊ မြေနှင့် အခွန်၊ အမိန့်  ဆင့်ဆိုချက်များ၊ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ အက်ဥပဒေ၊ နည်းဥပဒေများ၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၊ မြေစာရင်း ပုံစံ(၁၀၅)အခြား နည်းများဖြင့် ဌာနပိုင်မြေအဖြစ် ရယူခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊

အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် အမှတ်(၃/၂၀၁၈)နှင့် အညီ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များသည် နိုင်ငံပိုင်မြေ၊ အဆောက်အဦများ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်းနှင့် အကျိုးတူ လုပ်ကိုင်ခြင်း ကိစ္စရပ်များ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အကျိုးစီးပွားရေးအတွက် ထိရောက်အကျိုး ရှိစွာရေရှည်သုံးစွဲရေးနှင့် နစ်နာဆုံးရှုံးမှုကာကွယ် စောင့်ရှောက်ရေး၊ နိုင်ငံသားအားလုံး၏ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုတိုးတက်လာစေရေးနှင့် မလိုအားအပ်သည့် လေလွင့်ဆုံးရှုံးမှုများ၊ နစ်နာမှုများ မပေါ်ပေါက်စေရေးအတွက် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အတွက် အရှုံးပြနေသည့် စီမံကိန်း လုပ်ငန်း များ၊ မြေနှင့် အခွန်၊ မြေနှင့် အဆောက်အဦများနှင့်ပတ်သက်၍ ပုဂ္ဂလိကဘဏ် ပြုလုပ်ရေး  လုပ်ငန်းစဉ် များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့ နည်းမှန်၊ လမ်းမှန်ဖြင့် ထိရောက်စွာ လွှဲပြောင်းလုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက် ၁၉၉၅ ခုနှစ်တွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊  နိုင်ငံတော်သမ္မတရုံး၏ ၄-၅-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၀/၂၀၁၆)အရ ဒုတိယ သမ္မတ (၁)မှ ဥက္ကဋ္ဌအဖြစ် လည်း ကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ အဖွဲ့ဝင် ၁၅ ဦးဖြင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်သည်ဝန်ကြီးဌာန အဖွဲ့အစည်းအသီးသီးမှ ဆက်လက်အသုံးပြုရန် မလိုအပ်ခြင်း ကြောင့်လည်းကောင်း၊ တရားရုံးအသီးသီးမှ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကြောင့် လည်း ကောင်း၊ အပ်နှံလာသည့် မြေနှင့် အဆောက်အဦ၊ တိုက်ခန်းနှင့် မြေကွက်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ထုခွဲရောင်းချခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၏ လုပ်ငန်း စီမံကိန်း လိုအပ်ချက်အရ တင်ပြတောင်းခံချက်များအပေါ် စနစ်တကျ လွှဲပြောင်းပေးခြင်းများ ပြုလုပ်ပေး လျက် ရှိကြောင်း၊

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၏ အသုံးပြုရန် မလိုအပ်သည့် မြေများတွင် လယ်ယာမြေနှင့် အခြားမြေများ ပါဝင်နေမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၏ ၅-၂-၂၀၁၉ ရက်စွဲပါအ မိန့်ကြော်ငြာစာ အမှတ်(၂၁/၂၀၁၉)အရ ပြင်ဆင်ဖွဲ့စည်းခဲ့သည့် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည် စိစစ်ရေးဗဟို ကော်မတီမှ စိစစ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း တင်ပြအပ်ပါတယ်။ ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ ၂၁-၃-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၅၅၇/၁-ကော်မတီ မြေဗဟို/၂၀၁၈)ဖြင့် ပြင်ဆင် ချမှတ်ခဲ့သည့် နိုင်ငံတော် သိမ်းဆည်းသည့် လယ်ယာ မြေနှင့် အခြားမြေများကို မူလပိုင်ရှင်များက ပြန်လည် လျှောက်ထားသည့် ကိစ္စရပ်နှင့် စပ်လျဉ်းသည့် မူဝါဒ(၁၀)ရပ်၊ တပ်မြေ သိမ်းဆည်းမှုများနှင့် စပ်လျဉ်းသည့်  မူဝါဒ(၃)ရပ်၊ သိမ်းဆည်းမြေ များကို ပြန်လည်ပေးအပ်ရန် လျှောက်ထားလာခြင်း နှင့်စပ်လျဉ်း၍ စိစစ်ရန်အချက်(၄)ချက်၊ စွန့်လွှတ် နိုင်ခြင်း မရှိတဲ့ သိမ်းဆည်းမြေများနဲ့စပ်လျဉ်း၍ စိစစ်ရန် အချက် (၅)ချက်၊ သိမ်းဆည်းထားသည့် ဌာနမှ စွန့်လွှတ်သည့် သိမ်းဆည်းမြေများနှင့်စပ်လျဉ်း၍ စိစစ်ရန် အချက်(၆)ချက်၊ စွန့်လွှတ်မြေများ သိမ်းဆည်းသူ လက်ဝယ် အမြန်ရောက်ရှိရေး လုပ်ငန်းစဉ်(၉)ရပ်နှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ အလေးထားဆောင်ရွက်ရန် အချက်(၁၅)ချက် စုစုပေါင်း မူဝါဒအချက် (၅၂)ချက်နဲ့အညီ စိစစ်ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊

ထို့အပြင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသည် အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေလွတ်၊ မြေလပ်များကို နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအဖြစ် အသုံးပြုရန်နှင့် အများပြည်သူအကျိုးငှာ ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများအတွက် အသုံးပြုရန် အလိုရှိသဖြင့် မြေလွှဲလျှောက်ထားလာသည့် အချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအနေဖြင့် မြေနှင့် အခွန်၊ အမိန့်ဆင့်ဆိုချက် ၃၃၂ မှ ၃၃၆ တို့အရ အခမဲ့ မြေလွှဲအမိန့်များ ခွင့်ပြုထုတ်ပေးလျက် ရှိပါကြောင်း၊ ထို့ကြောင့် ယခုမေးခွန်းနှင့် စပ်လျဉ်းပြီး နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၃/၂၀၁၈) အရလည်းကောင်း၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ လုပ်ငန်းစဉ်များအရ လည်းကောင်း၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ မူဝါဒလုပ်ငန်းစဉ် (၅၂)ချက်အရ လည်းကောင်း၊ မြေနှင့် အခွန်၊ အမိန့်ဆင့်ဆိုချက် တို့အရလည်းကောင်း၊ မူဝါဒများ ချမှတ်ပြီး စိစစ်ဆောင်ရွက်ပေးလျက် ရှိပါသဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသည် မူဝါဒလုပ်ငန်းစဉ်တစ်ခု ထပ်မံချမှတ် ဖော်ဆောင်ပေးရန် ယခု အချိန်တွင် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။