Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်)

၁။                ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ၂၀၁၉  ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၃၉၁)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

          (က)   ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                             (၁)    ဒေါ်မြင့်မြင့်စိုး(ခ)ဒေါ်မေစိုး၊ ဗိုလ်တထောင် မဲဆန္ဒနယ်က မေးမြန်းသော နိုင်ငံ့ ဝန်ထမ်းများအပေါ် မြန်မာနိုင်ငံကူးလက်မှတ် လွတ်လပ်စွာ လျှောက်ထားရယူခြင်း နှင့်ခရီးသွားလာခြင်း ကန့်သတ်ခဲ့ခြင်းများအား ယခုအချိန်တွင် တရားဝင်ခွင့်ရက် ခံစားပြီး နိုင်ငံရပ်ခြားသို့ သွားလာလည်ပတ်ခွင့်ကို ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက နိုင်ငံ့ဝန်ထမ်းများသည် သတ်မှတ်ချက်များနှင့် ခံစားခွင့်ရှိသည့်ခွင့်ကို တောင်းခံလာ ပါက ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ခံစားခွင့်ပြုရာတွင် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏စီမံခန့်ခွဲ ခွင့်ပေးပိုင်ခွင့်ရှိသူက တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် နိုင်ငံရပ်ခြားသို့ မိမိအစီအစဉ်ဖြင့် ပြည်ပသို့ ခရီးသွားလာခြင်းကိစ္စရပ်အတွက် ခွင့်ခံစားခွင့်ကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                             (၂)    ဦးရဲလွင်၊ အလုံ မဲဆန္ဒနယ်က မေးမြန်းသော အလုံမြို့နယ်ရှိ မီးရထားလမ်းဟောင်းအား ဆက်လက်အသုံးပြုရန်နှင့် မီးရထားလမ်းဟောင်းမြေအား တိုင်းတာသတ်မှတ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက အလုံမြို့နယ်ရှိ ရထားလမ်းဟောင်းကို ဆက်လက်အသုံးပြုသွားရန် စီမံထားပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ညှိနှိုင်းပူးပေါင်း၍ လိုအပ်သည့်နေရာများတွင် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းကို အနီးစပ်ဆုံးဘဏ္ဍာနှစ်ရန်ပုံငွေတွင် လျာထားတင်ပြ၍ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                             (၃)    ဦးခင်ချို၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်က မေးမြန်းသော ကျေးငှက်များ သဘာဝအလျောက် လွတ်လပ်အန္တရာယ်ကင်းစွာနေထိုင်ကျက်စား အသက်ရှင်ရပ်တည်နိုင်ရေး၊ သဘာဝ ပတ်ဝန်းကျင်ဂေဟစနစ်ကောင်းမွန်စေရေး၊ ကျေးငှက်များကို အဆိပ်ချဖမ်းဆီးမှုများ မပြုလုပ်နိုင်ရေး၊ နိုင်ငံအတွင်းရှိ ရေကန်၊ ရေအိုင်၊ အင်းများသို့ အဆိပ်သင့် ရေဆိုးများ မဝင်လာစေရေးတို့အတွက် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းအခြေအနေများကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက သုတေသနပြုဆန်းစစ်မှုများကို လက်ရှိဝန်ထမ်းများ၏ကျွမ်းကျင်မှု၊ ဝန်ထမ်းအင်အားနှင့် ရန်ပုံငွေအခြေအနေတို့အရ ဌာနမှ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနိုင်မှုမရှိသေးပါကြောင်း၊ သက်ဆိုင်ရာ ဌာနများ၊ တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သုတေသနပြုလုပ်ငန်းများ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ငှက်မျိုးစိတ်များ ထိန်းသိမ်းကာကွယ်မှု အစီအမံများရေးဆွဲခြင်း၊ ကာကွယ်မှုမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း နှင့်ဆောင်းခိုငှက်များ မူလနေရာသို့ ဘေးကင်းစွာ ပြန်သွားနိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံး  ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်မည်ဆိုပါက ပိုမိုအောင်မြင်နိုင်မည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၄)    ဦးညွန့်ဝင်း၊ ကန်ပက်လက် မဲဆန္ဒနယ်က မေးမြန်းသော ကန်ပက်လက်မြို့နယ်ရှိ ခေါနူးစုမ်အမျိုးသားဥယျာဉ်သို့ လာရောက်လည်ပတ်ကြသော ပြည်တွင်းပြည်ပမှ ခရီးသွားများ စည်းကမ်းတကျ အပန်းဖြေသွားလာရေးအတွက် မည်သို့ စီမံဆောင်ရွက် ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက အမျိုးသားဉယျာဉ် စီမံအုပ်ချုပ်ခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းတို့ကို အထောက်အကူပြုရန်နှင့် ဆက်စပ် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းနိုင်ရန် ကန်ပက်လက်နှင့် မတူပီမြို့နယ်အဆင့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီများဖွဲ့စည်းပြီး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                             (၅)    ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ် မဲဆန္ဒနယ်က မေးမြန်းသော မောက်မယ် မြို့နယ်ရှိ ကျေးရွာများတွင် အိမ်ခြံ၊ မြေကွက်များအတွက် မြေငှားဂရန်ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က နိုင်ငံတော်အစိုးရမှ စီမံချက်တစ်ရပ်အနေဖြင့် ရေးဆွဲ ချမှတ်ဆောင်ရွက်ပေးနိုင်မှသာလျှင် တရားဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျေးရွာများအားလုံးအတွက် မြေငှားဂရန်များ ဆောင်ရွက် ပေးသွားနိုင်မည်ဖြစ်ပါ သဖြင့် လတ်တလောအစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                             (၆)    ဒေါ်ခင်သန်းနု၊ မင်းတုန်း မဲဆန္ဒနယ်က မေးမြန်းသော တောင်သူများ၏ ကျွဲ၊ နွားများ အတွက် လိုအပ်နေသော နွားစားကျက် မြက်ခင်းများကို ပိုင်ဆိုင်မှု ပုံစံ(၇) ပြုလုပ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က စားကျက်မြေတစ်ခုကို တစ်ဦးတစ်ယောက် ပိုင်မဟုတ်ဘဲ ကျေးရွာပိုင်၊ အများပိုင်အဖြစ် လျှောက်ထားမည်ဆိုပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး ကျေးရွာပိုင်စားကျက်မြေအဖြစ်  သတ်မှတ်ဆောင်ရွက် ပေးနိုင်ရန် သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးထံ လျှောက်ထားနိုင်ပါကြောင်းနှင့် အဆင့်ဆင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                             (၇)    ဦးသက်နိုင်ဦး၊ ရေဖြူ မဲဆန္ဒနယ်က မေးမြန်းသော သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လက်ရှိအသုံးမပြုသော၊ အသုံးပြုရန် မလိုအပ်တော့သော၊ ရှေ့ဆက်အသုံးပြုရန် အစီအစဉ်မရှိသော မြေနှင့် အဆောက်အဦများ၊ နိုင်ငံတော်အတွက် အရှုံးပြနေပြီး ဝန်ထုပ်ဝန်ပိုးဖြစ်နေသော စီမံကိန်းလုပ်ငန်းများတွင် အသုံးပြုနေသော မြေများကို နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် အသုံးပြုရန် လိုအပ်နေသော ဝန်ကြီးဌာနများသို့ လွှဲပြောင်းပေးနိုင်ရေး(မူဝါဒ) လုပ်ငန်းစဉ်တစ်ခု ချမှတ်ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်မြင့်က မူဝါဒများချမှတ်ပြီး စိစစ်ဆောင်ရွက်လျက်ရှိပါသဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအနေဖြင့် မူဝါဒလုပ်ငန်းစဉ်တစ်ခု ထပ်မံချမှတ် ဖော်ဆောင်ပေးရန် လောလောဆယ်အစီအစဉ် မရှိသေးပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

          ( ခ )          ဥပဒေကြမ်း (၁)ခု လက်ခံရရှိကြောင်းအသိပေးခြင်းနှင့် အစီရင်ခံစာတင်သွင်းခြင်း

                             အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော စကားရပ် ပြောင်းလဲသတ်မှတ်သည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာနှင့်အတူ တင်သွင်းသည်။ အဆိုပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များက ၂-၉-၂၀၁၉ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည် စာရင်းတင်သွင်းရန် ဖြစ်သည်။

        ( ဂ )  အဆို (၁)ခုတင်သွင်းခြင်း

နိုင်ငံအဝန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖြေရှင်း ဆောင်ရွက်သွားနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရပ် ကျွမ်းကျင် သူများ မွေးထုတ်သွားရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို ခရိုင်၊ မြို့နယ် အဆင့်ထိ စနစ်တကျတိုးချဲ့ဖွဲ့စည်းပြီး ဝန်ကြီးဌာန၏လုပ်ငန်းစဉ်များ အောင်မြင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဦးနေထက်ဝင်း၊ ဆင်ပေါင်ဝဲ မဲဆန္ဒနယ်က တင်သွင်းပြီး  ဦးနေစိုးအောင်၊ ဝန်းသို မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၃၀-၈-၂၀၁၉ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

၃။                ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၃-၉-၂၀၁၉ ရက် (အင်္ဂါနေ့)  နံနက် ၁၀ နာရီ တွင် လျာထားပါသည်။