Skip to main content

မြန်မာနိုင်ငံအနှံ့အပြားတွင် အခြေခံကျသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ယူတက်မြောက်စေရန်  အစိုးရနည်းပညာအထက်တန်းကျောင်းများကို ဖွင့်လှစ်ပေး လျက်ရှိပါကြောင်း၊ မိဘပြည်သူများကလည်း နည်းပညာ အထက်တန်းကျောင်း များ၏ အရေးပါမှု၊ အခြေခံကျမှုများကိုသိရှိပြီး သင်တန်းတက်ရောက်ရန် အားပေးခဲ့ရာ ပခုက္ကူအစိုးရ နည်းပညာအထက်တန်းကျောင်းတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် လျောက်ထားသူ ၁၉၅ ဦးရှိသော်လည်း လျောက်လွှာပြန်အပ်သူ ၁၇၄ ဦးအထိ ရှိပါကြောင်း၊ ယင်းသို့ဖြစ် ရခြင်းမှာ ကျောင်းသားကျောင်းသူများ၏ အိပ်ဆောင်စီစဉ်မပေးနိုင် ခြင်း၊ ကျောင်းအနီး အနားတွင် ဖွင့်လှစ်သည့် အဆောင်များသည် သင့်လျော်သည့် ပတ်ဝန်းကျင် မဖြစ်ခြင်း၊ သုံးရေအခက်အခဲနှင့် လုံခြုံမှုအားနည်းမှုကြောင့် ဖြစ်ကြသည်ကို တွေ့ရှိရပါကြောင်း၊

အဓိကအချက်အနေဖြင့် နည်းပညာအထက်တန်းကျောင်းကို တက်ရောက်သည့် ကျောင်းသူ ကျောင်းသားများသည် တက္ကသိုလ်ကျောင်းသူကျောင်းသားများကဲ့သို့မဟုတ်ဘဲ ငယ်ရွယ်ပြီး မိမိကိုယ်ကိုထိန်းသိမ်းနိုင်စွမ်းမရှိသေးသော ၁၄ နှစ်၊ ၁၅ နှစ် အရွယ်များ ဖြစ်ပါကြောင်း၊ မိဘ များက ပညာတက်မြောက်စေလိုသော်လည်း ကျောင်းတွင်းအဆောင်များ မရှိခြင်း၊ ကျေးရွာရှိ အဆောင်များတွင် နေထိုင်ရခြင်း၊ စားစရိတ် ကြီးမားခြင်းများရှိပါကြောင်း၊

နိုင်ငံတော်၏ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းမူဝါဒကို ချမှတ်ပြီး ပညာသင်ကြား ရေးကို ဆောင်ရွက်နေသည့် ယနေ့အချိန်အခါတွင် ယခုကဲ့သို့သင်တန်းတက်ရောက် သူနည်း ပါးလာပါက နိုင်ငံတော်၏ဘဏ္ဍာငွေများနှင့် မူဝါဒများအတွက် အဟောသိကံဖြစ်မည်ကို စိုးရိမ်မိပါကြောင်းနှင့် လိုအပ်သောအခြေခံသက်မွေးတတ်မြောက်သူမရှိပါက တိုင်းပြည် အတွက် အလွန်ပင်နစ်နာပါကြောင်း၊

ပခုက္ကူမြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ငယ်ရွယ်သည့် ကျောင်းသူ ကျောင်းသားများအတွက်အသက်မွေးဝမ်းကျောင်းပညာရပ်ကို လေ့လာဆည်းပူး အေးချမ်းစွာ သင်ကြားနိုင်ရန်အတွက် ကျောင်းဆောင်များလိုအပ်နေပြီဖြစ်သည့်အတွက် ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ကျောင်းသားဆောင်များ တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။


         

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

ပညာရေးဝန်ကြီးဌာန၊ နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အနေြဖင့် မကွေးတိုင်းဒေသကြီးတွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ပခုက္ကူ)အား ဖွင့်လှစ်ထားရှိရာ ပုံမှန်အင်ဂျင်နီယာဘာသာရပ်များဖြစ်သည့် Civil Engineering၊ Mechanical Engineering၊ Electronic၊ Electrical Engineering နှင့် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ကာလတိုသက်မွေးပညာသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြား လေ့ကျင့် ပေးလျက်ရှိပါကြောင်း၊ ပုံမှန်သင်တန်းများ၏ GTHS ပထမနှစ်သင်တန်းများအဖြစ် ပခုက္ကူ GTHS တွင် ကျောင်းသားကျောင်းသူ ၂၂၇ ဦး တက်ရောက်သင်ယူလေ့ကျင့်လျက်ရှိပြီး GTHS ပခုက္ကူ ဒုတိယနှစ်သင်တန်းများတွင် ကျောင်းသားကျောင်းသူ ၁၁၀ ဦး တက်ရောက် သင်ယူ လေ့ကျင့်လျက်ရှိပါကြောင်း၊ ထို့ပြင် အစိုးရနည်းပညာအထက်တန်းကျောင်း (ပခုက္ကူ)တွင် ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါသင်တန်းများအတွက် သင်တန်းသားသင်တန်းသူ အိပ်ဆောင် ၈၀ ဦးဆံ့ RC နှစ်ထပ် ၁၅၂ ပေ၊ ၃၄ ပေ တစ်လုံးတည်ဆောက်နိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းတွင် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။