Skip to main content

(င)-အခြေခံပညာကျောင်းများတွင် ပုံမှန်သင်ရိုးဖြင့် သင်ကြားခြင်းအပြင် ကျောင်းသား၊ ကျောင်းသူများ ကာယဉာဏ တန်းတူတိုးတက်စေရန်နှင့် အထွေထွေဗဟုသုတများရရှိစေရန် အောင်မြင်သောပညာရှင်၊ လုပ်ငန်းရှင်များအားဖိတ်ကြား၍ ဟောပြောပွဲများပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

မိမိတို့မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းနေရသည့်အချိန် ဖြစ်ပြီး ကောင်းမွန်သည့်အနာဂတ်အတွက် အခြေခံကောင်းများကို ချမှတ်နေသည့်အချိန် ဖြစ်သည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံသည် တစ်ချိန်ကအရှေ့တောင်အာရှတွင်သာမက အာရှတွင်ပါဖွံ့ဖြိုးတိုးတက်မှုလည်း ရှေ့ကရှိခဲ့ပြီး ပညာရေးတွင်လည်း ထိပ်ကဖြစ်ခဲ့သော်လည်း အခြားနိုင်ငံများက ရှေ့ကို ခြေလှမ်းပေါင်းတစ်သောင်းလှမ်းသွားသည့်အချိန်တွင် မိမိတို့နိုင်ငံက နောက်ကိုခုန်ဆုတ်ခဲ့၍ မိမိတို့ အမှောင်ခေတ်တစ်ခုကိုဖြတ်သန်းရပြီး ပညာရှင်လည်း မရှိသလောက် မပေါ်ထွန်း သလောက် ဖြစ်ခဲ့ရပါကြောင်း၊ ၎င်းအခြေအနေများတွင် မိမိတို့ငယ်ငယ်တုန်းက သားသား ကြီးလာရင်ဘာလုပ်မလဲ မီးမီးကြီးလာရင်ဘာလုပ်မလဲ ဟုမေးသည့်အခါ ဆရာဝန်ကြီးလုပ်မည်၊ စစ်ဗိုလ်ကြီးလုပ်မည်ဟုဖြေတတ်အောင်သာ သင်ကြားခံခဲ့ရပါကြောင်း၊ ၎င်းခေတ်အခြေအနေ အရ ဆရာဝန်မှ စစ်ဗိုလ်မှ လူနှင့်သူနှင့်တူအောင်နေနိုင်သည်ဟု ယူဆခဲ့ကြ၍ဖြစ်ပါကြောင်း၊ သို့သော် မိမိတို့၏နောက်မျိုးဆက်များကို ရွေးချယ်ခွင့်အခွင့်အလမ်းများ ပိုပြီးရစေလိုပါကြောင်း၊ အကျင့်စာရိတ္တမဏ္ဍိုင်အားဖြင့် ပြောမည်ဆိုပါကလည်း မိမိတို့မြန်မာလူမျိုးသည် ရိုးသား ပါကြောင်း၊ ယဉ်ကျေးပါကြောင်း၊ သူများကိုဦးစားပေးတတ်ပါကြောင်း၊ သူများကို နေရာပေး တတ်သည်မှာ ရှေးယခင်မြန်မာလူမျိုးများသည် မိမိတို့၏မြန်မာဖြစ်ကြောင်းကို အကျင့်စာရိတ္တ မဏ္ဍိုင်ခိုင်မာကြောင်းကိုပြောပြီး ဂုဏ်ယူလေ့ရှိခဲ့ကြပါကြောင်း၊ သို့သော် မိမိတို့ဆင်းရဲသော ကာလရှည်ကြီးကို ဖြတ်သန်းကြရသည့်အချိန်တွင် အားနည်းချက်ဖြစ်ပြီး လူများသည်ပျက်စီးပြီး ကိုယ်အဆင်ပြေရေး၊ တန်းစီပါက  ကိုယ်ရှေ့ကရောက်ရေး၊ ကိုယ်နေရာရရေးကို ကြိုးစားကြရင်း အကျင့်စာရိတ္တများလည်း တော်တော်များများပျက်စီးခဲ့ကြရသည့်အတွက် ၎င်းအခြေအနေများကို ပြန်လည်ပြုပြင်ရန်မှာ မိမိတို့လက်ရှိ ပညာရေနို့သောက်စို့နေကြသော ကျောင်းသားလူငယ် မောင်မယ်များကသာ မိမိတို့အတွက် မျှော်လင့်စရာရှိပါကြောင်း၊

နိုင်ငံတကာက အချို့ကျောင်းများတွင်စာသင်ကျောင်းများကို ဘုန်းကြီးများ၊ ဓမ္မဆရာများကို ဖိတ်ကြားပြီး ဘာသာရေးဆိုင်ရာကျင့်ဝတ်များကို နားထောင်နိုင်အောင်ဟောပြောပွဲများ လုပ်ခိုင်းသလို ဥပမာဓာတ်ပုံသတင်းထောက်လိုမျိုး၊ ရှေ့နေလိုဟာမျိုးများကို ၎င်းတို့၏ စွန့်စားခန်းအတွေ့အကြုံများကို ရှင်းပြဟောပြောပို့ချခိုင်းခြင်းမျိုးလည်း ရှိပါကြောင်း၊ အထူး သဖြင့် ကျောင်းသားလူငယ်များအနေဖြင့် ရှေ့ကလူကြီးများ ဘယ်လိုအလုပ်လုပ်ကြသည်၊ အောင်မြင်နေသော လုပ်ငန်းရှင်များဘယ်လိုအလုပ်လုပ်ကြတယ်ဆိုသည်ကို မိမိတို့ပိုပြီးအားကျ ဂုဏ်ယူအတုယူနိုင်ရန် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း လုပ်ဆောင်ပေးနိုင်ပါက လူငယ်များအနေဖြင့် ရွေးချယ်စရာနည်းလမ်းများပိုပြီးရရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ ရွေးချယ် နိုင်စွမ်းများလည်းပိုပြီးရရှိလာမည် ဖြစ်ပါကြောင်း၊ မိမိတို့ဖြတ်သန်းခဲ့ကြရသည့်တစ်လျှောက်တွင် ဆရာဝန်လိုင်း၊ စစ်ဗိုလ်မှမဖြစ်ရပါက ဘွဲ့ကိုရသလောက်လေးဖြင့် နာမည်တပ်၍ရရုံသာယူကြပြီး အဆင်ပြေသလို သွားခဲ့ကြပါကြောင်း၊ ဘာသာရပ်အလိုက်ကဏ္ဍအသီးသီးတွင် ပညာရှင်များ ပေါ်ထွန်းရန် အချိန်ကျရောက်ပြီဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့်လည်း ၎င်းတို့ မည်သည်တို့ကိုဖြစ်စေချင်သည်ကို ၎င်းတို့မြင်ဖူးမှမိမိတို့ဖြစ်မည် ဖြစ်ပါကြောင်း၊ Exposure များလိုအပ်ပါကြောင်း၊ တိုင်းပြည်အနေဖြင့်အကောင်အထည်ဖော်မည်ဆိုပါက ဝန်ကြီးဌာန အနေြဖင့် ကျောင်းတိုင်းအတွက် မလုပ်နိုင်သည်ကို သိပါကြောင်း၊ အရင်းအမြစ်ကလည်း လုံလောက်အောင်မရှိပါကြောင်း၊ သို့သော် လက်လှမ်းမီသည့်ကျောင်းများတွင် လုပ်မည်ဆိုပါက ခွင့်ပြုနိုင်ရေးအတွက် ဝန်ကြီးဌာန၏လမ်းညွှန်မှုလိုအပ်သည့်အတွက် အခြေခံပညာကျောင်းများ တွင် ပုံမှန်သင်ရိုးဖြင့်သင်ကြားခြင်းအပြင် ကျောင်းသားကျောင်းသူများ ကာယ၊ ဉာဏ တန်းတူ တိုးတက်စေရန်နှင့် အထွေထွေဗဟုသုတများရရှိစေရန် အောင်မြင်သော ပညာရှင်၊ လုပ်ငန်းရှင် များအား ဖိတ်ကြား၍ ဟောပြောပွဲများပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် ပုံမှန်သင်ရိုးဖြင့် ကျောင်း သင်ခန်းစာများကို သင်ကြားခြင်းအပြင် ကျောင်းသားကျောင်းသူများအတွက် ကာယ၊ ဉာဏ တန်းတူ တိုးတက်စေရန်သာမက ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကြောင်းကျိုးဆက်စပ် စဉ်းစားတွေးခေါ်ဆင်ခြင်သုံးသပ်ဆုံးဖြတ်နိုင်သော အရည်အချင်းများ၊ စူးစမ်းလေ့လာတီထွင် ဆန်းသစ်ဖန်တီးမှုစွမ်းရည်များ၊ စီမံခန့်ခွဲမှုအရည်အသွေးများနှင့် စိတ်ဓာတ်အတွေးအခေါ် ခံယူချက်များနှင့်တန်ဖိုးများ၊ ကိုယ့်ကိုကိုယ်၏တန်ဖိုး၊ အများ၏တန်ဖိုးများကို တန်ဖိုးထား နိုင်ရန်အတွက်၊ သူများ၏ကျေးဇူးတရားကို သိရှိနားလည်နိုင်ရန်အတွက်၊ တိုးတက်စေရန် အတွက် ကင်းထောက်အခြေခံသင်တန်းများကိုလည်း အခြေခံပညာအဆင့်၊ အဆင့်မြင့်ပညာ အဆင့်ကျောင်းများ၊ တက္ကသိုလ်များသာမက ကိုယ်ပိုင်ကျောင်းများတွင်လည်း ယနေ့အထိ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပုံမှန်ဘာသာရပ်များကို သင်ကြားနေရုံတင်မဟုတ်ဘဲ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝအတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ ပန်းချီ၊ ဂီတ၊ တိုင်းရင်းသား ဘာသာစကားများကိုလည်း ကျောင်းများတွင် သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ နေ့ထူးနေ့မြတ်များနှင့် သက်ဆိုင်သော ပြပွဲ၊ ပြိုင်ပွဲများ၊ အသိပညာပေးသည့်ဟောပြောပွဲများကိုလည်း သက်ဆိုင်ရာကာလအလိုက် ကျင်းပဆောင်ရွက် ပေးလျက်ရှိသည့်အပြင် မြန်မာနိုင်ငံတွင် ယနေ့လူငယ်‌များ၊ ကျောင်းသား ကျောင်းသူများ လူတိုင်းကို အဓိကခြိမ်းခြောက်နေသော မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးလုပ်ငန်း များကိုလည်း အခြေခံပညာကျောင်းများတွင် စာစီစာကုံးပြိုင်ပွဲများ၊ ပန်းချီပြိုင်ပွဲများ၊ ကဗျာ ပြိုင်ပွဲများ၊ ကာတွန်းပြိုင်ပွဲများ၊ ပိုစတာပြိုင်ပွဲများ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းဖြင့်လည်း တိုင်းဒေသကြီး/ပြည်နယ်များတွင် တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၊ လူငယ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင် များနှင့် ပူးပေါင်းပြီး အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာနက ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းပြီး လူကုန်ကူးမှု တားဆီးကာကွယ်‌‌ရေးအဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်‌ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးဥပဒေ ပညာရှင်များ၊ ကျောင်းကျန်းမာရေးအဖွဲ့ဝင်များကိုလည်းဖိတ်ကြားပြီး ဟောပြောပွဲများ ကျင်းပပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အောင်မြင်သည့်ပညာရှင်များ၊ လုပ်ငန်းရှင် များကိုလည်း ဖိတ်ကြားပြီး ဟောပြောပွဲများကိုလည်း လိုအပ်သည်များစီစဉ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ နှင့်စပ်လျဉ်းပြီး ဘဝအတွက်တာကျွမ်းကျင်စရာသင်ခန်းစာဖြင့် ချိတ်ဆက်သင်ကြား၊ သင်ယူ၊ လေ့ကျင့်ပေးခြင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအကြိုဟောပြောပွဲများ၊ ပြပွဲများ၊ စာစီစာကုံးများ၊ ကဗျာ၊ ကာတွန်း၊ ပန်းချီ၊ ပိုစတာ ပြိုင်ပွဲများကိုလည်း ကျင်းပပေးလျက်ရှိသည့်အပြင် မြန်မာ စာရေးဆရာ Club၊ မြန်မာနိုင်ငံ ပြည်သူ့နီတိပြန့်ပွားထွန်းကားရေးကော်မတီမှ အခြေခံပညာ ကျောင်းများတွင် ပြည်သူ့နီတိအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရန်ကိုလည်း ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစပြီး ဦးစားပေးလုပ်ငန်း ခုနစ်ခုဖြစ်သော မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ် တားဆီးရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး၊ အရက်၊ ဘီယာ၊ ဆေးလိပ် အန္တရာယ်တားဆီးကာကွယ်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံအသိပညာ ပေးရေး၊ မျိုးဆက်ပွားကျန်းမာရေးနှင့်ရင်ခွင်မဲ့ကလေး၊ မိခင်ကာကွယ်တားဆီးရေး၊ အသိပညာ ပေးရေးနှင့်ဂိမ်းအန္တရာယ် အသိပညာပေးဟောပြောပွဲများကိုလည်း လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ရန်အတွက် လူငယ်များ၊ ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်ရန်အတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေြဖင့် အရိုးစွဲနေသော၊ အလွတ်ကျက်မှတ်သည့် ပညာရေးမှသင်ယူပြီးရင်းသင်ယူရင်း တစ်သက်တာ သင်ယူမှုအခွင့်အလမ်းများကို အားပေးပြီး လုပ်ငန်းခွင်တွင်လုပ်ကိုင်မည် ဆက်လက်ပြီးပညာ သင်ယူမည်၊ ကိုယ့်၏လုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက်ကိုလည်း အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုက်ဖျက်ရေးကော်မရှင်အဖွဲ့မှဖြန့်ဝေသော ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေးအစီအစဉ်ဖြင့်လည်း အခြေခံပညာမူလတန်း၊ အလယ်တန်း ဆရာ ကိုင်စာအုပ်များကို ခွွဲဝေပေးထားပြီး အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကျောင်း များတွင် သင်ကြားနိုင်ရေးအတွက်ကိုလည်း စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားပါသည်။