Skip to main content

 

ရခိုင်ပြည်နယ် (မြောက်ပိုင်း)ရှိ တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသများတွင် တိုက်ပွဲတွေကြောင့် ၎င်းဒေသရှိ ကျောင်းသား ကျောင်းသူများသည် လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်ရေးအတွက် များစွာအခက်အခဲ ဖြစ်နေကြောင်း၊ လက်ရှိအချိန်ထိ ဒေသမတည်ငြိမ်မှုကြောင့် ရသေ့တောင် မြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် အခြေခံပညာကျောင်းများကို ယာယီ ပိတ်ထားရခြင်းများ ရှိကြောင်း၊ ယနေ့အချိန်ထိ တိုက်ပွဲရှောင်စခန်း ၁၀၇ ခုရှိပြီး ထို တိုက်ပွဲရှောင်စခန်များတွင် ကျောင်းသားကျောင်းသူ အရေအတွက်သည် ၂၃၀၀ ဝန်းကျင်ရှိ နေသည်ကို သိရှိရကြောင်း၊ တိုက်ပွဲရှောင်စခန်းများအတွင်းတွင်ရှိသည့် ကျောင်းသားကျောင်းသူ များ၏ ဘေးကင်းလုံခြုံစွာ အသက်ရှင်သန်နိုင်ရေးနှင့် လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင် ရေးသည် အင်မတန်အရေးကြီးနေကြောင်း၊ ထို့ကြောင့် နယ်မြေတည်ငြိမ်မှု မရှိသေးသည့် နေရာရှိကလေးများကို ၎င်းအခြေအနေမျိုးတွင် လုံခြုံစိတ်ချရသည့် ပညာရေးစနစ်တစ်ခု ဖန်တီး ပေးနိုင်ခြင်းမရှိပါက ၎င်းတို့၏ အနာဂတ်သည် ပညာသင်ကြားပိုင်ခွင့်ဆုံးရှုံးမှုကြောင့် နောက် ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ပွားလာနိုင်ကြောင်း၊

ထို့ပြင် ကလေးများသည် ကျောင်းစာသင်ခန်းတွင် ရက်ရှည်လများစွာ ဝေးကွာနေပါက ပညာသင်ကြားရေးအပေါ်တွင် စိတ်ဝင်စားမှုအားနည်းသွားနိုင်သည့်အချက်ဖြစ်လာနိုင်ကြောင်း၊ ထို့ကဲ့သို့ စာသင်ခန်းနှင့် ဝေးကွာသွားသည့်နှင့်တစ်ချိန်တည်းတွင် ကလေးလုပ်သားကဲ့သို့ အဖြစ်မျိုးအပြင် အန္တရာယ်ရှိနိုင်သည့်နေရာများကို ရောက်ရှိသွားနိုင်ကြောင်း၊ ထို့အပြင် ကလေး သူငယ်ဆိုင်ရာအခွင့်အရေး ကြီးလေးသည့်ချိုးဖောက်မှုခြောက်ရပ်ကို ကျူးလွန်ခံရနိုင်ကြောင်း၊ ထို့ကြောင့် ၎င်းဒေသရှိ ကျောင်းသားကျောင်းသူများ၏ ပညာရေးကို ထိခိုက်ဆုံးရှုံးမှုမရှိစေရန် အတွက် အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိနေကြောင်း၊

မိမိမေးလိုသည့်မေးခွန်းသည် တိုက်ပွဲများဖြစ်ပွားနေသည့် နေရာများ၊ နယ်မြေတည်ငြိမ်မှု မရှိသေးသည့်နေရာများတွင် ယာယီပိတ်ထားသည့် ကျောင်းများ၏အခြေအနေဖြစ်ကြောင်း၊ တချို့ကျောင်းများသည် ယာယီဆိုသော်လည်း ပြန်မဖွင့်နိုင်သေးသည့် ကျောင်းများရှိနေ ကြောင်း၊ လပိုင်းအတွင်းတွင် ဖွင့်လိုက်ပိတ်လိုက်နှင့် ကျောင်းများလည်းရှိနေကြောင်း၊ ၎င်း ကျောင်းများသည် ကျောင်းသားများအတွက် စာသင်နှစ်ကိုထိခိုက်နိုင်သလို သင်ယူရမည့် ပညာအရည်အသွေးကို ထိခိုက်နိုင်ကြောင်း၊ ထို့ပြင် ကလေးများ၏ စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေးကို အကောင်းဆုံးအနေအထားတစ်ခုဖြစ်စေရန် မည်ကဲ့သို့ စီမံ ဆောင်ရွက်နေသည်ကို သိလိုပါကြောင်း၊ လုံးဝပြန်မဖွင့်နိုင်သည့် အပြီးပိတ်လိုက်ရသည့် ကျောင်းများအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုသည့်အတွက် ရခိုင်ပြည်နယ် (မြောက်ပိုင်း)ရှိ တိုက်ပွဲများဖြစ်ပွားနေသောဒေသများမှ ကျောင်းသားကျောင်းသူများအတွက် အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့စီစဉ် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ တိုက်ပွဲရှောင်စခန်းပေါင်း ၁၁ ခု ရှိကြောင်း၊ တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများသည် ၅၈ ဦးရှိကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စခန်းပေါင်း ရှစ်ခု ရှိကြောင်း၊ တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများသည် ၃၄၃ ဦး ဖြစ်ကြောင်း၊ ပေါက်တောမြို့နယ်တွင် စခန်း တစ်ခုရှိပြီး တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများသည် နှစ်ဦး ရှိကြောင်း၊ ရသေ့တောင် မြို့နယ်တွင် စခန်း‌ပေါင်း ခြောက်ခုရှိပြီး တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများ သည် ၂၄၄ ဦး ဖြစ်ကြောင်း၊ ကျောက်တော်မြို့နယ်တွင် စခန်း‌ပေါင်း ခြောက်ခု ရှိပြီး တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများသည် ၆၃၂ ဦး ရှိကြောင်း၊ မြောက်ဦး မြို့နယ်တွင် စခန်းပေါင်း ၂၀ ခုရှိပြီး တက်ရောက်နေသည့် ကျောင်းသားကေျာင်းသူများသည် ၈၇၉ ဦး ရှိကြောင်း၊ မင်းပြားမြို့နယ်တွင် စခန်းတစ်ခု ရှိပြီး တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများသည် ၃၄ ဦး ရှိကြောင်း၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တွင် တိုက်ပွဲရှောင် ကျောင်းသားကျောင်းသူ မရှိကြောင်း၊  ရခိုင်ပြည်နယ် အတွင်းတွင်ရှိသည့် မြို့နယ် ခုနစ်ခုတွင် တိုက်ပွဲရှောင်စခန်းပေါင်း ၅၃ ခု ရှိပြီး အဆိုပါစခန်းများတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၁၉၂ ဦးသည် နီးကပ်စွာတည်ရှိသည့် စာသင်ကျောင်းများတွင် ပညာသင်ယူလျက်ရှိ သည်ကို စိစစ်တွေ့ရှိရကြောင်း၊

ရခိုင်ပြည်နယ်အတွင်းရှိ စခန်းများရှိ ကျောင်းသားကျောင်းသူများအား ၎င်းတို့နေထိုင်သည့် စခန်းနှင့် နီးကပ်စွာတည်ရှိသည့် ကျောင်းများတွင် တက်ရောက်ပညာသင်ယူခွင့်ရရှိအောင် ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခိုင်အမာ စခန်းများ ‌ပြောင်းရွှေ့ဆောက်လုပ်သည့်နေရာတွင် စခန်းနှင့်အနီးဆုံး ကျောင်းတွင်ဝင်ဆံ့ပါက အဆိုပါကျောင်းများတွင် သင်ကြားသင်ယူပေးလျက်ရှိပါကြောင်းနှင့် ဝင်ဆံ့မှုမရှိပါက ယာယီ ကျောင်းဆောင်များ ဆောက်လုပ်ပြီး သင်ကြားပေးသွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနသည် ကျောင်းဖွင့်ရာသီ ကျောင်း အပ်နှံသည့်နေ့မှစ၍ ယနေ့အထိ ကျောင်းသားကျောင်းသူများအား သင်ကြားသင်ယူရေး အဆင်ပြေစေရန်အတွက် ဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့်အတိုင်း ကျောင်းသား ကျောင်း သူအားလုံးကို ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များပံ့ပိုးပေးလျက်ရှိပြီး UNICEF မှ ကျောင်းသုံးကျောပိုးအိတ်များ ဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်၊၊