Skip to main content

(ဂ)-ကျေးလက်နေ တောင်သူများဘဝ တိုးတက်မြင့်မားလာရေး ကျွဲ၊ နွားအရှင် တင်ပို့ခွင့်အရ နိုင်ငံ၏ မွေးမြူရေးကဏ္ဍ တိုးတက်လာရေးနှင့် GDP တိုးတက်လာစေရေးအတွက် မိမိပိုင် လယ်မြေတွင် စားကျက်မြေ စိုက်ပျိုးနိုင်ခွင့်၊ စိုက်ပျိုးနည်းပညာနှင့် အထောက်အပံ့ ချေးငွေများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

လက်ရှိနိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသည့် ကျေးလက်နေပြည်သူများ၏ ဘဝမြင့်မားရေးနှင့် ပတ်သက်ပြီး မအူပင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက အဆိုအဖြစ် တင်သွင်းခဲ့သည့် ကျွဲ၊ နွားများ မွေးမြူရေးနှင့် ပတ်သက်သည့် မေးခွန်း ဖြစ်ကြောင်း၊

ဦးစိန်ဝင်း၏အဆိုအရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၉-၁၀-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၄၇/၂၀၁၇)အရ ယခင်ကကန့်သတ်ကုန်အဖြစ် သတ်မှတ် ထားသည့် ကျွဲ၊ နွားအရှင်များ ပြည်ပတင်ပို့မှုနှင့်ပတ်သက်ပြီး ပိတ်ပင်ထားမှုကို ပယ်ဖျက်ပြီး တရားဝင်တင်ပို့ခွင့်ပြုခဲ့သည့်အတွက် ပြည်တွင်းတွင် ကျွဲ၊ နွား ရှားပါးပျောက်ကွယ်လာမည်ကို စိုးရိမ်သည့်အတွက် အဆိုအဖြစ်တင်သွင်းခဲ့ခြင်းအပေါ်တွင် ကိုယ်စားလှယ်များက ဝိုင်းဝန်း ဆွေးနွေးအကြံပြု တင်ပြခဲ့ကြဖူးကြောင်း၊ လက်ရှိအခြေအနေအရ မိမိတို့နယ်မြေများကို ကွင်းဆင်းသွားသည့်အချိန်တွင် မိမိမြို့နယ်ရှိ တောရွာတော်တော်များများတွင် ကျွဲ၊ နွားမွေးမြူ ခြင်းများနည်းပါးလာသည်ကို တွေ့ရကြောင်း၊ ကျွဲ၊ နွား မွေးမြူရန် အခက်အခဲသည် စားကျက်မြေ မရှိသည့် စိုက်ပျိုးလယ်မြေများတွင် ကျွဲ၊ နွားများ ဝင်ရောက်သည့်အတွက် ဒေသနေတောင်သူ အချင်းချင်းပြဿနာဖြစ်ကြခြင်းကြောင့် မမွေးကြခြင်းဖြစ်သည်ကို သိရကြောင်း၊ ၂၈-၃-၂၀၁၈ ရက်စွဲဖြင့် စားကျက်မြေဖော်ထုတ်ရေး ကြယ်ပွင့်မပြမေးခွန်းအပေါ်တွင် ပြည်ထဲရေးဝန်ကြီး ဌာန၏ဖြေကြားမှုအရ စားကျက်မြေဧက ၈၆၆၈၈၂. ၀၅ ရှိသည့်အနက် စားကျက်မြေအဖြစ်မှ ပယ်ဖျက်ပေးလိုက်ရသည့် ၁၃၅၈၃၆.၅၇ ဧကနှင့် ကမ်းပါးပြိုသည့်အတွက် ဖျက်လိုက်ရသည်က ၁၀၄.၆၀ ဧကရှိသည့်အတွက် လက်ကျန်က ၇၃၀၉၄၀.၈၈ ဧက ကျန်ရှိသည်ကို သိရကြောင်း၊ ထိုအချက်သည် စာရင်းအရသာဖြစ်ပြီး မြေပြင်တွင်အမှန်တကယ်မရှိနိုင်ဘူးဟု ယူဆကြောင်း၊ လက်ရှိနိုင်ငံ၏အခြေအနေအရ ကျေးလက်နေတောင်သူများ၏ ဘဝတိုးတက်မြင့်မားလာစေရန် သည် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုတည်းဖြင့် မဖြစ်နိုင်သည့်အပြင် မွေးမြူရေးလုပ်ငန်းနှင့်တွွဲပြီး လုပ်ကိုင်မှ ဖြစ်နိုင်မည်ဖြစ်သည့်အတွက် ဘိုးဘွားစဉ်ဆက်မွေးမြူလာခဲ့သည့် ကျွဲ၊ နွားများ ပြန်ပြီး မွေးမြူလာမည်ဆိုပါက လက်ရှိ ကျွဲ၊ နွားများ၏ ဈေးနှုန်းအရ မိသားစုတစ်စုတွင် ကျွဲ၊ နွား ငါးကောင်ခန့် မွေးပါက တစ်နှစ်တစ်သားကျသည့်အတွက် တစ်နှစ်ကို သိန်း ၅၀၊ ၆၀ ခန့် ငွေစုလာနိုင်မည် ဖြစ်ကြောင်း၊

ထို့ကြောင့် နိုင်ငံတော်သည် ပညာပေး၊ တွန်းအားပေးကူညီဆောင်ရွက်မှုများ ဆောင်ရွက် ပေးသင့်သည်ဟု ယူဆကြောင်း၊ မိမိမြို့နယ်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မွေး/ကု ဦးစီးဌာနက မြစိမ်းရောင်ရန်ပုံငွေဖြင့် နောင်ဘိုကြီးကျေးရွာတွင် ရန်ပုံငွေကျပ် ၃၃၇.၅ သိန်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဒိုင်းဖြတ်ကျေးရွာတွင် တောင်သူ ၃၀ ဦးကို နွားတစ်ကောင် ၁၀ သိန်းနှုန်းဖြင့် ကျပ်သိန်း ၃၀၀၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် နွား၊ ဝက် မွေးမြူရေး လုပ်ငန်း အကောင်အထည်ဖော်နေသည်များ ဆောင်ရွက်နေကြောင်းနှင့် စားကျက်မြေနှင့် ပတ်သက်ပြီး အောက်မြန်မာနိုင်ငံမြေခွန်နည်းဥပဒေ ၄၄ အမိန့် ဆင့်ဆိုချက် ၁၃ အရ နယ်ပိုင် ဝန်ထောက်က စားကျက်ငါးဧကနှင့် အရေးပိုင်က ၂၅၀ ဧကအထိ ခွင့်ပြုချထားပေးနိုင်ကြောင်း သိရသော်လည်း လက်ရှိမြေပြင်တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း အမှန်တကယ်ကျန်ရှိနေမှု ရှိ/မရှိ မသိနိုင်သည့်အတွက် အခက်အခဲတစ်ခုဖြစ်နေသည့်အတွက် ၎င်းပြဿနာကို ဖြေရှင်း နိုင်ရန်အတွက် လယ်သမားများမိမိပိုင်လယ်မြေများတွင် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စားကျက်စိုက်ပျိုးသည့် စနစ်ဆောင်ရွက်နိုင်မည်ဆိုပါက အဆင်ပြေနိုင် မည်ဟု ယူဆကြောင်း၊ လက်ရှိထိုင်းနိုင်ငံတွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသည့် နေဗီယာမြက် အမျိုးအစားသည် တစ်လခွဲ၊ နှစ်လခန့်ကို တစ်ကြိမ်ရိတ်သိမ်းနိုင်ပြီး တစ်နှစ် တစ်ဧက တန် ၁၅၀၊ ၂၀၀ အထိ ထွက်သည့်အတွက် တစ်ဧက တစ်နှစ် မြန်မာငွေနှင့် ကျပ်သိန်း ၅၀ ခန့် ဝင်ငွေ ရနိုင်ကြောင်းသိရပြီး ကျွဲ၊ နွားမွေးမည်ဆိုပါက တစ်ဧကကို ၁၅ ကောင် မွေးနိုင်ကြောင်းနှင့် ခုနှစ်ရက် တစ်ကြိမ် ရိတ်သိမ်းနိုင်သည်ကို သိရကြောင်း၊ ကျွဲ၊ နွားများအတွက် သာမန် မြက်များထက် အာဟာရပိုကြွယ်ပြီး မြက်ချဉ်ပြုလုပ်မည်ဆိုပါက ခြောက်လအထိ ထားနိုင် ကြောင်း သိရသည့်အတွက် ၎င်းမြက်ချဉ်သည် မိုးရာသီကာလရေကြီးလာပါက ကျွဲ၊ နွားများ အတွက် အစာသိုလှောင်နိုင်သည်ဟု သိရကြောင်း၊

ထို့ကြောင့် နိုင်ငံအတွင်း ကျွဲ၊ နွားများ တရားဝင်နိုင်ငံခြားတင်ပို့မှုအပေါ် အထောက်အကူ ပြုနိုင်ရေး၊ ကျေးလက်နေတောင်သူများဘဝမြင့်မားအဆင်ပြေလာရေး၊ ကျွဲ၊ နွားများ နိုင်ငံ အတွင်း တဖြည်းဖြည်းပျောက်ဆုံးလျော့နည်းသွားမှုနှင့် အသားရှားပါးမှု၊ အသားဈေးနှုန်း မြင့်မားလာနေမှု၊ ပြည်သူများ အသားဈေးနှုန်း မြင့်မားစွာဝယ်ယူစားသုံးရမှုအန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် မေးမြန်းလိုသည်က ကျေးလက်နေတောင်သူများဘဝ တိုးတက် မြင့်မားလာရေး၊ ကျွဲ၊ နွားအရှင် တင်ပို့ခွင့်အရ နိုင်ငံအတွင်း ကျွဲ၊ နွားများ လျော့နည်းပျောက် ဆုံးမှု၊ အသားရှားပါးပြီး ဈေးနှုန်းကြီးမြင့်လာမှု၊ ပြည်သူအများစားသုံးမှုလိုအပ်ချက် ပြည့်ပြည့်ဝဝ ဖြည့်ဆည်းနိုင်ရန် ခက်ခဲလာမှုအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ နိုင်ငံ၏ မွေးမြူရေးကဏ္ဍ တိုးတက်လာရေးနှင့် နိုင်ငံ GDP တိုးတက်လာစေရေးအတွက် ကျွဲ၊ နွားမွေးမြူရန် လိုအပ်သည့် စားကျက်မြေအတွက် မိမိပိုင်လယ်မြေတွင် စားကျက်မြေစိုက်ပျိုးနိုင်ခွင့်၊ စိုက်ပျိုးနည်းပညာနှင့် ထောက်ပံ့ချေးငွေများ ထောက်ပံ့ဆောင်ရွက်ပေးနိုင်ရေး အစီအစဉ် ရှိ/မရှိ  မေးမြန်းပါသည်။


 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်

မြန်မာနိုင်ငံအတွင်း ကျွဲ၊ နွားများ လျော့နည်းပျောက်ဆုံးမှု၊ အသားရှားပါးပြီး ဈေးနှုန်း ကြီးမြင့်လာမှု၊ ပြည်သူအများစားသုံးမှုလိုအပ်ချက် ပြည့်ပြည့်ဝဝဖြည့်ဆည်းရန် ခက်ခဲလာမှု အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ နိုင်ငံ၏မွေးမြူရေးကဏ္ဍတိုးတက်လာရေးအတွက် ကျေး လက်နေတောင်သူများ၏နွားမများကို မေထုန်မဲ့သားစပ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကျေးရွာများတွင် သဘာဝသားစပ်လုပ်ငန်းများကို စနစ်တကျဖြစ်အောင် စောင့်ရှောက်မှုပေး ခြင်း၊ အသိပညာပေးခြင်း၊ ကူးစက်ရောဂါများကြောင့် ကျွဲ၊ နွားများ သေဆုံးမှုမရှိစေရန်အတွက် ကူးစက်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ စီမံချက် များချမှတ်ဆောင်ရွက်ပေးခြင်း၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်မှ မြစိမ်းရောင်စီမံကိန်းကဲ့သို့သော ထောက်ပံ့ငွေအစီအစဉ်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိပြီး မွေးမြူရေးဆိုင်ရာပညာပေးသင်တန်းများကို ဆောင်ရွက် ပေးလျက်ရှိသည်ကို သိရှိရကြောင်း၊

၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၄ တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဗဟိုကော်မတီသည် နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပုဒ်မခွဲ(က) တွင် စိုက်ပျိုးရေးလုပ်ငန်း၊ ပုဒ်မခွဲ(ခ)တွင် မွေးမြူရေးလုပ်ငန်းနှင့် ပုဒ်မခွဲ(ဃ)တွင် အစိုးရက ခွင့်ပြုထားသည့် ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား မွေးမြူရေးအတွက်ဖြစ်စေ၊ စားကျက်မြေအတွက်ဖြစ်စေ အသုံးပြုရန်ခွင့်ပြုချက်ရရှိပါက နေဗီယာမြက် အမျိုးအစားစိုက်ပျိုးနိုင်မည် ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၂၈ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၂၈ ပုဒ်မခွဲ(ခ)တို့အရ လယ်ယာမြေ (သို့မဟုတ်) လယ်ယာမြေမှတစ်ပါး လယ်ယာမြေတွင် သီးနှံပြောင်းလဲစိုက်ပျိုးရန် ဖြစ်ပါက သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ခွင့်ပြုနိုင်ကြောင်း ပြဋ္ဌာန်းထားကြောင်း၊ ထို့အပြင် တောင်သူလယ်သမားအခွင့်အရေး ကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ(ခ)တွင် နိုင်ငံတော်၏ အဓိက စားသုံး သီးနှံဖြစ်သည့် ဆန်စပါးစိုက်ပျိုးမှုကို မထိခိုက်စေဘဲ မိမိလယ်မြေပေါ်တွင် မိမိကြိုက်နှစ်သက် သည့်သီးနှံကို လွတ်လပ်စွာရွေးချယ်စိုက်ပျိုးခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ သို့သော် နေဗီယာမြက်သည် သီးနှံအမျိုးအစားမဟုတ်သည့်အတွက် အဆိုပါပြဋ္ဌာန်းချက်များအရ ဆောင် ရွက်၍မရနိုင်သည်ကို သိရှိရကြောင်း၊ သို့သော် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၀ တွင် အများပြည်သူအကျိုးငှာ လယ်မြေကိုအခြားနည်းဖြင့်အသုံးပြုရန် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ ပုဒ်မခွဲ(က)တွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် လယ်မြေကို အခြားနည်းဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားသည့်အတွက် လယ်မြေကိုအခြားနည်း ဖြင့် အသုံးပြုခွင့်ရရှိပါက နေဗီယာမြက်ကို စိုက်ပျိုးနိုင်မည် ဖြစ်ပါကြောင်း၊

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ တောင်သူများမှ မွေးမြူထားသည့် ကျွဲ၊ နွားများ၏ အစားအစာ အတွက်လိုအပ်၍ သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်များမှ ဥပဒေနှင့်အညီ အခြားနည်း အသုံးပြုခွင့်ရရှိပြီး အဆိုပြုတင်ပြလာပါက အထက်မြန်မာပြည်မြေနှင့် အမိန်ဆင့်ဆိုချက် ၉၁ အရလည်းကောင်း၊ ၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ အပိုဒ် ၇၀ အရလည်းကောင်း စိုက်ပျိုးမြေများနှင့် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ၊ အခြားသစ်တော များ၊ သဘာဝပတ်ဝန်းကျင်များကို ထိခိုက်မှုမရှိစေဘဲ ကျွဲ၊ နွားနှင့် အခြားတိရစ္ဆာန်များအတွက် လုံလောက်သည့် စားသုံးမှုဖူလုံစေရန်အတွက် မြေလိုအပ်သည့်ပမာဏကို စနစ်တကျ တွက်ချက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုတွဲတည်ဆောက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံတင်ပြခွင့်ပြုချက်ရယူပြီး စားကျက်မြေများ Posture Land သို့မဟုတ် Grazing Ground  အဖြစ် ဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း၊

သို့ဖြစ်ပါ၍ မိမိပိုင်လယ်မြေတွင်ဖြစ်စေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းတွင်ဖြစ်စေ အခြားနည်း ခွင့်ပြုချက်များရရှိပြီးပါက စားကျက်မြေစိုက်ပျိုးအသုံးပြုခွင့်များ ရရှိလာမည်ဖြစ်ပြီး နေဗီယာ မြက်အမျိုးအစားများအား စိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေ ဖြင့် စိုက်ပျိုးရေးနည်းပညာများကို အသိပညာပေးဟောပြောခြင်း၊ ကွင်းဆင်း၍ နည်းပညာ ပေးခြင်းနှင့် ကျေးလက်နေတောင်သူများဘဝ တိုးတက်မြင့်မားရေးအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှလည်း မိုးစပါးနှင့် ဆောင်းသီးနှံများစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ် ချေးငွေ များ ထုတ်ချေးပေးခြင်း၊ သမဝါယမဦးစီးဌာနမှ စိုက်ပျိုးရေးသမဝါယမနှင့် မွေးမြူရေးသမဝါယမ စသည်ဖြင့် ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ယခုထက်ပိုမိုထုတ်ချေးပေးနိုင်ပါက မွေးမြူရေး လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်မည်ဖြစ်ပါ၍ နိုင်ငံတော်၏ GDP ကိုလည်းတိုးတက်လာစေမည် ဖြစ်ပါကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ် ဖြေကြားချက်များအရ ရှင်းလင်းဖြေကြားပါသည်။