Skip to main content

(င)-တည်ဆောက်ရေး လုပ်ငန်းတစ်ခုတည်းတွင် မြို့နယ် QC နှင့် အခြားအရည်အသွေးစစ်ဆေးရေး အဖွဲ့တို့သည် မည်ကဲ့သို့တာဝန်ယူဆောင်ရွက်နေသည်နှင့် တည်ဆောက်ရေးလုပ်ငန်းတစ်ခု သတ်မှတ်ကာလမတိုင်မီပျက်စီးပါက တင်ဒါအောင်ကုမ္ပဏီနှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့များက မည်သို့တာဝန်ယူမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများ တွင် အရည်အသွေးစစ်ဆေးရေးအဖွဲ့များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပတ်သက်သည့် မေးခွန်းကို မေးမြန်းသွားမည် ဖြစ်ကြောင်း၊

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရည် အသွေးစစ်ဆေးရေးအဖွဲ့များဖွဲ့စည်းပြီး စစ်ဆေးဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့များ၊ ခရိုင်အရည်အသွေးစစ်ဆေးရေးအဖွဲ့များ၊ ရုံးချုပ် အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့် Third Party ဆိုပြီး တည်ဆောက်ရေးလုပ်ငန်းများ အမျိုးအစားအလိုက် အဖွဲ့မျိုးစုံစစ်ဆေးဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ အချို့တည် ဆောက်ရေးလုပ်ငန်းများတွင် Third Party ငှားရမ်းခ တင်ဒါလုပ်ငန်းတစ်ခုလုံး၏ ကုန်ကျငွေ၏ ၁.၅ ရာခိုင်နှုန်းနှင့် ရုံးချုပ်တွင် Design နှင့် QC အတွက်ဆိုပြီး လုပ်ငန်းတစ်ခုလုံး၏ ကုန်ကျစရိတ် ၂ ရာခိုင်နှုန်း အသုံးပြုထားသည်ကို တွေ့ရကြောင်း၊ မိမိ၏မဲဆန္ဒနယ်ဖြစ်သည့် ဘုတလင် မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်တွင်ရှိသည့်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် လမ်းဦးစီးဌာန နှစ်ခုတွင် ရုံးချုပ် QC၊ Third Party စသည့် အရည်အသွေးစစ်ဆေးရေး ဝန်ဆောင်မှုများကို ငှားရမ်းအသုံးပြုနေသည်ကို တွေ့ရကြောင်း၊ လမ်းဦးစီးဌာနက ခင်းနေသည့် လမ်းတစ်ခုတည်းတွင် QC အဖွဲ့ကို နှစ်ဖွဲ့ငှားရမ်း အသုံးပြုနေသည်ကို တွေ့ရှိရကြောင်း၊ သို့သော် ကျန်သည့် ဝန်ကြီးဌာနများသည် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် QC ဝန်ဆောင်မှုလုပ်ငန်းကို ငှားရမ်းအသုံးပြုထားသည်ကို မတွေ့ရကြောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးစစ်ဆေးရေးအဖွဲ့များ ငှားရမ်းအသုံးပြုရန် အတွက် အဆိုကို ပြည်သူ့လွှတ်တော်တွင် အတည်ပြုထားပြီး ဖြစ်ကြောင်း၊ ထိုနေရာတွင် Third Party အရည်အသွေး စစ်ဆေးရေးဝန်ဆောင်မှုများ မည်သည့်လုပ်ငန်းမျိုးတွင် ငှားရမ်းအသုံးပြု နေသည်ဆိုသည့် မေးခွန်းမျိုးကို ထုတ်ရမည် ဖြစ်နေကြောင်း၊

လက်ရှိ ငှားရမ်းအသုံးပြုနေသည့် Third Party ဆိုသည်များကလည်း ဒီပုတ်ထဲက ဒီပဲလို ဖြစ်နေကြောင်း၊ Company Profile များတွင် စမ်းသပ်ကိရိယာများက ဝေဝေဆာဆာဖော်ပြ ထားကြောင်း၊ သို့သော် တကယ့်လက်တွေ့မြေပြင်တွင် အရည်အသွေးစစ်ဆေးသည့် ကိရိယာ များပါမလာသည့်အတွက် ဌာနပိုင်ပစ္စည်းများကိုသာ ငှားရမ်းအသုံးပြုနေသည်ကို တွေ့ရ ကြောင်း၊ စာချုပ်ထဲတွင် ကြီးကြပ်စစ်ဆေးခြင်းများ၊ အစီရင်ခံစာတင်ပြခြင်းများ စသည့် လုပ်ငန်းများကို ပြည့်ပြည့်စုံစုံထည့်သွင်းချုပ်ဆိုထားသည်ကို တွေ့ရကြောင်း၊ ဥပမာ စာချုပ်ထဲက အချက်တစ်ခုကို ဖော်ပြရမည်ဆိုပါက ဆောက်လုပ်ရေးလုပ်ငန်းစဉ်တိုင်းတွင် ပြုလုပ်သည့် Water Quality Test၊ Concrete Cube Test၊ သံချောင်းများ၏ Test Result များ၊ လမ်းပိုင်း ဆိုင်ရာလုပ်ငန်းများဖြစ်သည့် CBR Test၊ Plate Bearing Test၊ SIT Test စသည့် စမ်းသပ် စစ်ဆေးလုပ်ငန်းများကို စစ်ဆေးပြီးပါက လုပ်ငန်းအပ်နှံသူ သက်ဆိုင်ရာဌာန၏ အကြီးအကဲ ထံသို့ တင်ပြရမည်ဟု ပါရှိကြောင်း၊ သို့သော် တချို့တည်ဆောက်ရေး လုပ်ငန်းများကသာ ပြင်ဆင်နေပြီ၊ Test Result များကို တင်ပြထားခြင်း မရှိသည်ဟု သိရကြောင်း၊ အချို့သော တည်ဆောက်ရေးလုပ်ငန်းများတွင်  လုပ်ငန်းပြီးဆုံးသွားသော်လည်း Third Party အဖွဲ့က ရောက်ရှိလာခြင်းမရှိသည်ကို သိရကြောင်း၊

ထိုကဲ့သို့ ဝန်ဆောင်ခယူပြီး အရည်အသွေးစစ်ဆေးပေးနေသည့်အဖွဲ့များ ပေါ်ပေါက်လာခြင်းကို ကြိုဆိုရမည် ဖြစ်ကြောင်း၊ သို့သော် စစ်ဆေးရာတွင် မည်သည့်ကိရိယာမျှမပါဘဲ ဝတ်ကျေ တမ်းကျေစစ်ဆေးပြီး ဖြစ်ကတတ်ဆန်းလုပ်နေခြင်း၊ နိုင်ငံ့ဘဏ္ဍာကို အလကားသက်သက် ဖြုန်းတီးနေခြင်းသာ ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိ မေးမြန်းလိုသည်က (၁) တည်ဆောက်ရေး လုပ်ငန်းတစ်ခုတည်းတွင် မြို့နယ် QC၊ အခြားအရည်အသွေး စစ်ဆေးရေးအဖွဲ့များ စစ်ဆေးရာ တွင် မည်သည့်အဖွဲ့က မည်သို့တာဝန်ယူစစ်ဆေးမည်နှင့် (၂) တည်ဆောက်ရေးလုပ်ငန်း တစ်ခုကို သတ်မှတ်ကာလမတိုင်မီပျက်စီးပါက တည်ဆောက်ရေးတင်ဒါအောင်ကုမ္ပဏီနှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့များတွင် မည်သူကမည်သည့်တာဝန်ယူပြီးပြန်လည် ပြုပြင်ပေး မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့ အစည်းများအနေဖြင့်သော်လည်းကောင်း၊ လုပ်ငန်းတင်ဒါအောင်မြင်၍ တာဝန်ယူဆောင်ရွက်ရ သည့် ကုမ္ပဏီများအနေဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာလုပ်ငန်း၏ သတ်မှတ်ထားသည့် Design၊ Drawing၊ Specification များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီစွာဖြင့် အဆိုပြုပုံစံများအတိုင်း သက်တမ်းကာလ ကြာမြင့်၍ ခိုင်ခံ့မှုရှိစေရန် အပြည့်အဝတာဝန်ယူဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အရည် အသွေးနှင့် စံချိန်စံညွှန်းမမီသည့် တည်ဆောက်ရေးပစ္စည်းများဖြင့် တည်ဆောက်ထား၍ သော်လည်းကောင်း၊ သတ်မှတ် Design နှင့် Drawing များတွင် အသုံးပြုဆောင်ရွက်မည့် ပစ္စည်းများအသုံးမပြုဘဲ ဆောင်ရွက်လျှင်သော်လည်းကောင်း၊ အသုံးပြုသည့်ပစ္စည်းများ ပြည့်စုံ ကောင်းမွန်သော်လည်း လုပ်ငန်းအား ကြီးကြပ်ဆောင်ရွက်သည့် ကုမ္ပဏီအင်ဂျင်နီယာ၏ အားနည်းချက်ကြောင့် အဆင့်ဆင့်ဆောင်ရွက်ရမည့် လုပ်ငန်းနည်းစနစ်များ လွဲမှားဆောင်ရွက် လျှင်သော်လည်းကောင်းစသည်ဖြင့် တည်ဆောက်ခဲ့လျှင် တည်ဆောက်ရေးလုပ်ငန်းသည် ခိုင်ခန့်မှုမရှိဘဲ အချိန်ကာလ အနည်းငယ်အတွင်း ပျက်စီးမှုများ ဖြစ်ပေါ်နိုင်မည် ဖြစ်ကြောင်း၊

တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး၊ နိုင်ငံတော်ရန်ပုံငွေများ အလေအလွင့်နည်းပါးစွာ ဆောင်ရွက်နိုင်ရေးတို့အတွက် အရည်အသွေး စစ်ဆေးရေးအဖွဲ့များနှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေး ကော်မတီတို့မှ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း အရည် အသွေးစစ်ဆေးရေးကော်မတီသည် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက ဖွဲ့စည်းပေး ထားသည့် အဖွဲ့အစည်းများဖြစ်ပြီး ဝန်ဆောင်ခရယူခြင်းမရှိဘဲ ပြီးစီးမှုရာခိုင်နှုန်းအပေါ် အရည်အသွေး ပြည့်မီစွာပြီးစီးခြင်း ရှိ/မရှိ စစ်ဆေးသည့်အဖွဲ့ ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်ဆိုထားသည့် သတ်မှတ်စည်းကမ်းချက်များအတိုင်း အရစ်ကျငွေပေးချေမှု ဆောင် ရွက်သည့်အချိန်တွင် မြေပြင်၌လုပ်ငန်းများအမှန်တကယ်ဆောင်ရွက်ပြီးစီးမှု ရှိ/မရှိ၊ ဒေသ အတွက်အကျိုးရှိပြီး အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်ဝသည့် တည်ဆောက်မှုဖြစ်စေရန် စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ပြီး ကုမ္ပဏီများမှ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ထိန်းကျောင်းဆောင်ရွက်ပေးနိုင်မှုသာ ရှိကြောင်း၊

အရည်အသွေး ထိန်းကွပ်မှု Third Party အဖွဲ့များအနေဖြင့် ကုမ္ပဏီများမှ ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများတွင် သတ်မှတ် Design နှင့် Drawing ပုံစံများအတိုင်း ဆောင်ရွက် ခြင်း ရှိ/မရှိ၊ Technical Specification နည်းပညာဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ အင်ဂျင်နီယာဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ တည်ဆောက်မှု လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ ဆောင်ရွက်မှု ရှိ/မရှိ၊ သတ်မှတ်အရည်အသွေး ပြည့်မီသည့် တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများ သုံးစွဲမှု ရှိ/မရှိ စစ်ဆေးပြီး အန္တရာယ်ရှိနိုင်သည့်ချို့ယွင်းချက်များစစ်ဆေးတွေ့ရှိပါက ချက်ချင်းသတင်းပေးပို့စေပြီး ပြန်လည်ပြုပြင်စေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တင်ဒါ အောင်မြင်သူသည် လုပ်ငန်း၏ပုံစံပြုသက်တမ်းအတိုင်းခိုင်ခံ့မှုကို အပြည့်အဝတာဝန်ယူ ရမည်ဖြစ်ပြီး တရားဝင်လွှဲပြောင်းပြီးစီးသည့်ရက်မှ နှစ်နှစ်အတွင်း ပျက်စီးမှုများ ဖြစ်ပေါ်လာပါက ကုမ္ပဏီ၏အသုံးစရိတ်ဖြင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း စာချုပ်ပါ စည်း မျဉ်းစည်းကမ်းများတွင် ထည့်သွင်းချုပ်ဆိုထားကြောင်း၊ Defects Liability Period အတွင်း ပျက်စီးပါက ကုမ္ပဏီကအပြည့်အဝတာဝန်ယူပြင်ဆင်ပေးရမည် ဖြစ်ကြောင်း၊ ပစ္စည်းတင်ဒါ စနစ်ဖြင့် ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ရသည့်လုပ်ငန်းများအား အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့် စစ်ဆေး ကြီးကြပ်ခြင်း၊ သုတေသနဓာတ်ခွဲခန်းများမှ တည်ဆောက်မှုဆိုင်ရာအရည်အသွေး ထိန်းသိမ်း ခြင်း၊ စီမံကိန်းလုပ်ငန်းများစတင်သည်မှ ပြီးစီးအောင်မြင်သည်အထိ ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့ လုပ်ငန်းငွေစာရင်း ကိုဓဥပဒေနှင့် ပြည်သူ့လုပ်ငန်းဌာန ကိုဓဥပဒေများတွင် လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်အညီ ထိန်းကွပ်ဆောင်ရွက်ခြင်း၊ မြို့နယ်အရည်အသွေးစစ်ဆေးရေး ကော်မတီနှင့် အခြားအရည်အသွေးစစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးကြီးကြပ်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း၊

မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီနှင့် အခြား Third Party စစ်ဆေးရေးအဖွဲ့များ သည် တည်ဆောက်သည့် လုပ်ငန်းအရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီစေရေး၊ အချိန်မီ ပြီးစီးရေးတို့အတွက် သတ်မှတ် Design နှင့် Drawing များအတိုင်း တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင်ပါဝင်သည့် အသုံးပြုသည့် တည်ဆောက်ရေးလုပ်ငန်းများအရည်အသွေးနှင့် စံချိန်စံညွှန်းတို့ ပြည့်မီစေရေးတို့အတွက် အနီးကပ်ကြီးကြပ်ညှိနှိုင်းပေးသည့်အဖွဲ့များသာ ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ပင်မဓာတ်ခွဲခန်းကြီးများ ထားရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ တို့တွင် သီးခြားဓာတ်ခွဲခန်းများ ဖွင့်လှစ်ထား ရှိကြောင်း၊ QC စစ်ဆေးရေးအဖွဲ့များ၊ Third Party စစ်ဆေးရေးအဖွဲ့များသည် နည်းပညာ မြင့်မားသည့် စစ်ဆေးရေးကိစ္စရပ်များဆောင်ရွက်လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ်များတွင်ရှိသည့် ဓာတ်ခွဲခန်းများတွင် စမ်းသပ်နိုင်ကြောင်း အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ အဆိုပါ စစ်ဆေးသည့်အဖွဲ့များတွင် စစ်ဆေးသည့် စက်ပစ္စည်းကိရိယာများ မပြည့်စုံပါက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ငှားရမ်းပြီး စစ်ဆေးမှုအဖြေများမှန်ကန်စွာ ရရှိစေရန်အတွက် ကူညီပေးလျက် ရှိကြောင်း၊

၂၀၁၄ ခုနှစ်မှစပြီး မိမိတို့ဆောက်လုပ်ရေးဝန်ကြီးဌာနသည် World Road Association ၏ အဖွဲ့ဝင်ဖြစ်လာကြောင်း၊ ထို့ကြောင့် Fidic ၏ လမ်းညွှန်ချက်များကို စဉ်ဆက်မပျက် ရရှိခဲ့ကြောင်း၊ Fidic မှ ညွှန်ကြားလာသည့် Defects Liability Period နှင့် ပတ်သက်သည့် အခန်း(၁၁)တွင်  ရှင်းလင်းစွာ ဖော်ပြထားကြောင်း၊ ကန်ထရိုက်တာ လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် Pink Book  ၁၅ အုပ် ရှိကြောင်း၊ လက်ခံရရှိပြီး အခန်း(၁၁)တွင် Defects Liability Period နှင့် ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းဖော်ပြထားကြောင်း၊ နိုင်ငံတကာတွင် ထို့ကဲ့သို့ Consultant နှင့် Third Party များ ရှိပြီးသား ဖြစ်သော်လည်း လုပ်ငန်းနှင့်ပတ်သက်ပြီး Defects Liability Period အတွင်းတွင် ပျက်စီးမှုများအားလုံးကို ဆောင်ရွက်သည့် ကုမ္ပဏီက သာလျှင် ကျခံရမည်ဟု Fidic တွင် အတိအလင်းဖော်ပြထားခြင်း ဖြစ်ကြောင်း၊ Defects Liability Period ကျော်လွန်ချိန်တွင် ပျက်စီးမှုဖြစ်ပေါ်လာပါက Client တွင် တာဝန်ရှိကြောင်း Fidic က ရေးသားထားခြင်း ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းတစ်ခု သတ်မှတ်ကာလမတိုင်မီ ပျက်စီးပါက အဓိကတာဝန်ရှိသူသည် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်သည့် တင်ဒါအောင် ကုမ္ပဏီဖြစ်ပြီး ပြန်လည်ပြုပြင်ပေးရမည် ဖြစ်ကြောင်း၊ ပြုပြင်နိုင်ခြင်းမရှိပါက ပျက်စီးမှု တန်ဖိုးကို ပေးလျော်ရမည်ဖြစ်ပြီး  အရည်အသွေးပြည့်မီမှုမရှိသည့်အပြင် ဆိုးရွားစွာ ဆောင်ရွက် ထားပါက ကုမ္ပဏီအား Black List ရေးသွင်းခြင်း၊ တာဝန်ခံအင်ဂျင်နီယာအား အင်ဂျင်နီယာ ကောင်စီမှ အရေးယူခြင်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ(Construction Industry Development Law) ကို ရေးဆွဲလျက်ရှိပြီး တည်ဆောက်ရေးကုမ္ပဏီများနှင့် အရည်အသွေးစစ်ဆေးရေး အဖွဲ့များ၊ တာဝန်ခံအင်ဂျင်နီယာ၊ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်၊ မှတ်ပုံတင် အင်ဂျင်နီယာ များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုများကို ထည့်သွင်းရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမြင့်ဟန်ထွန်း (ဘုတလင် မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

တချို့လုပ်ငန်းများတွင် မိမိတင်ပြခဲ့ကြောင်း၊ Third Party ကုမ္ပဏီသည် လာရောက်စစ်ဆေးခြင်း မရှိသည့်လုပ်ငန်းများ ရှိနေကြောင်း၊ တချို့မြို့နယ်များတွင် ထိုအချိန်တွင် ယခုဝန်ကြီးက တင်ဒါအောင်ကုမ္ပဏီက အစစအရာရာအားလုံးကို တာဝန်ပြန်ခံရမည်ဟု ၎င်း Third Party ကို ငှားရမ်းထားခြင်းသည် စစ်ဆေးပေးရန်၊ လာမစစ်သည့် Third Party ဝန်ဆောင်မှုလုပ်ငန်းကို ရယူထားသည့်ကုမ္ပဏီများကို မည်ကဲ့သို့စိစစ်ဖော်ထုတ်ပြီး အရေးယူသွားမည့်အစီအစဉ်ကို သိလိုကြောင်း မေးမြန်းပါသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

Third Party စစ်ဆေးရန်ကိစ္စဆိုသည်က လွှတ်တော်ကြီးမှအဆိုကို အတည်ပြုပေးလိုက်ပါ ကြောင်း၊ အတည်ပြုပြီးသည့် နောက်ပိုင်းတွင် တစ်နိုင်ငံလုံးတွင်ရှိသည့် လုပ်ငန်းများအားလုံးကို Third Party ငှားရမ်းစစ်ဆေးပါဆိုပြီး မိမိတို့ဝန်ကြီးဌာနက တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုလုံးကို ညွှန်ကြားချက်များ ထုတ်ပြန်လိုက်ကြောင်း၊ ထုတ်ပြန်သည့်အချိန်တွင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက Third Party က တချို့သည့် ၎င်းတို့ထံတွင် Third Party မည်သူကို ထားရမည်ကို ထိုအချက်ကို မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အလိုက် စိစစ်ဖွဲ့စည်းပြီး ဆောင်ရွက်ပါဟု လမ်းညွှန်ချက်များပေးသည့်အချိန်တွင် ထိုနေရာတွင် ကိုယ်စားလှယ်တော်ကြီး ပြောသွားသည့် တချို့ Third Party များက မလာဘူး၊ လာပြီး သေချာ မကြီးကြပ်ဘူး စသည်ဖြင့် Complaint တက်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့က ၎င်း Third Party ကို Blacklist လုပ်ပြီး နောက်နှစ်တွင် တာဝန်မပေးတော့ဘူး စသည်ဖြင့်၊ ၎င်း Blacklist လုပ်သည့် စာရင်းကို မိမိတို့ထံကို ပေးပို့၊ မိမိတို့၏ Website တွင် တင်လိုက်ပါက  ကျန်သည့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တာဝန်ပေးရန် မရတော့ကြောင်း၊ ထို့ကြောင့် ၎င်း Third Party များသည် လက်ရှိအခြေအနေတွင် နှစ်မျိုး နှစ်စား တွေ့ရကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့က ငှားရမ်းလိုက်သည့် Third Party နှစ်မျိုး နှစ်စားတွင် ပထမအမျိုး အစားသည် ၎င်းတို့သည် Third Party ဆိုသည်ကို တကယ့်၎င်းတို့ကိုယ်တိုင် ပညာရှင်ကြီး များဟု ယူဆပြီး ၎င်းတို့ကအာဏာပြပြီးလုပ်သည့် ကုမ္ပဏီလေးများကို အာဏာပြသည့် Third Party မျိုး ရှိသလို၊ တချို့ Third Party များသည် မဟုတ်ဘူး၊ ထိုကဲ့သို့ လုပ်သည့် ကုမ္ပဏီနှင့် ပေါင်းပြီး ဒါလေးကို ဒီလိုလေးလျှော့ လုပ်လိုက်၊ ဒါလေးက ဒီလိုလေးလျှော့လို့ရတယ်၊ ဘယ်သူမှ ဘာမှမသိဘူး စသည်ဖြင့် ထိုကဲ့သို့တစ်မျိုး၊ ဆိုလိုသည်က နှစ်မျိုးနှစ်စား တွေ့သလို နောက်ထပ် တစ်မျိုးသည် မှန်မှန်ကန်ကန် ကြီးကြပ်နေသည့် Third Party ကုမ္ပဏီလည်း ရှိကြောင်း၊ ထို့ကြောင့် သုံးမျိုးသုံးစားရှိသည်ဟု ပြောရကြောင်း၊ တစ်မျိုးသည် လုပ်သည့် ကုမ္ပဏီများ အပေါ်တွင် အာဏာပြနှင့် ခြိမ်းခြောက်သည့် Third Party တစ်မျိုး၊ နောက်တစ်မျိုးသည် လုပ်နေသည့် ကုမ္ပဏီနှင့်သွားပြီး ပူးပေါင်းလိုက်သည့် Third Party၊ နောက်တစ်မျိုးသည် မှန်မှန်ကန်ကန်လုပ်သည့် ကုမ္ပဏီ၊ မိမိတို့သည် မှန်မှန်ကန်ကန်လုပ်သည့် ကုမ္ပဏီများကို တစ်နိုင်ငံလုံးတွင်ပြန့်ပွားစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကို Checklist များ ပေးပို့ပြီး မိမိတို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။