Skip to main content

(စ)-မြန်မာနိုင်ငံအနှံ့အပြားရှိ ကြိုးတံတားများကို သံကူကွန်ကရစ်တံတားများ အစားထိုး တည်ဆောက်သွားမည့် အစီအစဉ်အစား လက်ရှိကြိုးတံတားကြီးများ၏ ခိုင်ခံ့မှု ပိုမိုလာစေရန် ကြိိုးအစားထိုးခြင်း (သို့မဟုတ်) အခြားနည်းလမ်းရှာ၍ လုပ်ဆောင်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

မိမိတို့ မြန်မာနိုင်ငံ အနှံ့အပြားတွင် ကြိုးတံတားများ ရှိကြောင်း၊ ကြိုးတံတား ၂၉ စင်း ရှိကြောင်း၊ ၎င်းကြိုးတံတား ၂၉ စင်းကို သံကူကွန်ကရစ် တံတားများအဖြစ် အစားထိုးတည်ဆောက် သွားမည့် အစီအစဉ်ကို ဒုတိယဝန်ကြီးက ပြည်သူ့လွှတ်တော်တွင် လာရောက်ဖြေကြားသည့် အထဲတွင်ပါသွားကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံရှိ ကြိုးတံတားများကို သံကူကွန်ကရစ် တံတားများနှင့် အစားထိုးမည့် အစား ကြိုးတံတားများကို ပိုမိုခိုင်ခံ့သွားစေရန်  ကြိုးလဲလှယ်ခြင်း သို့မဟုတ် ကြိုးကို ထပ်ပိုးအသုံးပြုခြင်း သို့မဟုတ် အခြားနည်းဖြင့် ၎င်းကြိုးတံတားများကို သက်တမ်းရှည်စေရန် ဆောင်ရွက်နိုင်သည့် နည်းလမ်း ရှိ/မရှိ သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ကြောင်း၊

မိမိတို့ ပြီးခဲ့သည့်နှစ်ပိုင်းက မြောင်းမြတံတား ပျက်ကျခဲ့ကြောင်း၊ ၎င်းမြောင်းမြတံတား ကြိုးပျက်ကျခဲ့သည့်အချိန်တွင် ၎င်းကြိုးများသည် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ် ရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်တစ်ယောက်ဖြစ်သည့်အတွက် မိမိတို့ကော်မတီက ဆောက်လုပ် ရေးဝန်ကြီးဌာနက တာဝန်ရှိသူများကိုခေါ်ပြီး မေးမြန်းစုံစမ်းသည့်အချိန်တွင် မည်သည့်အတွက် ယခုကဲ့သို့ ဖြစ်ရသည်ကို မေးသည့်အချိန်တွင် ၎င်းသည်စီးပွားရေးပိတ်ဆို့ထားခံရသည့် ကာလက ဝယ်ယူရသည့် ကြိုးများဖြစ်သည့်အတွက် အာမခံချက် မရှိကြောင်း၊ အာမခံချက် မရှိသည့် အတွက် ဖြစ်ရသည်ဟု ဖြေကြားသွားသည့်အတွက် မိမိတို့က မေးကြောင်း၊ ၎င်းကြိုးတံတား များကို ကြိုးလဲ၍ မရဘူးလား၊ ယခုဝယ်လို့ရသည့်အချိန်တွင်ဝယ်၍ မရဘူးလား၊ အာမခံချက် ရှိသည့် ကြိုးနှင့်လဲပြီး အသုံးပြုပါက မရဘူးလား၊ ထို့ကြောင့် တံတားတစ်ခုကို သံကူကွန်ကရစ် တံတားနှင့် ပြင်ပြီးဆောက်မည်ဆိုပါက အင်မတန်ကုန်ကျစရိတ်များကြောင်း၊ ဥပမာ ပြောရမည်ဆိုပါက ပုသိမ်မှ သာပေါင်းမြို့နယ်ကို သွားသည့်အခါ ချောင်းသာသွားသည့် လမ်းတွင် ၎င်းလမ်းတွင် ရှိသည့် ကြိုးတံတားကြီးသည် သက်တမ်းအနည်းငယ်သာ ရှိသည်ဖြစ်သော်လည်း ၎င်းကြိုးတံတားကြီးကို မခိုင်တော့ဘူးဟု ဆိုပြီး ပုသိမ်မြို့မှ သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်နေသည်ကို တေွ့ရကြောင်း၊ ကုန်ကျစရိတ်မည်မျှရှိသလဲဟု မေးသည့်အခါ ၂၁ ဘီလီယံကုန်မည်ဟု ထိုနေရာကတာဝန်ရှိသည့်သူများက ‌ဖြေကြောင်း၊ ထို့ကြောင့် မိမိတို့ တံတားပေါင်း ၂၉ စင်း ရှိသည့် နေရာတွင် ၎င်းတံတား ၂၉ စင်းကို သံကူကွန်ကရစ် တံတား များနှင့် အစားထိုးမည်ဆိုပါက မိမိတို့နိုင်ငံက ဘတ်ဂျက်လိုငွေပြနေသည့် နိုင်ငံဖြစ်သည့်အတွက် မိမိတို့ ဘတ်ဂျက်က နိုင်ငံရှေ့ကို တိုးတက်စေရန်အတွက် ၎င်းအဟောင်းများ ပြန်ပြင်နေရသည့် ကာလနှင့်သာ အဆုံးသတ်နေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိမေးချင်သည့် မေးခွန်းသည် ကြိုးတံတားများကို သံကူကွန်ကရစ် တံတားများနှင့် အစားထိုးမည့်အစား ကြိုးတံတားများကို ကြိုးလဲလှယ်တပ်ဆင်ခြင်း သို့မဟုတ် ထပ်ပိုးခြင်း၊ ပြုခြင်း၊ ပိုမိုခိုင်ခံ့စေရန် ဆောင်ရွက်၍ ရ/မရ သိလိုကြောင်း မေးမြန်းပါသည်။


ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် လမ်းပန်းဆက်သွယ်ရေးလျင်မြန်စွာဖွံ့ဖြိုးတိုးတက် လာစေ ရန်အတွက် လမ်းများဖောက်လုပ်ခြင်း၊ တံတားများတည်ဆောက်ခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်း၊ တံတားများတည်ဆောက်ရာတွင် မြစ်ချောင်းများ အနေအထား၊ မြစ်ကြမ်းပြင် အနေအထား၊ မြေအမျိုးအစားနှင့် တည်ဆောက်ရေး စက်ယန္တရားများပေါ်မူတည်၍ တစ်ချို့ ဒေသများတွင် ကြိုးတံတားများကို မဖြစ်မနေတည်ဆောက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကြိုးတံတားများ တည်ဆောက်ချိန်တွင် မြန်မာနိုင်ငံသည် စီးပွားရေးပိတ်ဆို့မှုခံထားရခြင်း၊ တိုင်းပြည်၌ နိုင်ငံခြားငွေကြေးအခက်အခဲရှိခြင်းတို့ကြောင့် နိုင်ငံတကာအဆင့်မီ တံတား ပစ္စည်းများနှင့် စက်ယန္တရားများကို ဝယ်ယူသုံးစွဲခွင့်မရသည့်အပြင် ကန့်သတ်မှုများကြားမှ ခက်ခဲစွာတည်ဆောက်ခဲ့ကြရကြောင်း၊

၁၉၉၄ ခုနှစ်မှစပြီး ကြိုးတံတားအစင်းပေါင်း ၃၀ စင်းနှင့် ကြိုးဆိုင်းတံတားသုံးစင်းကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ မြောင်းမြတံတားနှင့် နည်းပညာတူတည်ဆောက်ခဲ့သည့် တံတား ၁၀ စင်း ရှိကြောင်း၊ ၁-၄-၂၀၁၈ ရက်နေ့တွင် မြောင်းမြ ကြိုးတံတားဟောင်း ပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် ကြိုးတံတားများ၏ ကြံ့ခိုင်မှုနှင့် အခြေအနေများကို ခေတ်မီနည်းစနစ်၊ ကိရိယာတို့ဖြင့်စစ်ဆေးပြီး ခံနိုင်ဝန်နှင့် ကြံ့ခိုင်မှု အဆင့်အတန်းများကို ဆန်းစစ်နိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့မှ ပြည်တွင်း/ပြည်ပ ကျွမ်းကျင်တံတား ပညာရှင်အဖွဲ့များလေးဖွဲ့ခွဲ၍ အသေးစိတ်စစ်ဆေးခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း၊

အဆိုပါ ကျွမ်းကျင်ပညာရှင်များ၏ စစ်ဆေးချက်များအရ လက်ရှိကြိုးတံတားများအား ယခင် ခွင့်ပြုတန်ချိန်ထက် ထပ်မံလျှော့ချရန်၊ တံတား၏ အားနည်းသည့်အပိုင်းများကို အကြီးစား ပြုပြင်ရန်၊ လက်ရှိတံတားကို အသုံးမပြုဘဲ အသစ်အစားထိုးဆောက်လုပ်ရန်စသည်ဖြင့် ကြံ့ခိုင်မှု အဆင့်အတန်းသုံးမျိုးခွဲခြားသတ်မှတ်ခဲ့ပြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း၊ ယခင်တည်ဆောက်ခဲ့သည့် ကြိုးတံတားများ၏ Design တွင် Main Cable ကြိုးများကို ကြိုးထိန်းခုံ Anchor Block ထဲတွင် ကွန်ကရစ်ငုံလောင်းသည့် နည်းစနစ်ကို အသုံးပြုထား၍ အသေးစိတ်စစ်ဆေးနိုင်မှုမရှိသည့်အတွက် အချိန်ကာလကြာမြင့်သည့်အချိန်တွင် ကွန်ကရစ် အတွင်း သံချေးစားပြီး မြောင်းမြကြိုးတံတားကဲ့သို့ ပြတ်ကျခြင်းများ ဖြစ်ပေါ်လာတဲ့အတွက် အချို့ကြိုးတံတားများကို အသစ် ပြန်လည်တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊

ခေတ်မီနည်းပညာများ တိုးတက်လာသည့်အချိန်တွင် တည်ဆောက်ခဲ့သည့် လိန်းလီ ကြိုးတံတား သည် High-Strength ၊ Galvanized Strand များဖြင့် ဖွဲ့စည်းထားသည့် Main Cable အမျိုးအစား ဖြစ်သဖြင့် Fatigue Resistance အလွန်ကောင်းမွန်ပြီး Anchorage System မှာလည်း တပ်ဆင်ရလွယ်ကူ၍ အလွန်စိတ်ချရသည့် တံတားဖြစ်ကြောင်း၊ Pylon တာဝါတိုင်တွင်လည်း ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်ပါက အဆင်ပြေစေရန် Manhole များ တပ်ဆင်ထားကြောင်း၊ ကလေးဝမြို့နယ်တွင်ရှိသည့် မြစ်သာတံတားသည် ဥရောပ နည်းပညာဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သောကြောင့် တံတားကြံ့ခိုင်မှုတွင် တောင့်တင်းခိုင်မာမှု ရှိကြောင်း၊ ကြိုးတံတားများ၏ Cable အပိုင်းကိုသာ လဲလှယ်ရန် ဆောင်ရွက်မည်ဆိုပါက အငှားတာဝါကို အရင်ဦးစွာ ဆောက်လုပ်ရကြောင်း၊ အငှားတာဝါ ဆောက်လုပ်၍ Anchor Block ပြုလုပ်ပြီး ၎င်းတာဝါတွင် ယာယီ Cable ကြိုးကို အထိုင်ချ ဆောင်ရွက်ရကြောင်း၊ Cable ကြိုး အထိုင်ချပြီးပါက မူလတံတားမှ Stiffening Girder များကို အငှား Suspender များဖြင့် ချိတ်ဆက် ဆောင်ရွက်ရကြောင်း၊

တံတားဟောင်းမှ Suspender များနှင့် Main Cable ကို ဖြုတ်သိမ်းပြီး Main Cable အသစ်ကို မူလ Anchor Block တွင် ပြန်လည်ထည့်သွင်း တပ်ဆင်ခြင်းများ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ Main Cable တပ်ဆင်ပြီးပါက မူလတံတား Stiffening Girder များကို Suspender အသစ်နှင့် တွဲဆက်ခြင်း ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ၎င်း Stiffening Girder နှင့် Cable များ ချိတ်ဆက်ပြီးမှ ယာယီ Suspender ယာယီ Cable ကြိုးများကို ဖြုတ်သိမ်းရမည် ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရန် အချိန်များစွာယူရမည်ဖြစ်ပြီး ကုန်ကျစရိတ်သည် တံတားအသစ် ဆောက်လုပ် ခြင်းထက် လွန်စွာပိုမိုများပြားမည် ဖြစ်ကြောင်း၊ တန်ချိန် သတ်မှတ်ချက်သည် P.C တံတားကဲ့သို့ Steel Box Girder တံတားများလောက်ကြံ့ခိုင်မှုရှိမည် မဟုတ်ကြောင်း၊ Load Class အား တန် ၆၀ အထိ တိုးမြှင့်နိုင်မှု မရှိခြင်း၊ အဆင့်မြင့်နည်းပညာလိုအပ်ခြင်းတို့အပြင် နိုင်ငံခြားငွေကို သုံးစွဲရန်လိုအပ်နေကြောင်း၊ ကြိုးတံတားအဟောင်းကိုဖြုတ်ချပြီး အလယ်တွင် ရေလယ် တိုင်ထားရှိပြီး Design Loading (HS25-44) ဖြင့် ခံနိုင်ဝန် ၆၀ တန်အထိ ရှိသည့် တံတားများကို ပြန်လည်တည်ဆောက်ခြင်း ဖြစ်ကြောင်း၊

အခုလက်ရှိ မိမိတို့ ဝါးခယ်မကြိုးတံတားရေလယ်ခေါင်တွင် မိမိတို့ကြိုးတံတားကို ဖြုတ်ပြီး ရေလယ်တွင် တိုင်ထောက်လိုက်ခြင်း ဖြစ်ကြောင်း၊ ထို့အတိုင်း လပွတ္တာတံတားနှင့် မိမိတို့ ကျွန်းကုန်း တံတားတို့သည် အလားတူဖြစ်ကြောင်း၊ ထို့အပြင်မိမိတို့ ရွှေလောင်းတံတားသည် အလယ်ခေါင်ကို ဖြုတ်ချပြီး ရေလယ်တွင် တိုင်ထောက်လိုက်သည့်အတွက် ဆိုလိုသည်က ချဉ်းကပ်တံတားများကို မိမိတို့က ပြန်လည်အသုံးပြုမည်ဖြစ်ပြီး ရေလယ်တွင်ရှိသည့် ကြိုးတံတားနေရာကို R.C တံတားနှင့် အစားထိုးမည် ဖြစ်သည့်အတွက် ကုန်ကျစရိတ်များစွာ သက်သာခဲ့ကြောင်း၊ ကြိုးတံတားအပိုင်းများကိုဖြုတ်သိမ်း၍ အဆင့်မြှင့်တင် ဆောက်လုပ်ရာတွင် ဂျပန်နည်းပညာသုံး ပြည်တွင်း သံဘောင်စက်ရုံများမှ အခန်းဖွင့် ကျယ်သံပေါင်များ ထုတ်လုပ်ပြီး တံတားခံနိုင်ဝန် ၆၀ တန်မှ ၇၅ တန်အထိ ရှိမည်ဖြစ်ပါသဖြင့် နှစ်စဉ် ထိန်းသိမ်းပြုပြင်ခြင်း ဆောင်ရွက်ထားပါက တံတားသက်တမ်း (Service Life) ၇၅ နှစ်အထိ ခံနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံခြားငွေသုံးစွဲရန်မလိုအပ်သည့်အပြင် ပြည်တွင်းငွေသုံးငွေဖြင့် ဆောက်လုပ်နိုင်မည် ဖြစ်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာမည် ဖြစ်ကြောင်း၊ ကြိုးတံတားများကို ပြုပြင်သည့် နေရာတွင်အများစုကို ပင်မကြိုးတံတားအပိုင်းကိုသာ ဖြုတ်သိမ်းတည်ဆောက်ပြီး ကျန်ချဉ်းကပ် တံတားအပိုင်းများကို  မူလအတိုင်းဆက်လက်အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေရန် စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ဥပမာအားဖြင့် မဲဇလီ တံတား၊ လပွတ္တာ တံတား၊ ဝါးခယ်မ တံတား၊ ရွှေလောင်းတံတားများနှင့် တချို့သောတံတားများကို မဖြစ်မနေ မိမိတို့ ရေလယ်ပိုင်း တွင် အသစ်တည်ဆောက်ရခြင်းများကို ဆောင်ရွက်ကြောင်း၊ တစ်ချို့ အသစ်တည်ဆောက်ရ သည့်တံတားများသည် ဥပမာအားဖြင့် ရာမောင်တံတားနှင့် ကျွန်းကုန်း တံတားတို့ ဖြစ်ကြောင်း၊

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ခရီးသွားလာမှု၊ ကုန်စည်စီးဆင်းမှုများ တိုးတက်များပြားလာပြီး ယာဉ်စီးရေများပြားလာမှုနှင့်အတူ တန်ချိန်များပြားသည့် ယာဉ်ကြီး များ လမ်းမကြီးပေါ်တွင် နေ့စဉ်ဖြတ်သန်းသွားလာလျက်ရှိသည့်နေရာတွင် ပြည်သူများ ဘေးကင်း လုံခြုံရေးအတွက် တံတားကြီးများ၏ ကြိုးအပိုင်းများအား Load Class မြင့်မားသည့် Steel Box Girder၊ Steel Truss တို့ဖြင့် အဆင့်မြှင့်တင် တည်ဆောက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။