Skip to main content

 

မြန်မာနိုင်ငံတစ်ဝန်းရှိ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂၀၁၅)နှင့် နည်းဥပဒေ(၂၀၁၇) ပြဋ္ဌာန်းချက် များပါအချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ အထက်ပိုင်းတွင် ပြန်လည်သန်စွမ်းရေးဆေးရုံ(၁)ရုံ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက်ကို မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်က ပါဝင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မသန်စွမ်းသူများ၏အခွင့်အရေးနည်းဥပဒေ ကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၎င်းနည်းဥပဒေ၏အခန်း(၄)အပိုဒ် ၂၁၊ ၂၂ နှင့့် ၂၄ များတွင် ကျန်းမာရေးဆိုင်ရာဆောင်ရွက်ပေးရမည့် ကိစ္စရပ်အဝဝကိုလည်း အသေးစိတ်ဖော်ပြထား ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ၏ ၂.၃ ရာခိုင်နှုန်း၊ တစ်နည်းအားဖြင့် လူပေါင်းတစ်သန်းကျော်သည် မသန်စွမ်းသူများဖြစ်ပါကြောင်း၊ ပြည်ပအဖွဲ့ အစည်းတစ်ခုက မိမိတို့နိုင်ငံအတွင်းတွင် မသန်စွမ်းသူပေါင်း ၁၀ ရာခိုင်နှုန်းအထိရှိသည်ဟု ဖော်ပြထားပါကြောင်း၊ မသန်စွမ်းမှုအဓိပ္ပာယ်ဖွင့်ဆိုချက်များ မတူညီသည့်အတွက် လွဲနေကြခြင်း ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများထဲတွင် အမြင်အာရုံမသန်စွမ်းသူများ၊ အကြားအာရုံမသန်စွမ်း သူများ၊ စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်ဉာဏ်သွေးနိမ့်သူများ၊ ကိုယ်လက်အင်္ဂါချို့တဲ့သူများ ပါဝင် ပါကြောင်း၊ မိမိတို့၏မျိုးရိုဗီဇကြောင့်သော်လည်းကောင်း၊ ကူးစက်ရောဂါများကြောင့်သော်လည်း ကောင်း၊ ဓာတုပစ္စည်းများနှင့် ဆေးဝါးများကြောင့်သော်လည်းကောင်း၊ မတော်တဆထိခိုက် ဒဏ်ရာများကြောင့်သော်လည်းကောင်း မသန်မစွမ်းမှုများဖြစ်ပွားနေပါကြောင်း၊ ယနေ့အခါ ထိခိုက်ဒဏ်ရာများနှင့် မတော်တဆဖြစ်မှုများကြောင့် မသန်စွမ်းသူများများပြားလာနေပါ ကြောင်း၊ မသန်စွမ်းသူအများစုသည်လည်း အခြားသူများကို မှီခိုနေထိုင်ကြရသည့်အတွက် ဆင်းရဲချို့တဲ့သူများဖြစ်ပြီး ဆင်းရဲချို့တဲ့သောမိသားစုများ၏ မသန်စွမ်းသူများကလည်း ချို့ချို့ တဲ့တဲ့ဖြင့် နေထိုင်နေကြရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများကို အလေးထားဆောင်ရွက်ပေးလျက်ရှိသော်လည်း မသန်စွမ်း သူများ လူ့အသိုင်းအဝိုင်းတွင် တန်းတူပါဝင်ခွင့်ရရှိရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများအတွက် မိမိတို့ရှေ့ဆက်ပြီး များစွာဆောင်ရွက်ပေးရန် လိုသေးပါကြောင်း၊ မသန်စွမ်းသူများ၏ အလုပ်အကိုင်ရရှိရေးနှင့့် ဖွံ့ဖြိုးတိုးတက်ရေးများကို ဆောင်ရွက်ပေးနိုင်မည်ဆိုပါက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများနှင့် ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းကိုဆောင်ရွက်ရန် လက်ရှိအခြေအနေတွင် ရန်ကုန်မြို့၊ ကျိုက်ဝိုင်းရှိ ပြန်လည်သန်စွမ်းရေးဆေးရုံတစ်ခုသာရှိပါကြောင်း၊ မြန်မာပြည် အထက်ပိုင်းတွင် ပြန်လည်သန်စွမ်းရေးဆေးရုံမရှိသေးသော်လည်း မြန်မာနိုင်ငံအထက်ပိုင်းတွင် မတ္တရာမြို့ရှိ အနာကြီးရောဂါဆေးရုံသည် အနာကြီးရောဂါကိစ္စရပ်များသာမက ပြန်လည် သန်စွမ်းရေးကိစ္စအဝဝကို ဆောင်ရွက်ပေးနေပါကြောင်း၊ ယခုအခါ နိုင်ငံတစ်ဝန်းတွင် အနာကြီး ရောဂါ နှစ်စဉ်ဖြစ်ပွားမှုလျော့နည်းလာသည့်အတွက် အနာကြီးရောဂါသည်များ နည်းလာပြီဖြစ် ပါကြောင်း၊ အနာကြီးရောဂါကြောင့် ကိုယ်လက်အင်္ဂါချို့တဲ့သူများကိုသည် အဓိကထားပြီး ပြုစု ပျိုးထောင်ပေးနေရသည့်ဆေးရုံလည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအထက်ပိုင်းတွင် ပြန်လည် သန်စွမ်းရေးဆေးရုံမရှိသည့်အတွက် မြန်မာနိုင်ငံအထက်ပိုင်းတွင် ပြန်လည်သန်စွမ်းရေး ကိစ္စရပ်ကို ဆောင်ရွက်လိုသောပုဂ္ဂိုလ်များသည် ရန်ကုန်မြို့အထိလာရသည့်အတွက် နေရေး၊ စားရေး၊ သွားရေး၊ လာရေးကိစ္စအဝဝအတွက် အခက်အခဲများနှင့် ကြုံနေရတာဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြန်လည်သန်စွမ်းရေးဆေးရုံတစ်ခု အထက်မြန်မာနိုင်ငံတွင် လိုအပ်နေပါကြောင်း၊ မတ္တရာဆေးရုံအနေဖြင့် အနာကြီးရောဂါသည်များ၏ ပြန်လည်သန်စွမ်းရေးလုပ်ငန်းများ၊ ခြေတု လက်တုကိစ္စရပ်များကိုလည်း ယခုအချိန်တွင်ဆောင်ရွက်နေပြီး ဝန်ထမ်းအများစုသည် ပြန်လည် သန်စွမ်းရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်မှုရှိနေကြပါကြောင်း၊ ထို့ကြောင့် လိုအပ်ချက်ရှိနေသော မြန်မာနိုင်ငံအထက်ပိုင်းတွင် ပြန်လည်သန်စွမ်းရေးဆေးရုံတစ်ရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် တည်ဆောက်ပေးရန်အခက်အခဲရှိပါက မတ္တရာ အနာကြီးဆေးရုံကို ပြန်လည်သန်စွမ်းရေးဆေးရုံအဖြစ်ဖြင့်ပြုပြင်ပြောင်းလဲပြီး အဆင့်တိုးမြှင့်‌ပြီး ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး

မိမိတို့ ၎င်းကိစ္စကို မေလလောက်ကတည်းက စဉ်းစားပါကြောင်း၊ အဆိုပါဆေးရုံကို မသန်မစွမ်းဆေးရုံအဖြစ် ပြောင်းလိုက်မည်ဆိုပါက Utilization အသုံးချရန် အရမ်းများမည် ဖြစ်ပါကြောင်း၊ ၎င်းဆေးရုံကြီးသည် ခုတင် ၇၀၀ ဆံ့ဆေးရုံဖြစ်ပါကြောင်း၊ ထို့ကြောင့်‌ မေလ ၂၃ ရက်နေ့တွင် မိမိတို့ကုသရေးဦးစီးဌာန၏ EC စီမံခန့်ခွဲရေးအစည်းအဝေး အမှတ်စဉ် (၆/၂၀၁၉) ဖြင့် ဆုံးဖြတ်ပြီးဖြစ်ပါကြောင်း၊ ၎င်းဆေးရုံကြီးကို အနာကြီးဆေးရုံဟုမခေါ်ဘဲ ပြန်လည် သန်စွမ်းရေးဆေးရုံဟုခေါ်ရန် မိမိဆုံးဖြတ်ပြီးပြောင်းသော်ငြားလည်း အဆင့်ဆင့်ရှေ့ဆက်ပြီး တင်မည် ဖြစ်ပါကြောင်း၊ လတ်တလော အဆိုပါဆေးရုံတွင် ခုတင် ၇၀၀ ရှိသည့်အပြင် ရုံးခန်း၊ ပြင်ပလူနာ၊ ခြေတုဌာန၊ ဖိနပ်ချုပ်ဌာန၊ ဓာတ်ခွဲဌာန၊ အကြောစစ်ဌာန၊ ဆေးဝါးသိုလှောင်ရုံ၊ အတွင်းလူနာဆောင် ၁၀ ဆောင်၊ မီးဖိုကြီး၊ ခွဲစိတ်ဆောင်၊ ရင်ခွဲရုံ၊ ဓမ္မာရုံ၊ Recreation Centre၊ အစည်းအဝေးခန်းမ၊ သင်တန်းသားအိပ်ဆောင်၊ သင်တန်းခန်းမ၊ ဝန်ထမ်းအိမ်ရာ အရာရှိအတွက် ၁၂ လုံး၊ နှစ်ခန်းတွဲအိမ်ရာ အလုံး ၆၀ ရှိပါကြောင်း၊ အတော်ပြည့်စုံသော ဆေးရုံကြီးတစ်ရုံ ဖြစ်ပါကြောင်း၊ ဆေးရုံတွင်လည်း ဆေးဝါးကုသမှုများအပြင် ကိုယ်အင်္ဂါချို့တဲ့သူများကိုလည်း ခွဲစိတ်ပါကြောင်း၊ Reconstructive Surgery လုပ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ သင်ကြားပေးရပါကြောင်း၊ ဥပမာ အနာကြီးရောဂါနှင့် နောက်ဆက်တွဲဝေဒနာများ ကို ကုသပေးပါကြောင်း၊ ပတ်ဝန်းကျင်မှလာသော လူနာအားလုံးကိုလည်း ကုသပေးပါကြောင်း၊ ထိခိုက်ဒဏ်ရာ၊ အရိုးရောဂါနှင့် အထွေထွေရောဂါကုအကုန်လုံးကိုလည်း ကုသပေးလျက် ရှိပါကြောင်း၊ တစ်နှစ်ပတ်လုံး အတွင်းလူနာပေါင်း ၂၃၆၆၂ ယောက်လာပါကြောင်း၊ ပြင်ပလူနာ ၆၆၁၄ ယောက်၊ တစ်နေ့လျှင် အတွင်းလူနာ ၆၅ ယောက်၊ အပြင်လူနာ ၂၈ ယောက်ဖြစ် သည့်အတွက် အတော်နည်းနေပါကြောင်း၊ ဆေးရုံကသုံးသင့်သလောက် မသုံးဘူးဖြစ်နေ ပါကြောင်း၊ အနာကြီးဟု နာမည်တပ်ထားသည့်အခါ တော်ရုံတန်ရုံလူက နည်းနည်းလေး ဖြစ်သွားသည့်သဘောရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတင်ပြသည့်အတိုင်း ပြန်လည်သန်စွမ်းရေးဆေးရုံဟုခေါ်ပြီးလုပ်ပါက အရမ်းအကျိုးရှိပါကြောင်း၊ ထို့ပြင် ၎င်းဆေးရုံ တွင် ပြန်လည်သန်စွမ်းရေး လောလောဆယ်လုပ်နေပါကြောင်း၊ အကြော၊ အဆစ်ပိုင်းများ ကုသပါကြောင်း၊ ခွဲစိတ်ပြုပြင်ခြင်း၊ ခြေတုအားပြုကိရိယာများလည်း ပြုလုပ်တပ်ဆင်ပေးသည့့် အပြင် သင်ကြားရေးအနေဖြင့် ကိုယ်အင်္ဂါချို့ယွင်းမှုဘာသာရပ် သင်ကြားရေးများ သင်ပေး ပါကြောင်း၊ ပြန်လည်စွမ်းဆောင်ရေးနှင့် ရူပဗေဒဆေးကုပညာသင်ကြားပေးပါကြောင်း၊ အနာကြီးရောဂါဆိုင်ရာ ဖိနပ်ချုပ်ပညာ၊ ရောဂါသည်များကို ထုံနေသော ခြေ၊ လက်၊ မျက်စိများ အတွက် မိမိကိုယ်ကိုစောင့်ရှောက်သည့်ပညာ၊ လုပ်ငန်းအတတ်ပညာ၊ သံဖြူ၊ ခြင်းထိုး၊ စက်ချုပ် အစရှိသဖြင့် အကုန်လုံးကိုသင်နေသည့်အပြင် သူနာပြုသားဖွားကျောင်းကလာသော သင်တန်း သားများထဲတွင် သင်ကြားပေးလျက်ရှိပါကြောင်း၊ အကယ်၍ ပြန်လည်သန်စွမ်းရေးလုပ်မည် ဆိုပါက အားလုံးရှိပါကြောင်း၊ လူအနည်းငယ်ပိုခန့်ရန် လိုပါကြောင်း၊ ဆေးလူမှုဆက်ဆံရေး အရာရှိတစ်ဦး၊ ခြေတု၊ လက်တုကျွမ်းကျင် နှစ်ယောက်၊ အကြောကျွမ်းကျင်နှစ်ယောက်၊ ဓာတ်မှန်ကျွမ်းကျင်တစ်ဦး၊ ဆေးဝါးကျွမ်းကျင်နှစ်ဦး၊ သူနာပြုဆရာမကြီးနှစ်ဦး၊ သူနာပြု ၁၀ ဦး အစရှိသဖြင့် ထပ်မံခန့်လိုက်မည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ်ကြီးပြောသည့်အတိုင်း အကုန်လုပ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ အောက်မြန်မာပြည်တွင် National Re-health Hospital ကျိုက်ဝိုင်းတွင်ရှိသည့်အပြင် Physical Rehabilitation Centers နှင့်ပတ်သက်ပြီး ကျိုင်းတုံ၊ မြစ်ကြီးနားတွင် ICRC ကအကူအညီပေးပြီး ပြုလုပ်ပေးနေပါကြောင်း၊ ICRC ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်စား အထူးကျေးဇူးတင်ကြောင်း ပြောလိုပါကြောင်း၊ ၎င်းတို့၏ ပံ့ပိုးမှုကြောင့်သာလျှင် မိမိတို့ကအများကြီးဖြစ်သည့်အပြင် Prosthetics နှင့် Orthotics Clinic များကိုလည်း Exceed World Wide ၊ JICA ပိုက်ဆံဖြင့် လုပ်ပြီး အများကြီးပေးနေပါကြောင်း၊ ဆိုလိုသည်က ပြင်ပကနေပြီး ခြေတုလက်တုကို လုပ်မည့်နေရာတွင် စက်များလည်းပေး ပါကြောင်း၊ လုပ်ပုံလုပ်နည်းများလည်း သင်ကြားပေးပါကြောင်း၊ ကမ္ဘောဒီယားကဆရာများ ကျိုက်ဝိုင်းတွင် လာပြီးသင်ပေးနေပါကြောင်း၊ မိမိတို့လူများ ကိုယ်တိုင်တော်တော်လည်း လုပ်တတ်နေပါပြီ ဖြစ်ပါကြောင်း၊ အနာကြီးဆေးရုံတွင်လည်း ထပ်မံအားဖြည့်ပေးမည်ဆိုပါက မရစရာအကြောင်းမရှိပါကြောင်း၊ စက်ပစ္စည်းကိရိယာလည်း အနည်းငယ်သာလိုမည် ဖြစ်ပါ ကြောင်း၊ စက်ပစ္စည်းကိရိယာလုပ်ရန်အတွက်လည်း ပိုက်ဆံလုံလောက်မှုရှိပါကြောင်း၊ အနာကြီး ရောဂါပျောက်သလောက်ဖြစ်သည်ဆိုတိုင်း မပျောက်ပါကြောင်း၊ National Elimination အရ လူတစ်သောင်းတွင် တစ်ဦးထက်နည်းပါက National Elimination ရသော်လည်း ကွက်ကျားကွက်ကျား ဖြစ်နေသည့်နေရာ အများကြီးရှိပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် အသစ်ရောဂါ ၂၂၀၀ တွေ့ရပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင်လည်း ၂၂၀၀ ၊ မိမိတို့ မျက်ခြည်မပျက်ပါကြောင်း၊ အနာကြီးရောဂါကလည်း ဒီမှာပဲလာကုရမည်ဖြစ်သည့်အတွက် အားစိုက်လုပ်လိုသောကြောင့် တင်ပြရခြင်း ဖြစ်ပါကြောင်း၊ Officially တရားဝင်ဖြစ်သွားရန် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် နာမည်ပြောင်းမည့်ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့ကို အမြန်ဆုံးပြန်လည်တင်ပြပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း ဖြေကြားပါသည်။