Skip to main content

(ဃ)-တန့်ဆည်မြို့နယ်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန်လျာထား ပေးခဲ့သော တည်ဆောက်ရေးလုပ်ငန်း အချို့မှာ မည်သည့်အတွက်ကြောင့် ဆောင်ရွက်ချိန်နောက်ကျခြင်းနှင့် လုပ်ငန်းများစတင်ဆောင်ရွက်ခြင်းမရှိသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

မိမိ၏မေးခွန်းက တစ်ပြည်လုံးအတိုင်းအတာနှင့် သက်ဆိုင်မည်ဟုထင်ပါကြောင်း၊ အဘယ့် ကြောင့်ဆိုသော် ပြီးခဲ့သည့်ငါးရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒေါက်တာ စိုးမိုးသူ၏အဆိုဖြစ်သော တင်ဒါကိစ္စများသုံးလအတွင်းအပြီးခေါ်ယူနိုင်ရေးအဆိုကို ကိုယ်စား လှယ်အသီးသီးက ဆွေးနွေးခဲ့ပါကြောင်း၊ မိမိလည်း ဝင်ရောက်ဆွေးနွေးခဲ့ပါကြောင်း၊ မိမိ၏မြို့နယ်တွင် တည်ဆောက်ရေးလုပ်ငန်းများ အလွန်အမင်းနောက်ကျနေသည့်အတွက် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်အကုန်တွင် လုံးဝမပြီးနိုင်သည်မှာသေချာပါကြောင်း၊ ပြန်လည်ကုစား၍ မရသော်လည်း လာမည့်နှစ်များတွင် ၎င်းအခြေအနေမျိုးမဖြစ်အောင် ရည်ရွယ်ချက်ဖြင့် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တန့်ဆည်မြို့နယ်အတွက် ချထားပေးခဲ့သော တည်ဆောက်ရေးလုပ်ငန်းများ မည်သည့်အတွက်ကြောင့် နောက်ကျသည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။


နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးတင်ထွန်း

ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း  မီးသတ်ဦးစီးဌာန၊ ကံထူးမနယ်မြေမီးသတ်စခန်း ပေ ၅၀ x ပေ ၄၀ x ပေ ၄၅  လေးထပ်အဆောက်အဦဆောက်လုပ် ရေးလုပ်ငန်းကို ကောင်းသုခထွန်းကုမ္ပဏီက ကျပ်သန်း ၂၀၆.၉၀၀ ဖြင့်တင်ဒါအောင်မြင်ခဲ့ပြီး ၁၆-၁-၂၀၁၉ ရက်နေ့တွင် စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ လုပ်ငန်းများပြီးစီးမှု ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန် ၃၀ ရာခိုင်နှုန်းကို ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်း များပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၈-၂၀၁၉ ယခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် သဲစား(အနောက်)ကျေးရွာကုန်ထုတ်လမ်း မြေဘောင်ကျဉ်းလုပ်ငန်း ၂/၁.၅ မိုင်၊ ချပ်တောကျေးရွာ စက်ရေတွင်း၊ ရေကန်၊ ရေစက်ရုံ တည် ဆောက်ခြင်းလုပ်ငန်း၊ ကွမ်းရိုး(အနောက်)ကျေးရွာ စက်ရေတွင်း၊ ရေစင်၊ ရေစက်ရုံ တည်ဆောက် ခြင်းလုပ်ငန်းနှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် အက်ကြီးကျေးရွာ စက်ရေတွင်း၊ ရေစင်၊ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ဂွေးမှော်ကုန်းကျေးရွာ စက်ရေတွင်း၊ ရေသန့်၊ ရေကန်၊ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း စုစုပေါင်း လုပ်ငန်းငါးခုဆောင်ရွက်ခွင့်ပြုချက်ရရှိခဲ့ပါကြောင်း၊

အဆိုပါလုပ်ငန်းများကို တန့်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းများစတင်ဆောင်ရွက်လျက်ရှိပြီး Green Chintwin ကုမ္ပဏီက ဆောင်ရွက်သော သဲစား(အနောက်)ကျေးရွာကုန်ထုတ်လမ်းမှာ ပြီးစီးမှုရာခိုင်နှုန်း ၈၃၊ ဌာနကဆောင်ရွက်သော ရှပ်တောကျေးရွာ ရေပေးရေးလုပ်ငန်းမှာပြီးစီးမှုရာခိုင်နှုန်း ၉၀၊ ကွမ်းရိုး(အနောက်)ကျေးရွာ ရေပေးရေးလုပ်ငန်းမှာ ပြီးစီးမှုရာခိုင်နှုန်း ၆၀၊ Present One ကုမ္ပဏီကဆောင်ရွက်သော အက်ကြီးကျေးရွာ ‌ရေပေးရေးလုပ်ငန်းမှာပြီးစီးမှုရာခိုင်နှုန်း ၉၀ နှင့် Present One ကုမ္ပဏီက ဆောင်ရွက်သော ဂွေးမှော်ကုန်း ကျေးရွာ ‌ရေပေးဝေရေးလုပ်ငန်းမှာ ပြီးစီးမှုရာခိုင်နှုန်း ၉၀ ဆောင်ရွက်ပြီးစီးလျက်ရှိပါကြောင်းနှင့် အဆိုပါလုပ်ငန်းများကို သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် စည်ပင်သာယာရေးကော်မတီက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း ငွေလုံးငွေရင်းဘတ်ဂျက်လုပ်ငန်းများအနေဖြင့် ကတ္တရာလမ်း လေးလမ်း၊ ၀/၆.၂၄ မိုင် ကျောက်ချောလမ်း နှစ်လမ်း၊ ၀/၃.၃၃ မိုင် Box Culvert သုံးခု၊ အခြားတစ်ခု စုစုပေါင်း ၁၀ ခု ဆောင်ရွက်ရန်လျာထားခဲ့ပါကြောင်း၊ ၈-၇-၂၀၁၉ ရက်နေ့အထိ လုပ်ငန်းကိုးခုအား ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း၊ ကတ္တရာလမ်း တစ်ခု ၀/၁.၉၇ မိုင်ကို နေရာပြောင်း ဆောင်ရွက်ခွင့်တင်ပြခဲ့ပြီး ၁-၇-၂၀၁၉ ရက်နေ့တွင် ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသဖြင့် လုပ်ငန်း ဆောင်ရွက်ခဲ့ရာ ၈-၇-၂၀၁၉ ရက်နေ့တွင် လုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါကြောင်းနှင့် ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးအောင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါဖြင့်ဆောင်ရွက်သောလုပ်ငန်း ခြောက်ခုရှိပြီး ဌာနကဆောင်ရွက် သောလုပ်ငန်း ၁၃ ခုရှိပါကြောင်း၊ ဌာနကဆောင်ရွက်သောလုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ တင်ဒါဖြင့်ဆောင်ရွက်သောလုပ်ငန်းခြောက်ခုအနက် လုပ်ငန်း နှစ်ခုမှာ ၁၀၀ ရာခိုင်နှုန်း     ကျန်ရှိလုပ်ငန်းလေးခုအတွက် စတင်ဆောင်ရွက်ရန်နောက်ကျ ရခြင်းသည် ကုမ္ပဏီတစ်ခုက လုပ်ငန်းတစ်ခုနှင့်အထက် တင်ဒါအောင်မြင်သောအခါ ပထမလုပ်ငန်းမှ အခြားလုပ်ငန်းတစ်ခုသို့ လာရောက်ဆောင်ရွက်ရသည့်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်း လေးခုတွင် ၅၀ ရာခိုင်နှုန်း၊ ၆၅ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း၊ ၈၅ ရာခိုင်နှုန်း အသီးသီးပြီးစီးနေပြီဖြစ်ပါကြောင်းနှင့် ဘဏ္ဍာရေးနှစ်အတွင်းပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်အတွင်း လေးခန်းတွဲ လေးထပ်အိမ်ရာအဆောက်အဦတစ်လုံးအား ၁-၁၀-၂၀၁၈ ရက်နေ့တွင် တင်ဒါ‌စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းလမ်းညွှန်ချက််များနှင့်အညီ တင်‌ဒါခေါ်ယူ  ဆောင်ရွက်ခဲ့ရာ ၁၈-၁-၂၀၁၉ ရက်နေ့တွင် တင်ဒါအောင်ကုမ္ပဏီအား အတည်ပြုရွေးချယ် နိုင်ခဲ့ပြီးနောက် ၁၃-၂-၂၀၁၉ ရက်နေ့တွင် စာချုပ်ချုပ်ဆို၍ လုပ်ငန်းများအပ်နှံဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး၏ ၆၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ပါသဖြင့် ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဌာနလုပ်ငန်းနှစ်ခုနှင့် တင်ဒါလုပ်ငန်း သုံးခု စုစုပေါင်း ငါးခုရှိပါကြောင်း၊ ဌာနက ဆောင်ရွက်သော သပြေရင်းရွာ၊ ရွှေကူလမ်းပေါ်ရှိ ညောင်ဇီးကုန်းတံတားနှင့် ‌မြေခု-ကံထူးမလမ်းတို့သည် ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါကြောင်း၊ တင်ဒါဖြင့်ဆောင်ရွက်သော လုပ်ငန်းသုံးခုအနေဖြင့် တင်ဒါအောင်  ဇေယျာဦးကုမ္ပဏီသည် ကန့်ဘလူ၊ ဒီပဲယင်း၊ တန့်ဆည်မြို့နယ် သုံးခုပေါင်း၍ အလုပ် တစ်ခုတည်းကိုသာ ဆောင်ရွက်ရသဖြင့် ကန့်ဘလူမြို့ နယ်နှင့် ဒီပဲယင်းမြို့နယ်ရှိ လုပ်ငန်းများကို ဆောင်ရွက်ပြီးမှသာ တန့်ဆည်မြို့နယ်အတွင်းရှိ သပြေရင်းရွာမှ ရွှေကူလမ်းကိုဆောင်ရွက်နိုင်သောကြောင့် ၃၈ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ပါ သေးကြောင်း၊ ရသော်ကုမ္ပဏီမှဆောင်ရွက်သော တန့်ဆည်-ညောင်ကုန်းကွန်ကရစ်လမ်း ခင်းခြင်းနှင့် တန့်ဆည်-ပုတီး-ဆည်းဆာ ဂျင်းလမ်းခင်းခြင်း လုပ်ငန်းများအနေဖြင့် တန့်ဆည်-ပုတီး-ညောင်ကိုင်း ကွန်ကရစ်လမ်းအား ၂၈ ရာခိုင်နှုန်း၊ တန့်ဆည်-ပုတီး-ဆည်းဆာဂျင်းလမ်း အား လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိသေးသဖြင့် ကြပ်မတ်ဆောင်ရွက်လျက် ရှိပါတကြောင်းနှင့် ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီ ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  

ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ တစ်လုံး ဆောက်လုပ်ခြင်းလုပ်ငန်းအား ခန့်မြန်မာခွန်အားသစ် ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပြီး ၁၆-၅-၂၀၁၉ ရက်နေ့တွင် လုပ်ငန်းစတင်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ၏လုပ်ငန်း ၁၂ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပါကြောင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း အခြေခံပညာကျောင်းများအတွက် တည်ဆောက်ရေးလုပ်ငန်းများ တင်ဒါခေါ်ယူခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ် မေလတွင် ဆောင်ရွက် ခဲ့သော်လည်း နိုင်ငံ့ဝန်ထမ်းများ အားလုံးကို လစာတိုးပေးခဲ့မှုကြောင့် ရန်ပုံငွေ လုံလောက်ခြင်း မရှိသည့်အတွက် ခွဲဝေချထားပေးသော ရန်ပုံငွေများကို အခြေခံပညာဦးစီးဌာန (နေပြည်တော်) က ပြန်လည််ရုတ်သိမ်းသွားခဲ့ပြီး အဆိုပါရန်ပုံငွေ များကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ၂၈-၂-၂၀၁၉ ရက်နေ့တွင် ရန်ပုံငွေပြန်လည်ခွဲဝေပေးခဲ့သဖြင့် တင်ဒါဖွင့်ဖောက်ခြင်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ် မတ်လအတွင်းမှသာ ဆောင်ရွက်နိုင်ခဲ့ပြီး တင်ဒါ တင်သွင်းခြင်းမရှိသော လုပ်ငန်းများကို တင်ဒါပြန်လည်ခေါ်ယူခြင်း၊ ဖွင့်ဖောက်ခြင်း လုပ်ငန်းများ ကို လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ရခဲ့ရသည့်အတွက် စာချုပ်ချုပ်ဆိုခြင်းနှင့် လုပ်ငန်းအပ်နှံခြင်း လုပ်ငန်းများကို ၂၀၁၉ ခုနှစ် ဧပြီလအစပိုင်းတွင် စတင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တည်ဆောက်ရေးလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အတွင်း စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးမြင့်ထွန်း(တန့်ဆည်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ မည်သည့်အတွက်နောက်ကျနေသည်ကို အဓိက ထား မေးခြင်း ဖြစ်ပါကြောင်း၊ ဥပမာတစ်ခု လက်ဆည်ကန်မြောင်းတူးဖော်ခြင်းသည် ငါးလပိုင်းတွင် စတင်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာဆေးရုံသည်လည်း လေးလပိုင်းအထိ မစနိုင်ဘဲ ယခုအချိန်အထိ ၂၀၊ ၂၅ရာခိုင်နှုန်းသာ သာပြီးစီးမည်ဖြစ်ပါကြောင်း၊ ကျန်လုပ်ငန်းများကိုလည်း နေပြည်တော်ကောင်စီဌာနက ယခုနှစ် ဘတ်ဂျက်တွင် ပြီးစီးမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ စာသင်ကျောင်း ပေ ၁၂၀ x ၃၀ အိုင်းမကျေးရွာ၊ ခေါင်တုန်းကျေးရွာ၊ မုန်ပင်ကျေးရွာ သုံးကျောင်းသည် Foundation သာပြီးစီးသေးပါကြောင်း၊ မိမိအနေဖြင့် တင်ဒါကိစ္စများသည် မည်သည့်အတွက် အကြမ်းဖျဉ်းအားဖြင့် လေးလ၊ ငါးလခန့်ထိအောင်ကြာသည်ဆိုသည်ကို မေးမြန်းလိုပါကြောင်း ဖြေကြားပါသည်။

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးတင်ထွန်း

သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ပြန်လည်ဆက်သွယ်ပြီးမှ ဖြေကြားပေးမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။