Skip to main content

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မက်သဒုံးဆေးကို နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်ဆေးဝါးများ စာရင်းတွင် ထည့်သွင်းထားကြောင်း၊ ဘိန်းဖြူစွဲနေသည့်သူများအတွက် ကျန်းမာရေး အန္တရာယ် လျှော့ချရန် မက်သဒုံးဆေးတိုက်ကုသပေးခြင်း ပြုလုပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် တခြား ကုလသမဂ္ဂများ ဖြစ်သည့် UNODC၊ UNAIDS တို့ကလည်း အကြံပြုထားကြောင်း၊ ကြောင်းကျိုးဖော်ပြချက်ကို ဆက်ဖော်ပြရမည်ဆိုပါက ၂၀၁၈ ခုနှစ်က ဗဟိုက အမျိုးသား မူးယစ် ဆေးဝါးထိန်းချုပ်ရေးမူဝါဒအသစ်သည် လူ့အခွင့်အရေး စံချိန်စံညွှန်းနှင့် ဟန်ချက်ညီညီ ထည့်သွင်း ရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ ၎င်းမက်သဒုံး တိုက်ကျွေးခြင်း၏ ရည်ရွယ်ချက်သည် မူးယစ်ဆေးဝါး ထိုးသွင်းသည့်သူအကြားတွင် ရောဂါကူးစက်မှုကာကွယ်နိုင်ကြောင်း၊ တခြားသူများနည်းတူ အလုပ်အကိုင် ရနိုင်ကြောင်း၊ ပညာသင်နိုင်ကြောင်း၊ မူးယစ်ဆေးဝါး နွံထဲမှ ရုန်းထွက်နိုင်မည်ဖြစ်ပြီး မူးယစ်နှင့်ပတ်သက်သည့် ရာဇဝတ်မှုများ လျော့နည်းသွားမည် ဖြစ်သည့်အတွက် ယခုမေးခွန်းကို မေးရခြင်း ဖြစ်ကြောင်း၊ HIV အပါအဝင် သွေးထဲမှတစ်ဆင့် ကူးစက်နိုင်သည့်ရောဂါအန္တရာယ်မှ ကာကွယ်နိုင်ခြင်းဆိုသည့် အကျိုးကျေးဇူးနှင့် ကျန်းမာရေးဝန်ထမ်းများ၏ လမ်းညွှန်မှုဖြင့် သောက်သုံးရသည့်အတွက် တရားမဝင်တင်သွင်းဖြန့်ဖြူးသည့် မူးယစ်ဆေးဝါးအကြောထဲကို ထိုးသွင်းသည့် အန္တရာယ်မှ ကင်းဝေးမည်ဖြစ်ကြောင်း၊ ဆက်စပ်နေသည့် ရာဇဝတ်မှုများလည်း လျော့ကျသွားမည် ဖြစ်သည့်အပြင် မိသားစုနှင့် ပတ်ဝန်းကျင်တွင်ရှိသည့်သူများ၏ ကျန်းမာရေး၊ လူမှုရေးဖွံ့ဖြိုးမှုအဘက်ဘက်က အကျိုးရှိမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရည်မှန်းချက်များ ကောင်းသော်လည်း စိန်ခေါ်မှုများက ရှိနေကြောင်း၊ ၎င်းမက်သဒုံးကုသမှုကို လာမခံယူခြင်း၊ မက်သဒုံးတိုက်ကျွေးသည့်နေရာများသည် အလွန်ကွာဝေးကြောင်း၊ သောက်သုံးသည့်သူလည်း များလာကြောင်း၊ အချိန်ပေးရခြင်း ဖြစ်ကြောင်း၊ လူသိမည်ကို ကြောက်ကြောင်း၊ ခွဲခြားဆက်ဆံမည် ‌‌ကြောက်သည်ဆိုသည့် စိုးရိမ်စိတ်များ ရှိနေကြောင်း၊ လူမှုရေးထုံးစံအရ အမျိုးသမီးများလည်း ပါဝင်နေသည့်အတွက် ခက်ခဲနေခြင်းများ ဖြစ်ကြောင်း၊ မက်သဒုံးတိုက်ကျွေးသည့်ဌာနတွင် တန်းစီနေရခြင်းများကို တွေ့ရကြောင်း၊ ထို့ကိစ္စသည် Challenges တစ်ခု ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ တန်းစီနေရသည့်အတွက် ၎င်းပတ်ဝန်းကျင်တွင်ရှိသည့် လက်ဖက်ရည်ဆိုင်များ ထိုင်ရကြောင်း၊ ဝင်ငွေမဝင်သည့်အပြင် ဝင်ငွေများထွက်ကြောင်း၊ မိန်းကလေးများသည် ပိုပြီးမတန်းစီရဲခြင်းများ တွေ့ရကြောင်း၊ လူသိမြင်မည်စိုးသည့် စိုးရိမ်စိတ်‌များရှိသည့်အပြင် ခြောက်လပြည့်အောင် ကုသရမည်ဆိုသည့် ရည်မှန်းချက်ကလည်း ခြောက်လမပြည့်ခင် အချိန်တိုအတွင်းတွင် ရပ်နား သွားခြင်းများကိုတွေ့သည့်အပြင် တခြားမလိုလားအပ်သည့် ပြဿနာများကိုလည်း တွေ့ရကြောင်း၊

ထို့ကြောင့် ၎င်းဌာန ၅၅ ခုအပြင် ထပ်မံတိုးရန်လိုအပ်နေကြောင်း၊ မက်သဒုံးသောက်ရန် စာရင်းပေးသည့် လက်ရှိလူဦးရေသည် ၂၀၁၈ ခုနှစ်အထိ တက်တက်လာသည်ကို တွေ့ရကြောင်း၊ ထိုကဲ့သို့ တက်လာသည်များရှိသော်လည်း မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအကြောထဲထိုးသွင်း သည့် အရေအတွက်သည် ကိုးသောင်းကျော်၊ တစ်သိန်းနီးပါး ရှိနေကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်၏ IBBS ၏ စစ်တမ်းအရ ၎င်းဦးရေနှင့် နှိုင်းယှဉ်မည်ဆိုပါက မက်သဒုံးသောက်သုံးနေသည့် လူဦးရေသည် ၁၅ ရာခိုင်နှုန်းသာ Coverage ရခြင်းကို၊ လာပြီးသောက်သုံးခြင်းကို တွေ့ရကြောင်း၊ WHO လမ်းညွှန်မှုနှင့် ယှဉ်ပါက နည်းပါးနေသည်ကို တွေ့ရကြောင်း၊  မက်သဒုံးဆေးရည် ခြောက်လ အထိ မပျက်သောက်ရမည်က ၇၅ ရာခိုင်နှုန်း မျှော်မှန်းထားသော်လည်း ၆၉ ရာခိုင်နှုန်းသာ တွေ့ရကြောင်း၊ ထို့ကြောင့် အဘက်ဘက်တွင် မိမိတို့လိုအပ်နေသည်ကိုတွေ့သည့်အတွက် ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့သည် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ယခုလက်ရှိမက်သဒုံးဆေးတိုက်သည့် ဌာန ၅၅ ခုအပြင် ထပ်မံတိုးချဲ့ ရန် အစီအစဉ် ရှိ/မရှိနှင့် ရှိမည်ဆိုပါက မည်ကဲ့သို့နည်း၊ မရှိပါက မည်သည့်အတွက်ကြောင့် မရှိသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများအန္တရာယ်တားဆီးရေး ဗဟိုအဖွဲ့မှ ထုတ်ထားသည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ ရှိကြောင်း၊ ၎င်းမူဝါဒအရ မိမိတို့သည် အားလုံးကိုဆောင်ရွက်လျက် ရှိကြောင်း၊ ထို့အတွက် ဆောင်ရွက်သည့်အချိန်တွင် စီမံကိန်းများချပြီး ဆောင်ရွက်နေကြောင်း၊ မည်ကဲ့သို့ ဆောင်ရွက်မည်ကို မိမိတင်ပြမည် ဖြစ်ကြောင်း၊ ဆောင်ရွက်သည့်အချိန်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်သည့်အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန စသည်ဖြင့် အားလုံးဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အဖြေနှစ်ခုကို ပေါင်းစပ်ပြီး မိမိဖြေကြားမည် ဖြစ်ကြောင်း၊

မက်သဒုံးဆေးကုသရေးစီမံချက်သည် ၂၀၀၆ ခုနှစ်ကစပြီး WHO Technical Support ဖြင့် လုပ်နေခြင်းဖြစ်ကြောင်း၊ ၎င်းကို ပြန်ကြည့်မည်ဆိုပါက မိမိတို့လုပ်နေသည့်လုပ်ငန်းများအားလုံး သည် တင်ပြခဲ့သည့်မူဝါဒတွင်ပါသည့်အချက်များကိုသာ  မိမိတို့ကလုပ်ခြင်း ဖြစ်ကြောင်း၊ ဥပမာ မူဝါဒတွင်ပါသည့် ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ အန္တရာယ်ကျရောက်သည့် လူအုပ်စုနှင့် ပြည်သူများအတွက် မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ နည်းလမ်းပေါင်းစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ (၂) မူးယစ် ဆေးဝါးသုံးစွဲသူများအတွက် ကုသမှုအခွင့်အလမ်းများပိုမိုရရှိစေရေးနှင့် ကုသမှုဝန်ဆောင်မှုများ အရည်အသွေးတိုးမြှင့်ရေးကိုလည်း လုပ်လျက်ရှိကြောင်း၊ ရှိသည့် စွမ်းရည်မြှင့်သင်တန်းများကို ပြည်တွင်းတွင် လုပ်ကြောင်း၊ ပြည်ပသို့ လွှတ်ပြီး သင်ကြောင်း၊ ထို့အပြင် WHO၊ UNODC၊ UNAIDS နှင့် ကမ္ဘာ့နယူးယောက် UN အဖွဲ့အစည်းတွင်ရှိသည့် ဆွေးနွေးချက်များ၊ Resolution များအတိုင်း မိမိသည် တစ်သွေမတိမ်းကျန်းမာရေးဝန်ဆောင်မှုပေးလျက် ရှိကြောင်း၊ ထို့အပြင် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးနှင့် အန္တရာယ်များ လျှော့ချရေး အတွက်ကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင်ရှိသည့် ဆေးခန်များ၊ ဆေးရုံများမှ တစ်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ဆေးကုရာတွင် အသုံးပြုသည့် ထိန်းချုပ်မူးယစ် ဆေးဝါးများ စနစ်တကျမှန်ကန်လုံလောက်စွာ အသုံးချရေးကိုလည်း FDA ကနေ စည်းစနစ်တကျဖြင့် လိုင်စင်ပေးခြင်း အစရှိသဖြင့် လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြောင်း၊ ထို့အပြင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီးလည်း မူးယစ်ဆေးဝါး ပြဿနာ (ကာကရီတေရှင်း)သည် ဘုံပြဿနာဖြစ်သည့်အတွက် ကိုယ်စီတာဝန်ရှိသည် ဆိုသည့် သဘောတရား ခံယူချက်ဖြင့် WHO၊ UNODC၊ UNAIDS၊ Partner မိတ်ဖက် အဖွဲ့အစည်းများ အားလုံးနှင့်ပေါင်းပြီး လုပ်လျက် ရှိကြောင်း၊ ထို့အပြင် မူးယစ်ဆေးဝါး ဥပဒေတွင်ပါသည့် မူးယစ်ဆေးဝါး ပြဿနာ၏ ပကတိအခြေအနေမှန်ကို သိရှိရန်နှင့် သုတေသနခွဲခြမ်းစိတ်ဖြာမှု (Research and Analysis) လုပ်ငန်းများကိုလည်း ဆေးသုတေသန ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန၊ INGO များနှင့်ပေါင်းပြီး သုတေသနလုပ်ငန်းများကို လုပ်ရကြောင်း၊ ထွက်ရှိလာသည့် အဖြေအပေါ်မူတည်ပြီး မိမိတို့၏ လုပ်ငန်းများကို ပြောင်းလဲခြင်း၊ တိုးချင်း၊ လျှော့ခြင်းကို လုပ်လျက်ရှိကြောင်း၊

ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် မူးယစ် ဆေးဝါးဥပဒေတွင်ပါသည့် ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများအပါအဝင် အန္တရာယ်ကျရောက်သည့် လူအုပ်စုများအတွက် ကုသရေး၊ ပြန်လည်ထူထောင်ရေး၊ တရားမျှတမှု အခွင့်အရေးနှင့် လူမှုဝန်ဆောင်မှုများရရှိရေး ဖန်တီးရေးကိုလည်း လုပ်လျက် ရှိကြောင်း၊ ထို့အပြင် ၎င်းမူဝါဒတွင်ပါသည့်အချက်များကို ပြည်ထဲရေးဝန်ကြီးဌာနမှ လုပ်နေသည်များလည်း အများကြီး ရှိကြောင်း၊ မိမိတို့သည် မူးယစ်ဆေးနှင့်ပတ်သက်ပြီး မူးယစ်ဆေးပြဿနာသည် ပြည်သူ့ပြဿနာ၊ ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ် သတ်မှတ်ရေးရှုမြင်ထောင့်မှပတ်သက်ပြီး မိမိသည် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က ကျင်းပသည့် United Nation General Assembly Special Session on World Drugs Problem တွင် နိုင်ငံ၏ Statement ကို မိမိဖတ်ခဲ့ကြောင်း၊ ၎င်း Statement တွင် အသေအချာ ပြောပါကြောင်း၊ မူးယစ်ဆေးပြဿနာသည် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ် အနေဖြင့် သတ်မှတ်ရမည်၊ ရှုမြင်ရမည်၊ ၎င်းမူးယစ်ဆေးကို တိုက်ဖျက်သည့်အချိန်တွင် ပြည်သူ့ ကျန်းမာရေး၏ Principle၊ မူဝါဒများ၊ နိယာမများ၊ မဟာဗျူဟာ၊ နည်းဗျူဟာနှင့် အသုံးပြုပြီး မိမိ ပြောခဲ့ကြောင်း၊ ထို့အပြင် မူးယစ်ဆေးကို လုပ်သည့်အချိန်တွင် အဖြေရှာရန်ကို သုံးသပ်ခြင်းအတွက် Implementation Result၊ အသုံးချသုတေသနလုပ်ပြီးရသည့်အဖြေများကို အသုံးပြုပြီး လုပ်မှ သာလျှင် အောင်မြင်မည်ဆိုသည့်အချက်ကို မိမိပြောခဲ့ကြောင်း၊ မူးယစ်ဆေး ဖြစ်ပေါ်စေသည့် အကြောင်းအချက်များ တစ်ချက်တည်း မဟုတ်ကြောင်း၊ အချက်များစွာသည် တစ်ခုနှင့် တစ်ခု ဆက်နွှယ်နေသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းဖြင့် လုပ်မရ ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုအဖွဲ့အစည်းများ အကုန်ပေါင်းလုပ်မည်ဆိုသည်က အရေးကြီးသည်ကိုလည်း မိမိ တင်ပြခဲ့ကြောင်း၊ မိမိပြောကြားသည့် Statement အပြည့်အစုံကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန Website တွင် တင်ထားကြောင်း၊ နောက်ဆုံးမိမိပြောခဲ့သည့်အချက်သည် မူးယစ် ဆေးကို တိုက်ထုတ်သည့်အချိန်တွင် တိုက်ထုတ်သူအားလုံးသည် Sense of Ownership မိမိပိုင်ဆိုင် သည့် မိမိလုပ်ရမည်ဆိုသည့် စိတ်ဓာတ်ရှိရန်အရေးကြီးကြောင်းကို မိမိတင်ပြခဲ့ကြောင်း၊ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဖြစ်ကြောင်း၊

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဒေါက်တာဒေါ်ခင်စည်သူ တင်ပြချက်များအားလုံးသည် အားလုံး မှန်ကန်ကြောင်း၊ လက်တွေ့မြေပြင်အခြေအနေတွင် ဖြစ်ပေါ်သည်ကို ထင်ဟပ်နေသည့် အတွက်မိမိအနေဖြင့်၎င်းကို အများကြီးထောက်ခံကြောင်း၊ မိမိတို့သည် လွှတ်တော်ကိုယ်စားလှယ် ကြီးပြောသည့် မူးယစ် Methadone Treatment Center ကို တိုးမည်ဆိုသည်က မိမိတို့သည့် အရမ်းမတိုးကြောင်း၊ မိမိတို့ သေသေချာချာလေ့လာကြောင်း၊ မည်သည့်အတွက်ဆိုပါက ၎င်း Methadone Treatment Center သည် Heroin အတွက်သာ ရကြောင်း၊ ယခု သုံးနေသည့် ရာမတို့၊ ice ဆေးတို့၊ Methamphetamine လုံးဝ သုံး၍ မရကြောင်း၊ မည်သည့်နေရာတွင် တိုးဖွင့်သနည်းဆိုပါက ဘိန်းဖြူသုံးစွဲသည့် နေရာဒေသတွင်လုပ်ကြောင်း၊ HIV/AIDS အဖြစ်များသည့်နေရာတွင် လုပ် ကြောင်း၊ တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း လုပ်ကြောင်း၊ အရမ်း မိမိတို့ မတိုးကြောင်း၊ စနစ်တကျသာ တိုးကြောင်း၊ တိုးသည့်အချိန်တွင် မိမိတို့ဝန်ကြီးဌာနများသည် HIV/AIDS ရောဂါ ပရိုဂရမ်နှင့် သေချာတိုင်ပင်ပြီး လုပ်ကြောင်း၊ လုပ်သည့်အချိန်တွင် မိမိတို့သည် ရေရှည်ဖြင့်ကြည့်ရန် အကယ်၍ ၎င်းမူးယစ်ဆေးသည် Methadone Center ကို တိုးဖွင့်ခြင်းဆိုသည်က တကယ့်အဖြေမဟုတ် ကြောင်း၊ အဖြေသည် ထိုသူများမသောက်စေရန်၊ Heroin မသုံးစေရန်လုပ်ရမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆက်ပြီး တစ်ပြည်လုံးတွင် နောက်ထပ်ရေရှည်တွင်၎င်းကို ဆက်ဖွင့်နေမည်ဆိုပါက ပိုက်ဆံ ကုန်မည်၊ Black hole ကဲ့သို့ဖြစ်ကြောင်း၊ ထည့်လိုက်သည်နှင့် အကုန်ပျောက်သွားသည့် သဘော ဖြစ်ကြောင်း၊ အဓိကတာဝန်သည် မူးယစ်ဆေးမသောက်သုံးစေရန်နှင့် သောက်သုံးသည့် သူများသည် လည်း Methadone Center တွင် မှန်မှန်လာပြီး ကုသရန် ဖြစ်ကြောင်း၊ ထိုအချက်ကို လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောထားကြောင်း၊ ၎င်းအချက်များကို အားလုံးကို မိမိလေးစားစွာ လိုက်နာမည်ဖြစ်ကြောင်း၊ အမျိုးသမီးများသည် လူရှေ့သူရှေ့တွင် တန်းစီခြင်းသည် မဖြစ်သင့်သည့် ကိစ္စဖြစ်ကြောင်း၊ ၎င်းတို့ကိုမိမိတို့ပြန်လည်သုံးသပ်ပြီး လုပ်မည်ဖြစ်ကြောင်း၊ ထို့အပြင် ဆေးရုံ တွင်လည်း သက်သက်ခပ်ဝေးဝေးအခန်း၊ နည်းနည်းလေး လူအများလာသည့်နေရာမဟုတ်သည့် နေရာမျိုးဖြစ်သည့် ဆေးရုံ၏ထောင့် ထိုကဲ့သို့နေရာများတွင် မိမိတို့လုပ်ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် ပြန်လည်သုံးသပ်သည့်အချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့်အတိုင်း Integrated Biological Behavior Surveillance Survey ကို ၂၀၁၇ ခုနှစ်တွင် မိမိလုပ်ကြောင်း၊ လုပ်သည့်အချိန်တွင် ဗမာပြည်တွင်မူးယစ်ဆေးအကြောထဲကို ထိုးသည့် လူပေါင်းသည် ၉၃၀၀၀ ခန့် ရှိသည်ဟုတွေ့ရကြောင်း၊ သို့သော် လာကုသည့် လူနာများအားလုံးသည် လောလောဆယ် ကုနေသည်က ၁၇၀၀၀ ကျော်သာ ရှိကြောင်း၊ သို့သော် အရင်နှစ်ကကုသည့် လူများလည်း ရှိကြောင်း၊ ထိုကြောင့် ဖြစ်သည့် လူထဲတွင် ၃၅ ရာခိုင်နှုန်းသည် HIV/AIDS ဖြစ်နေသည်ကို မိမိတို့သွားပြီး တွေ့ရကြောင်း၊ မိမိတို့သည် မက်သဒုံးဆေးတိုက်ကျွေးရေးစီမံချက်ကို မည်သည့်အတွက် အထူး ဦးစားပေး၊ လက်ရှိအချိန်ကာလတွင် ဦးစားပေးလုပ်‌နေကြောင်း၊ မည်သည့်အတွက် ဘိန်းဖြူ သုံးစွဲမှုကို လျှော့ချရေးနှင့် မူးယစ်ဆေးဝါးကြောင့် သေဆုံးမှုကို လျှော့ချရေး၊ ကူးစက်ရောဂါများ Hepatic (အသည်းအရောင် အသားဝါ)၊ HIV/AIDS၊ ကူးစက်ရောဂါများကို လျော့ရန်အတွက်ကို မိမိတို့ လုပ်ကြောင်း၊

၎င်းနေရာတွင် အရေးကြီးဆုံးသည်  လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့်အတိုင်း မိသားစု၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ ကိုယ့်မိသားစုတွင် တစ်ယောက်ဖြစ်နေပါက ၎င်း တစ်ယောက်သည် မှန်မှန်သွားပြီး မက်သဒုံးကိုသုံးရမည်ဆိုသည်ကို မိသားစုကသာလျှင် လုပ်နိုင် ကြောင်း၊ သို့မဟုတ် သူငယ်ချင်းအချင်းချင်း၎င်းကို ဦးစားပေးပြီးလုပ်ရကြောင်း၊ သို့မှသာလျှင် လူကောင်းက သွားပြောပါက ၎င်းတို့သည်မလုပ်ကြောင်း၊ အချင်းချင်းက ပြောခြင်းဖြစ်ပါက ၎င်းတို့လုပ်သည်ကို တွေ့ရသည့်အတွက် ၎င်းကိစ္စကိုမိမိတို့ ဂရုထားပြီး လုပ်နေကြောင်း၊ မိမိတို့သည် လက်ရှိတွင် အားလုံး ၅၅ ခု ဖွင့်ထားကြောင်း၊ ဖွင့်သည့်အချိန်တွင် ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး အများကြီးဖွင့်ကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးတွင် နှစ်ခု၊ ၂၀၁၉ ခုနှစ်တွင် ၁၆ ခု ထပ်ဖွင့်ရန် လိုပ်ထားကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်ခု၊ မန္တလေးတိုင်းဒေသကြီးတွင် လေးခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၅ ခု၊ ကချင်ပြည်နယ်တွင် ၁၈ ခု၊ ရှမ်းပြည်နယ်တွင် ၁၅ ခု၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် တစ်ခုအပြင် ၁၆ ခုတွင် လောလောဆယ် ၂၀၁၉ ခုနှစ်တွင် ၁၃ ခု ပြီးသွားပြီဖြစ်ကြောင်း၊  နောက်ထပ်သုံးခုကိုလည်း ယခုနှစ်အကုန်အတွင်းတွင် မိမိတို့လုပ်မည် ဖြစ်ကြောင်း၊ ၎င်း ၁၆ ခုကို မည်သည့် နေရာတွင် လုပ်မည်လည်းဆိုပါက  မြို့နယ်ဆေးရုံများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့်အတိုင်း မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ လုပ်မည်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဆေးရုံတွင် လုပ်မည်ဆိုပါက သွားရလာရခက်သည့်အတွက် သက်ဆိုင်ရာ အဖြစ်များသည့် မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံများတွင် လုပ်မည်၊ ဥပမာဆိုပါက ကချင်ပြည်နယ်တွင် ငါးခုထပ်ပြီး လုပ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ခြောက်ခု၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)တွင် သုံးခု၊ မန္တလေးတိုင်းဒေသကြီးတွင်နှစ်ခု မိမိတို့ လုပ်မည်၊ ၂၀၁၉ ခုနှစ် ပြီးပါက ၁၆ ခု တိုးမည်၊ ၂၀၂၀ ပြည့်နှစ်တွင် ဆက်လက်လုပ်ရန် အစီအစဉ် ရှိကြောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မိမိတို့တွင်လာပြီး မှတ်ပုံတင်ထားသည့် လူပေါင်းက ၄၇၀၀၀ ရှိကြောင်း၊ ၎င်းကို ကြည့်လိုက်မည်ဆိုပါက စာရင်းဇယားအရ ၉၃၀၀၀ ရှိရာတွင် ၄၀၀၀၀ ကျော်ရှိသည့်အတွက် ပျောက်နေသည့်သူက ၅၀၀၀၀ နီးပါးခန့်ရှိကြောင်း၊ ၎င်းပျောက်သည့်သူများသည် ဆေးပြတ်သွား သည့်သူလည်း ဖြစ်နိုင်ကြောင်း၊ သေသွားသည့်သူလည်း ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ၎င်းလူများ သည် ဆက်လက်ရှိနေမည်ကို မိမိတို့သိကြောင်း၊ ထိုလူများကို ပိုပြီးရှာရန်က စုပေါင်းပြီး အားလုံး ဝိုင်းဝန်း ရှာဖွေရမည် ဖြစ်ကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်ကြီးပြောသည့် Methadone Center တစ်ခု ဖွင့်မည်ဆိုပါက ကောက်ပြီး ဖွင့်၍ မရကြောင်း၊ အနည်းဆုံး Methadone Center အကြီးတွင် စိတ်ရောဂါကုဆရာဝန် တစ်ယောက်ရှိရမည် သို့မဟုတ် လက်ထောက်ဆရာဝန်တစ်ဦးရှိရမည်၊ နေ့စဉ် ၎င်းတို့ကို တိုက်ရန်အတွက် သူနာပြုဆရာနှစ်ယောက် ရှိရမည်၊ အထွေထွေလုပ်သား နှစ်ဦးရှိရမည်၊ ၎င်းတို့သာ မဟုတ်ကြောင်း၊ Methadone Center တစ်ခုဖွင့်မည်ဆိုပါက ဆီးထဲတွင် မူးယစ်ဆေး သုံးစွဲခြင်း ရှိ/မရှိကို စစ်သည့် Urine Test Kit လိုကြောင်း၊ ထို့အပြင် မိမိတို့သည် HIV ရောဂါပိုးကိုလည်း စစ်ပေးရကြောင်း၊ Hepatic အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးကိုလည်း စစ်ပေးရကြောင်း၊ ထို့အပြင်  ART၊ HIV  တွေ့ရပါက Treatment များကို အကုန်ပေးရကြောင်း၊ လူနာတစ်ဦးအတွက် ဆိုပါက တစ်နေ့ကို ဆေးဖိုး ၇၀၀၀၀ ကျပ် ကျကြောင်း၊ ထို့အပြင် ၎င်းနေရာတွင် တစ်ခုတင်ပြ လိုသည်က တိုင်းပြည်အနေဖြင့် ထိုနေရာတွင် တော်တော်ပိုက်ဆံသုံးထားသည်ကို တွေ့ရကြောင်း၊ မိမိတို့ကို Global Fund က အများကြီးပံ့ပိုးလို့သာလျှင် Methadone Center ကို ဖွင့်နိုင်ခြင်း ဖြစ်ကြောင်း၊ ဥပမာဆိုပါက ၂၀၁၆ ခုနှစ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒေါ်လာ ၄၆၀၀၀၀ ခန့် သုံးရကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၉၂၀၀၀၀ ကျော် သုံးရကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၃၂၀၀၀၀ ဖြစ်ကြောင်း၊ ၎င်းတို့သည် မိမိတို့ သုံးထားသည်များသာ ဖြစ်ကြောင်း၊ ကမ္ဘာ့ Global Fund မှ ပေးသည့် ပိုက်ဆံများ အများကြီး ရှိကြောင်း၊ ကံကောင်းသည်က မိမိတို့သည် မက်သဒုံး ဆေးရည်၏ တန်ဖိုးသည် ကျလာကြောင်း၊ ၂၀၁၁ ခုနှစ်တွင် တစ်လီတာတွင်  ၃၂ ဒေါ်လာ ပေးနေရခြင်းမှ နောက်ဆုံး မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းမှ မက်သဒုံးကို ထုတ်နိုင်ပြီး ဖြစ်ကြောင်း၊ ထိုကြောင့်  တစ်လီတာကို ၁၆ ဒေါ်လာသာ ကျတော့ကြောင်း၊ ဆက်ပြီးလည်း ကျရန် အလားအလာ ရှိကြောင်း၊ ၎င်းကို ကျမည်ဆိုပါက အများကြီး လုံလောက်စွာပေးနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့်အတိုင်း မက်သဒုံးဆေးပုလင်းကို မိမိတို့သည့် ၂၀၀၀၀ ခန့် ထပ်ပြီး အမှာစာပို့ထားကြောင်း၊ မြန်မာ့ဆေးဝါး လုပ်ငန်းကို ပြောထားကြောင်း၊

လောလောဆယ် မိမိတို့လက်ထဲတွင် လာကုသည့် လူပေါင်းသည် ၁၇၀၀၀ ရှိကြောင်း၊ လာမကုသည့် သူများ အများကြီးရှိမည်ကို မိမိသိကြောင်း၊ အများဆုံးဖြစ်သည့်နေရာသည် ကချင်ပြည်နယ်မှ အများဆုံးဖြစ်ကြောင်း၊ ဒုတိယ စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ကြောင်း၊ တတိယသည် ရှမ်းပြည်နယ် ဖြစ်ကြောင်း၊ စတုတ္တသည် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သည် အတူတူနီးပါး ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် နည်းနည်းသာရှိသည်ကို တင်ပြလိုကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီးမေးသည့် မည်သည့်တို့ကို လုပ်မည်ဆိုသည့် အချက်သည် မိမိရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းကို လုပ်မည် ရှိပါကြောင်း၊ ဆိုလိုသည်က အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒတွင် ပါသည့်အချက်များကို အကောင်အထည်‌ဖော်မည်ဆိုပါက National Strategic Plan မဟာဗျူဟာ၊ နည်းဗျူဟာချပြီး WHO၊ UNODC၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်သည့် အဖွဲ့အစည်း များ၊ မိတ်ဖက်အဖွဲ့အစည်းအားလုံးနှင့် ရေးဆွဲနေကြောင်း၊ မကြာခင်ပြီးမည်ဆိုပါက ၎င်းတွင်ပါသည့် မဟာဗျူဟာ၊ နည်းဗျူဟာအတိုင်းလုပ်ရန် ရှိကြောင်း၊ ထို့အပြင် မူးယစ်ဆေးများနှင့်ပတ်သက်ပြီး ၂၀၂၀ ခုနှစ်တွင် ဆက်ဖွင့်ရန် ရှိကြောင်း၊ ထို့အပြင် အရေးကြီးဆုံးသည် ၎င်းတွင် ထမ်းဆောင် နေသည့်သူများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း (Capacity) ၎င်းတို့ မည်ကဲ့သို့ လုပ်နေသည်ကို မိမိတို့သုတေသနလုပ်နေကြောင်း၊ မူးယစ်ဆေးစင်တာ ၅၅ ခုတွင် မည်ကဲ့သို့ လုပ်ဆောင်နေသနည်း။ မည်သည့်ပြဿနာရှိသနည်း၊ စိန်ခေါ်မှုများမည်သည်တို့ရှိသနည်း မိမိတို့လုပ်နေကြောင်း၊ ထိုနေရာ တွင် အဖြေရမည်ဆိုပါက မိမိတို့သည် လိုအပ်သလိုပြုပြင်ပြီး ပိုပြီးကောင်းစေရန် လုပ်ရန်ရှိကြောင်း၊ ထို့ပြင် Heroin သောက်သည့်အချိန်တွင် ဆေးအလွန်သောက်သည်ဆိုပါက Over took ဖြစ်ပါက သုံးမည့် Naloxone Injection များကိုလည်း ဝယ်ရန် လုပ်ထားကြောင်း၊ အားလုံးကို ဖြစ်ကြောင်း။ ထို့ပြင် လက်ရှိတွင် Guideline များ အများကြီး ထုတ်ပြီးပြီဖြစ်ကြောင်း၊ မူးယစ်ဆေးနှင့်ပတ်သက်ပြီး တော်တော်လေးကို မိမိတို့ လုပ်ထားကြောင်း၊ ထို့နေရာတွင် Guideline on Methadone Maintenance in Myanmar Third Dictation 2019 ကို ထုတ်ကြောင်း၊ Guideline For Management of Methamphetamine use Disorders in Myanmar များကိုလည်း ထုတ်ထား ကြောင်း၊ ထို့အပြင် အချိန်အနည်းငယ်အတွင်းတွင် SOP For Methadone Maintenance Therapy ကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ပညာပေးစာစောင်များကိုလည်း ဆက်လက် ထုတ်ဝေမည်၊ ထို့အပြင် Methamphetamine သုံးမည်၊ မည်ကဲ့သို့ မသုံးရကြောင်း၊ မည်ကဲ့သို့ လုပ်ရမည်၊ သုံးမည်ဆိုပါက မည်သည့်ကိစ္စများဖြစ်မည်အစရှိသဖြင့် အားလုံးမိမိတို့လုပ်နေကြောင်း၊ ထို့ကြောင့် ၎င်းနေရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို မေတ္တာရပ်ခံလိုသည်က မိမိတို့ သက်ဆိုင်ရာမဲဆန္ဒနယ်တွင် မိမိတို့လုပ်သည့်လုပ်ငန်းများကို ပါဝင်ပြီးပံ့ပိုးပြီး လုပ်ဆောင်ပေးရန်  မေတ္တာရပ်ခံပါကြောင်း ဖြေကြားပါသည်။

ဒေါက်တာဒေါ်ခင်စည်သူ (လွိုင်ကော် မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီးအနေဖြင့် စုံစုံလင်လင်တင်ပြသွားကြောင်း၊ ထို့အပြင် Methadone Center များ ၁၆ ခု ထပ်ဖွင့်ပေးမည်ပြောသည့်အတွက် စီမံချက်များရှိသည်ဆိုသည့်အတွက် မိမိတို့ဝမ်းသာပီတိဖြစ်ရ ကြောင်း၊ သို့သော် ဝန်ကြီးလည်းပြောကြောင်း၊ မိမိလည်းတင်ပြခဲ့ကြောင်း၊ သွေးကြောထဲတွင် မူးယစ်ဆေးထိုးနေသည့်သူအရေအတွက်ဖြင့် Methadone Center တွင် လူများသည်ဆိုသော်လည်း ကုသသည့် Ratio နှင့် ရာခိုင်နှုန်းသည် အရမ်းနည်းနေကြောင်း၊ စံမဝင်သေးသည်ကို သိရကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါးသုံးစွဲသည့်သူများသည် ဝန်ကြီးပြောသည့်အတိုင်း UN တွင် သွားပြော သည်ဆိုသည်က ကိုယ့်စိတ်ပေါ်တွင် မူတည်ကြောင်း၊ မိသားစုသည် အရေးကြီးသည်ဆိုသည်က အလွန်မှန်ကြောင်း၊ ထိုကဲ့သို့နှိုးဆော်ပြီး စိတ်ဝင်စားစေရန်အတွက်လုပ်နိုင်ရန် မူဝါဒကို လုပ်ဆောင် အကောင်အထည်ဖော်ပေးသည့်လူ၏ဆွဲဆောင်မှုအပေါ်တွင် မူတည်ကြောင်း၊ ဆွဲဆောင်မှုမရှိသည့် အပြင်တင်ပြခဲ့သည့် ဒုက္ခများ၊ ရင်ဆိုင်ရသည့် Challenges များနှင့်ဆိုသည့်အတွက် သဲထဲရေသွန် သကဲ့သို့ ဖြစ်နေကြောင်း၊ ထို့ကြောင့် မိမိတင်ပြခြင်းသည်က ထို့အပြင်ပြည်သူလူထုများလည်း ပါဝင် စေလိုကြောင်း၊ မဲဆန္ဒနယ်ကို ရောက်သည့်အခါတွင် ပြောပြပေးပါဆိုသည်ကို အများကြီးလက်ခံပါ ကြောင်း၊ ထိုအချက်သည် မိမိတို့ People Forecast ပြည်သူလူထု ဗဟိုပြုသွားသည့်အတွက် ထိုအချက်သည် အင်မတန်အရေးကြီးကြောင်း၊ ထို့ကြောင့်မိမိတစ်ဆက်တစ်စပ်တည်း မေးလို သည်က ပြည်သူလူထုပါဝင်လာစေရန် ပြည်သူလူထုအခြေပြုအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှု ဆိုသည့် အကူအညီမျိုးများနှင့် ပူးပေါင်းပြီးလုပ်ရန် အစီအစဉ် ရှိပါသလား၊ ထိုအချက်သည် အရေးကြီးကြောင်း၊ ထိုင်းနိုင်ငံတွင် တော်တော်လေးအောင်မြင်ကြောင်း၊ အမျိုးသမီးက တစ် ရာခိုင်နှုန်းသာ မူးယစ်ဆေးဝါးသုံးသည်ဆိုသော်လည်း Gentle Equity အရ ၎င်းတို့၏ Discriminate လုပ်သည့်ပုံစံကို သမာရိုးကျဆေးယူခြင်းမျိုးသာမက သီးသန့်အစီအစဉ်များ လုပ်ပေးနိုင်မည်ကို သိလိုခြင်းဖြစ်ကြောင်း မေးမြန်းပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး

ဒေါက်တာဒေါ်ခင်စည်သူမေးသည့် အမျိုးသမီးများအတွက်ကို မိမိတို့ စဉ်းစားမည် ဖြစ်ကြောင်း၊ မည်ကဲ့သို့ လုပ်မလဲ၊ သို့သော် ပြည်သူများ ပါမည်ဆိုသည်ကိစ္စကို မိမိတို့ လုပ်နေကြောင်း၊ မိမိတို့က Basic Health Service သဘောဖြင့်၊ အခြေခံ ကျန်းမာရေး လုပ်သား သားဖွားဆရာမ၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၁)၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂)၊ ကျန်းမာရေးမှူး၊ အမျိုးသမီး ကျန်းမာရေး ဆရာ ဆရာမ၊ ၎င်းတို့ကို မိမိတို့သည် ရှစ်လက်မ Tablet ဖုန်းတွင် အားလုံး ထည့်ထား ကြောင်း၊ မူးယစ်ဆေးဆိုသည် မည်သည့်အရာဖြစ်သည်၊ ၎င်းကိုသောက်ပါက မည်ကဲ့သို့ ဖြစ်မည်၊ မသောက်‌စေရန် မည်ကဲ့သို့ လုပ်ရမည်၊ ဖြစ်ပါက မည်သည့်နေရာကို သွားရမည်၊ ထိုအချက်များ အားလုံးကို မိမိတို့သည် Tablet ထဲတွင် ထည့်ထားကြောင်း၊ Tablet က ၁၂၀၀၀ ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနစ်ခုတွင် မိမိတို့ ဝေငှပြီးပြီဖြစ်ကြောင်း၊ နောက်ထပ် ၁၄၀၀၀ ကို လာမည့် နှစ်လခန့်အတွင်းတွင် ဂါဘီမှ ပေးပြီး အလကားရမည်ဖြစ်ကြောင်း၊ ရှစ်လက်မ Tablet ၎င်းအထဲတွင် အကုန်ပါကြောင်း၊ အကုန်ပါသည့်အတွက် မိမိတို့၏အခြေခံကျန်းမာရေးဝန်ထမ်း လုပ်သားသည် ရပ်ကွက်ထဲ၊ ရွာထဲ သွားပြီး အိမ်တစ်အိမ်တွင် မူးယစ်ဆေးသောက်သုံးနေသည့် သူ တစ်ယောက်အကြောထဲဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် တွေ့ရှိပါက ၎င်းတို့သည် စကားဝိုင်းထိုင်ကြောင်း၊ မိသားစုနှင့် စကားပြောသည့်အခါ “ကောင်းပြီ။ ခင်ဗျား၏ သားသမီးသည် သောက်နေသည့်အတွက် ၎င်းကိုသောက်ပါက ရေရှည်တွင် မည်ကဲ့သို့ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ထို့ကဲ့သို့ မဖြစ်စေရန် မည်ကဲ့သို့လုပ်ရမည်အစရှိသည်တို့ကို  မိမိတို့ပြောမည်ဖြစ်ကြောင်း၊ အဓိကသည် ပြည်သူများ ပါဝင်စေရန် ပြည်သူတွင် ကျန်းမာရေးအသိဉာဏ် (Health Literacy)ရှိမှသာ ပြည်သူများပါမည်၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် Health Literacy Level အဆင့်ကို မြှင့်စေရန် ၎င်း Tablet များ၊ ဖုန်းများကို သုံးပြီး မိမိတို့လုပ်နေခြင်း ဖြစ်ကြောင်း၊ ထို့ပြင် အရေးပေါ် ကိစ္စတစ်ခုပါလာသည်ဆိုသည်က ဗဟိုမှ မူးယစ်ဆေးနှင့် ပတ်သက်ပြီး တစ်ခုခုပြဿနာဖြစ်ပါက  တစ်ချက် ခလုတ်နှိပ်သည်နှင့် တစ်စက္ကန့်အတွင်း အခြေခံကျန်းမာရေး၏ လုပ်သားများ အကုန်လုံး ရသွားမည်၊ ထို့အပြင် ၎င်း Tablet ဖုန်းသည် အခြေခံကျန်းမာရေး လုပ်သားများသာ မဟုတ်ကြောင်း၊ မိမိတို့သည် တိုက်နယ်ဆရာဝန်၊ မြို့နယ်ဆရာဝန် အကုန်လုံးသို့ ပေးထားကြောင်း၊ ဆက်လက်ပြီး ရမည့် ၁၄၀၀၀ ထဲမှ အများကြီး ပေးမည်၊ ပေးသည့်အပြင် ဗဟိုတွင်ရှိသည့် လက်ထောက် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးအစ အကုန်လုံးပေးရန် ရှိကြောင်း၊ ထို့ပြင် Tablet ဖုန်းထဲတွင် ထည့်ထားသည်များကို ပြည်သူများ အခမဲ့ Download လုပ်၍ရစေရန် Play store ထဲတွင် ထည့်ထားပြီးဖြစ်ကြောင်း၊ မြန်မာပြည်ရှိ မည်သူမဆို Download လုပ်၍ရကြောင်း၊ ၎င်းတို့၏ တယ်လီဖုန်း သို့မဟုတ် Tablet ထဲတွင် အကုန်လုံး တစ်ချက်တည်း ဝင်၍ ရကြောင်း၊ မိမိတို့ တင်ထားကြောင်း၊ မိမိတို့သည့် ယခုမေးခွန်း တစ်ခုတည်းအတွက်သာ မဟုတ်ကြောင်း တစ်ပြည်လုံး၏ ကျန်းမာရေးဖွံ့ဖြိုးမှုသည် ပြည်သူအားလုံးသည် ကျန်းမာရေးအသိဉာဏ်၊ ကျန်းမာရေး စာတတ်မြောက်မှုရှိမှသာ ရမည်ဆိုသည်ကို သိသည့်အတွက် ၎င်းကိစ္စကို မိမိတို့ ဦးစားပေးအနေဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။