Skip to main content

မုန်းတမံတွင် ပင်မရေပိုလွှဲသည်အကျယ် ၃၅၀ ပေရှိပြီး ရေပိုလွှဲသုံးဆင့်ရှိကာ RL ၅၂၀ ကျော်သည်နှင့် ရေပိုလွှဲက ရေကျော်ကျပါကြောင်း၊ ၂၀၁၀ ခုနှစ် ဂီရိမုန်တိုင်းတွင် ရေပိုလွှဲအထက် ၂၀.၃ ပေရေကျော်ပါကြောင်း၊ ၂၀၁၁ ခုနှစ် R2B မုန်တိုင်းတွင် ၁၆.၃ ပေရေကျော်ပြီး ၂၀၁၅ ခုနှစ်ကူမံမုန်တိုင်းတွင် ရေပိုလွှဲအထက် ၃၅.၈ ပေရေကျော်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင်တမံအမြင့် ၅၆၀ ပေတွင် Level ၅၅၅.၈ ပေရှိပြီး တမံရေကျော်ရန် လေးပေခန့်သာလိုပါတော့ကြောင်း၊ ဧကပေ ခြောက်သိန်းသိုလှောင်နိုင်သော မုန်းတမံထဲကို ဧကပေ ၁၁၂၉၄၉၀ စီးဝင်ပြီး ဒီဇိုင်း ၁၄၉၁၃၀ ကုဗပေ စက္ကန့်ခံနိုင်သော ပင်မရေပိုလွှဲသည် ၂၃၀၂၄၀ ကျော်ကုဗပေစက္ကန့်နှုန်းဖြင့် ရေပိုလွှဲအထက်က ၃၅.၈ ပေကျော်ကျသည့် အတွက်ရေပိုလွှဲကြီး ပျက်စီးခဲ့ရပါကြောင်း၊ အကယ်၍သာတမံကြီး တစ်စုံတစ်ရာဖြစ်ခဲ့ပါက အောက်ဘက် စေတုတ္တရာမြို့နေ ပြည်သူများ၏ဘဝသည် မတွေးရဲစရာဖြစ်ပါကြောင်း၊ ပင်မ ရေပိုလွှဲနေရာသည်ကျောက်ဆောင် ကျောက်သားခိုင်မာသည့်နေရာလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့်တမံကြီး အန္တရာယ်မဖြစ်ရန် အောက်ဘက် ပြည်သူများအန္တရာယ်ကင်းရန်အတွက် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အကူရေပို လွှဲကိုစတင်တည်ဆောက်ခဲ့ပါကြောင်း၊ အကူရေပိုလွှဲတည် ဆောက်ခဲ့သော အောက်ခံမြေသားသည် သာမန်ကျစ်မြေသားဖြစ်ခြင်း၊ အကူရေပိုလွှဲ ထွက်ပေါက် သည် စေတုတ္တရာမြို့ကိုဦးတည်နေခြင်းစသည့် အကြောင်းများကြောင့် ဒေသခံများစိုးရိမ်တကြီး ကန့်ကွက်ခဲ့ကြပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် အကူရေပိုလွှဲကိုစတင်တည်ဆောက်ခဲ့ပြီး တည် ဆောက်ချိန်သုံးနှစ်ရှိသော်လည်း လုပ်ငန်း၏ ၁၂.၇ ရာခိုင်နှုန်းခန့်သာ ယခုအချိန်ထိ ပြီးစီးသေးပါကြောင်း၊

အရန် ရေပိုလွှဲမပြီးစီးသေးသည့်အခြေအနေတွင် မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန် ရေကြီးရေလျှံခြင်းများဖြစ်ပြီး အရန်ရေပိုလွှဲက ရေကျော်ကျပါက အောက်ဘက် စေတုတ္တရာ ပြည်သူများအတွက် အန္တရာယ်ကြီးမားလှပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့အတွက် တစ်နှစ်ပတ်လုံး ရေအားလျှပ်စစ်ထုတ်လုပ်ပေးနေပြီး အောက်ဘက်ကြီးအုံကြီးဝတမံနှင့် ပွင့်ဖြူမြို့နယ်လယ်ယာ မြေများ ကို နွေအခါရေပေးဝေရန် အကျိုးများလှသော မုန်းတမံအတွက် အရေးကြီးလှသော အရန်ရေပိုလွှဲတည်ဆောက်မှုကို အမြန်ပြီးစီးအောင်တည်ဆောက်ပေးရန် အရေးတကြီးလိုအပ် နေသည့်အတွက် စေတုတ္တရာမြို့၏ အောက်ဘက် ကျေးရွာများအတွက် အန္တရာယ်ကင်းဝေးရန် တည်ဆောက်ချိန်သုံးနှစ်ရှိပြီဖြစ်ပြီး ပြီးစီးမှုမရှိသေးသည့် မုန်းတမံအကူရေပိုလွှဲအား အမြန်ပြီးစီး အောင် တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။


 

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေလှောင်တမံသည် နှစ်စဉ်ပျမ်းမျှ ရေအားလျှပ်စစ်ကီလိုဝပ် နာရီသန်းပေါင်း ၂၅၀  ထုတ်လုပ်လျက်ရှိပါကြောင်း၊ အောက်ဘက ်ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရေလွှဲဆည်ကို ရေကူဖြည့်တင်းပေးပြီး ဆည်ရေသောက်ဧရိယာ ၈၃၀၀၀ ခန့်ကို မိုးစပါး၊ နွေစပါးနှင့်အခြားသီးနှံများ စိုက်ပျိုးရန်အတွက် စိုက်ပျိုးရေပေးဝေလျက် ရှိပါကြောင်း၊ တမံ၏ရေဆင်းဧရိယာသည် ကြီးမားကျယ်ပြန့်ပါကြောင်း၊ မိုးရာသီစီးဝင်သည့် ရေပမာဏသည်လည်း ပုံမှန်ရာသီဥတုအခြေအနေတွင် များပြားစွာဝင်ရောက်သည့်အတွက် ရေပိုလွှဲကနှစ်စဉ်ပုံမှန်ကျော် ကျစီးထွက် လျက်ရှှိပါကြောင်း၊ ပြီးခဲ့သော ၂၀၁၅ ခုနှစ် ဇူလိုင်လနောက်ဆုံးပတ်တွင် တိုက်ခတ်ခဲ့သော ကိုမန်ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မုန်းချောင်း တမံ၏ရေဆင်းဧရိယာအတွင်း မိုးသည်းထန်စွာရွာပြီး ကန်ရေများကလည်း အချိန်တိုအတွင်း လျင်မြန်စွာမြင့်တက်ခဲ့ပါကြောင်း၊ ကန်ရေပြည့်မှတ်ထက် ကျော်လွန်ပြီး ပင်မရေလွှဲက အမြင့်ပေ ၃၅ ပေကျော်အထိကျော်ကျ ရေစီး ထွွက်ခဲ့သည့်အတွက် ပင်မရေပိုလွှဲနှင့့် ရေငြိမ်ကန်ရေဆင်းနှင့် ရေငြိမ်ကန် အပိုင်း ရေကျအမှတ်(၁)နှင့်အမှတ်(၂)တို့ကို ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ပါကြောင်း၊ ပင်မရေပိုလွှဲထိခိုက်ပျက်စီးမှုထပ်မံ မဖြစ်ပေါ်စေရန် အတွက် အကြီးစားပြုပြင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ရပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၅၀၀ နှင့် ပင်မရေပိုလွှဲ၏ ရေငြိမ်ကန်ရေဆင်းနှင့် ရေငြိမ်ကန်အပိုင်းတို့ကို ရေကျော်ကျမှုဒဏ်ခံနိုင်သည့် အဆင့်အထိ ပြုပြင် ဆောင်ရွက် ခဲ့ပါကြောင်း၊ တစ်ချိန်တည်းတွင် ရေလှောင်တမံနှင့် ပင်မရေပိုလွှဲ ဘေးကင်းလုံခြုံမှုအတွက် အကျယ် ၂၂၀ ပေရှိ အကူ ရေပိုလွှဲတစ်ခုထပ်မံထည့်သွင်းတည်ဆောက်နိုင်ရန် စူးစမ်း လေ့လာတိုင်းတာ ပြီး ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၉၉၈ သန်းနှင့် အကူရေပိုလွှဲ မြေကြီးလုပ်ငန်းနှင့် ရေပိုလွှဲထိပ်ပြင်ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများကိုပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ပင်မရေပိုလွှဲ၏ ရေကျအမှတ်(၁)ပြုပြင်ခြင်းလုပ်ငန်းကို ၂၀၁၇ ခုနှစ် မိုးရာသီရေကျော်မကျမီ ရေကျော်ဒဏ်ခံနိုင်သည်အထိ ပြုပြင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာဘတ်ဂျက်ကာလအတွင်း ခွင့်ပြုရန်ပုံငွေ ၅၆၉ သန်း နှင့်အကူရေပိုလွှဲ၏အဝင်ပိုင်းကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၇၅၀ နှင့် ရေကျအမှတ်(၂)၏ ရေငြိမ်ကန်အပိုင်းပြုပြင်ခြင်းလုပ်ငန်းကို ယခုမိုးရာသီရေကျော်မကျမီ ရေကျော်ဒဏ်ခံနိုင်သည်အထိ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်သည့်အပြင် အကူရေပိုလွှဲ၏ ထိပ်ပြင်အဝင်ပိုင်းမြေထိန်းနံရံကို အပြီးတည်ဆောက်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်သည့်အတွက် ပင်မရေပိုလွှဲနှင့် ရေကျအမှတ်(၁)၊ ရေကျအမှတ်(၂) အကြီးစားပြုပြင်ခြင်း လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ခဲ့ပြီး အကူရေပိုလွှဲ တည်ဆောက်ခြင်းလုပ်ငန်းကိုလည်း နှစ်စဉ်ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ရေကျော်ကျဒဏ်ခံနိုင်သည့်အဆင့်အထိ စီမံ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆောင်ရွက်ရန်ကျန်သော ပင်မရေပိုလွှဲ၏ရေကျ အမှတ်(၂)အပေါ်ပိုင်း ပြုပြင်ခြင်းနှင့် အကူရေပိုလွှဲ၏ ရေဆင်းအလျှောနှင့် ရေငြိမ်ကန်အပိုင်းများ တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထား တင်ပြတောင်းခံထားပြီး ဖြစ်သည့်အတွက် ရန်ပုံငွေရရှိမှုနှင့်အတူ လုပ်ငန်းများကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊

ရေပိုလွှဲကို လွယ်ကူစွာရေတိုက်စားနိုင်သော ကြတ်မြေသားအမျိုးအစားတွင် တည်ဆောက် ခဲ့သည်နှင့်ပတ်သက်ပြီး အရေးကြီးရေအားအဆောက်အအုံဖြစ်သော ရေပိုလွှဲကိုတည် ဆောက်သည့်အခါ ခံနိုင်ဝန်အားကောင်းပြီး ရေစိမ့်နိုင်မှုနည်းပါးသည့် အောက်ခံအုတ်မြစ် အမျိုးအစား ဟုတ်/မဟုတ် သိနိုင်ရန်အတွက် မြေအောက်ဘူမိဗေဒဆိုင်ရာစူးစမ်း လေ့လာမှု လုပ်ငန်းများကို တိကျစွာဆောင်ရွက်ခဲ့ပါကြောင်း စူးစမ်းလေ့လာမှုများအရ အကူရေပိုလွှဲ တည်ဆောက်ရမည့်နေရာနှင့် အောက်ခံအုတ်မြစ်အမျိုးအစားမှာ အသင့်အတင့်မာကျောသည့် သဲကျောက်များနှင့် ယှေးလှကျောက်များကို တစ်လွှာစီ၊ တစ်ထပ်စီဖွဲ့စည်းထားသည့်အတွက် ခံနိုင်ဝန်အာ်ကောင်းမွန်ပြီး ရေစိမ့်နိုင်မှုနည်းပါးသော အမျိုးအစားဖြစ်ကြောင်း၊

အကူရေပိုလွှဲ၏ လက်ရှိတည်ဆောက်ထားပြီးဖြစ်သော ထိပ်ပြင်အပိုင်းတွင် အပေါ်ယံမြေသားထု ပေ ၇၀ ခန့်ကို တူးထုတ်ပြီးမှ ကောင်းမွန်သော အောက်ခံအုတ်မြစ်အပေါ် အခြေတည် တည်ဆောက်ထားခြင်းဖြစ်ပါကြောင်း၊ ဆက်လက်တည်ဆောက်မည့်အပိုင်းများတွင်လည်း အပေါ်ယံမြေသားထု ပေ ၁၀၀ မှ ၁၇၀ ပေခန့်အထိတူးထုတ်ပြီးမှ ကောင်းမွန်သည့် အောက်ခံအုတ်မြစ်များပေါ်တွင် အခြေတည်ပြီးတည်ဆောက်သွားရန် မူလကတည်းက ဒီဇိုင်း ပြုပြင်စီမံထားပြီးဖြစ်ပါကြောင်း၊

မုန်းချောင်းရေလှောင်တမံရှိ ပင်မရေပိုလွှဲနှင့် ရေကျများကို မိုးရာသီကာလ ရေကျော်ကျမှု ဒဏ်ခံနိုင်သည်အထိ ပြုပြင်တည်ဆောက်ပေးထားပြီး ဖြစ်ပါကြောင်းနှင့် နောင် ရေရှည်ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် ဆက်လက်ဆောင်ရွက်သွားရန် ကျန်ရှိသော ပင်မရေပိုလွှဲ၏  ရေကျအမှတ်(၂) အပေါ်ပိုင်းနှင့် အကူရေပိုလွှဲအပြီးသတ်တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးကျော်အောင်လွင်‌(စေတုတ္တရာမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်း ပါသည်။

အကူရေပိုလွှဲကို ဘတ်ဂျက်နှစ်သုံးနှစ်တာကာလ တည်ဆောက်ခဲ့သည်မှာ ၁၂ ရာခိုင်နှုန်း ကျော်ကျော်ပြီးစီးပြီး ရာခိုင်နှုန်းအများစုကျန်ရှိနေပါကြောင်း၊ အကယ်၍ ၂၀၁၅ ခုနှစ် ကဲ့သို့ သဘာဝဘေးအန္တရာယ်၊ မုန်တိုင်းမိုးများ၊ ရေကြီးရေလျှံမှုများဖျက်၍ အကူရေပိုလွှဲ မပြီးသေးသောမြေသားပေါ်‌က ရေကျော်ကျပါက အောက်ဘက်စေတုတ္တရာ ပြည်သူများအတွက် အလွန်မှအန္တရာယ်ကြီးလှသည့်အတွက် ယခုသုံးနှစ်တာကာလတည်ဆောက်သော်လည်း အနည်းငယ်သာပြီးစီးသေးသည့် အရန်ရေပိုလွှဲ၊ အကူရေပိုလွှဲကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

၎င်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စီမံ ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ဆောင်ရွက်မည့်လုပ်ငန်း၏ ရေမြေအခြေအနေ၊ ရေပိုလွှဲ၏ အနေအထား၊ ဒီဇိုင်းပုံစံပေါ်အခြေတည်ပြီး မိမိတို့မျှော်မှန်းထားသည်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းမှာ အပြီးဆောက်ရန်မျှော်မှန်းထားပါကြောင်း၊ သို့သော်လည်း သဘာဝ အကြောင်းတရားအရ ဖြစ်ပေါ်လာသည့်အခြေအနေပေါ်မူတည်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အထိလည်း ကူးပြောင်းသွားနိုင်သည့်အခြေအနေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါကြောင်း ပြန်လည် ရှင်းလင်းဖြေကြားပါသည်။

 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်