Skip to main content

 

(စ)-ပွင့်ဖြူမြို့နယ်၊ မုန်းရေ အားလျှပ်စစ် စက်ရုံနှင့် ကြီးအုံကြီးဝ ရေအားလျှပ်စစ် စက်ရုံများမှ ရေအားနည်း၍ သော်လည်းကောင်း၊ စက်ပစ္စည်းများ ချို့ယွင်းပျက်စီး၍သော်လည်းကောင်း မလည်ပတ်နိုင်သည့် အခါ စိုက်ပျိုးရေ ရရှိအောင် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ကျွန်တော်တို့ နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံပြီး အသက်မွေးဝမ်းကျောင်း ပြုရသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ ထို့အတူ မိမိ မဲဆန္ဒနယ် ပွင့်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထားပြီး လုပ်ကိုင်စားသောက်ကြရကြောင်း၊ ထိုကဲ့သို့ စိုက်ပျိုးသည့် နေရာတွင် ဆည်ရေကိုသာ အားကိုးအားထားပြုပြီး စပါး၊ ပဲ၊ နှမ်း၊ ပြောင်းစသည်တို့ကို စိုက်ပျိုးလုပ်ကိုင်ကြခြင်း ဖြစ်ကြောင်း၊ အင်္ဂလိပ် အစိုးရလက်ထက် ၁၉၀၃ ခုနှစ်ကတည်းက မုန်းချောင်းပေါ်တွင် မဲဇလီ ရေလွှဲဆည်ကို တည်ဆောက်ခဲ့ပြီး ပွင့်ဖြူမြို့နယ်၊ မင်းဘူးစကုမြို့နယ်၊ စလင်းမြို့နယ်အတွင်းရှိ နယ်မြေဧက ၁၂၀၀၀၀ ပတ်ဝန်းကျင်ကို မိုးစပါးစိုက်ပျိုးရေ ပေးဝေနိုင်ခဲ့ကြောင်း၊

၁၉၉၆ ခုနှစ်မှစ၍ မုန်းချောင်းပေါ်တွင် မုန်းတမံကို တည်ဆောက်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ မုန်းတမံ၏ အဓိက ရည်ရွယ်ချက်သည် စိုက်ပျိုးရေ ရရှိရေးသည် ပထမ၊ လျှပ်စစ် ထုတ်လုပ်ရေးသည် ဒုတိယ ဖြစ်ကြောင်း၊ ထိုအချိန်မှစပြီး မိုးစပါးဧက တစ်သိန်းကျော်၊ နွေစပါး ဧက လေးသောင်းကျော်ကို စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့ကြောင်း၊ ထို့အတူ မုန်းတမံအောက် မိုင် ၂၀ ခန့် အကွာတွင် မုန်းချောင်းပေါ်တွင် ကြီးအုံကြီးဝ တမံကို ၂၀၀၃ ခုနှစ်တွင် ထပ်မံတည်ဆောက်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ၎င်းတမံမှ ရေကို ထိန်းညှိပြီး မဲဇလီ ရေလွှဲဆည်ကို စိုက်ပျိုးရေ ပေးဝေနိုင်‌စေရန် စီမံဆောင်ရွက်ခဲ့ကြောင်း၊ နှစ်စဉ်စိုက်ပျိုးရေကို လုံလောက်စေရန် ထိန်းညှိပေးနိုင်ခဲ့ သော်လည်း ၂၀၁၉ ခုနှစ် နွေစပါး စိုက်ပျိုးရာသီတွင် ရာသီဥတု ပြောင်းလဲပြီး နွေရာသီတွင် အပူချိန်များ သိသိသာသာ မြင့်တက်ခဲ့ပြီး ဆည်ရေများ လျော့နည်း ခန်းခြောက်လာခဲ့ကြောင်း၊ ထိုကဲ့သို့ လျော့နည်း ခန်းခြောက်လာသည့်အတွက် စက်ရုံမှ လျှပ်စစ်ကို ပုံမှန် မထုတ်လုပ်၊ မလည်ပတ်နိုင်သဖြင့် လယ်သမားများ စိုက်ပျိုးရေ အခက်အခဲ ကြုံတွေ့လာခဲ့ရကြောင်း၊ ပိုဆိုးသည့်အချက်သည် ရိတ်သိမ်းခါနီး အောင်ရေတွင်  ရေပြတ်လပ်မှုများဖြစ်ပြီး လယ်သမားများ များစွာ ဆုံးရှုံးနစ်နာ ခဲ့ရကြောင်း၊

၁၉၉၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် မုန်းတမံသည် လျှပ်စစ်မဂ္ဂါဝပ် ၇၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့ ကြောင်း၊ မုန်းတမံအောက်ဘက် မိုင် ၂၀ ခန့်အကွာတွင် တည်ဆောက်ထားသည့် ကြီးအုံကြီးဝတမံသည်  လျှပ်စစ်မဂ္ဂါဝပ် ၇၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊  ၁၉၀၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် မဲဇာလီရေလွှဲဆည်သည် ကြီးအုံကြီးဝ တမံအောက်ဘက် ခုနစ်မိုင်ခန့် အကွာတွင် တည်ရှိပြီး တောင်မုန်း၊ မြောက်မုန်းဖြင့် ရေများ ခွဲဝေပေးဝေခဲ့ပြီး စိုက်ပျိုးဧက တစ်သိန်းကျော်ကို ရေ ပေးဝေနိုင်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် မေလ၊ ဇွန်လတို့တွင် ရေခန်းခြောက်နေကြောင်း၊ ကြီးအုံကြီးဝတမံတွင် ရေခန်းခြောက်နေကြောင်း၊ ဒေသခံ တောင်သူလယ်သမားများကို စနစ်တကျ ရေခွဲဝေ အသုံးပြုနိုင်ရန် အသိပေးသည့် အကြောင်းကြားစာ ထုတ်ခဲ့ကြောင်း၊ လျှပ်စစ် ဝန်ကြီးဌာနမှ ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲရေး ဦးစီးဌာနကို စာဖြင့် တင်ပြခဲ့ကြောင်း၊ နောက်ဆုံး စိုက်ပျိုးရေပြွန်မှ Irrigation Outlet မှ ထုတ်လွှင့်သည့် ရက်စွဲနှင့် ရေပေးဝေသည့် စာများ ရှိကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူ လယ်သမားများ၏ စိုက်ပျိုးသီးနှံများ စိုက်ပျိုးရာတွင် အဆင်ပြေစေရန် စိုက်ပျိုး သီးနှံများ အလေအလွင့် မရှိစေရန်၊ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရန် တိုင်းပြည် ဘဏ္ဍာငွေများ လျော့နည်းမှု ကျဆင်းကာကွယ်ရန်အတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမဲဆန္ဒနယ် မုန်းချောင်းပေါ်ရှိ ဓာတ်အားပေးစက်ရုံများဖြစ်သည့် မုန်းရေအားလျှပ်စစ်စက်ရုံနှင့် ကြီးအုံကြီးဝ ရေအားလျှပ်စစ် စက်ရုံများမှ ရေအားနည်း၍သော်လည်းကောင်း၊ စက်ပစ္စည်းများ ချို့ယွင်းပျက်စီး၍ သော်လည်းကောင်း မလည်ပတ်နိုင်သည့်အခါ စိုက်ပျိုးရေရရှိစေရန် မည်ကဲ့သို့ စီမံဆောင်ရွက်ပေး မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ယနေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးသည် မုန်းတမံနှင့် ဆက်နွှယ်နေသည့် ကြီးအုံကြီးဝ ရေလှောင်တမံများ စီမံခန့်ခွဲမှု အပိုင်းတွင် ဒေသနေ တောင်သူလယ်သမား အပါအဝင် ပြည်သူတွေ၏ အနေအထားအပေါ်တွင် ထောက်ရှုပြီး ဒီမေးခွန်းများ မေးကြသည်ဟု ခံယူကြောင်း၊ ဆက်လက်ပြီး ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၏ မုန်းချောင်းပေါ်တွင် ရှိသည့် ဓာတ်အားပေး စက်ရုံဖြစ်သည့် မုန်းရေအားလျှပ်စစ် စက်ရုံနှင့် ကြီးအုံကြီးဝ ရေအားလျှပ်စစ် စက်ရုံများသည်  ရေအားနည်းလာ၍ သော်လည်းကောင်း၊ စက်ပစ္စည်း ချို့ယွင်းပြီး သော်လည်းကောင်း မလည်ပတ်နိုင်သည့်အတွက် စိုက်ပျိုးရေ မထိခိုက်နိုင်‌ေစရန်အတွက် စီမံဆောင်ရွက်ပေးမည့် အခြေအနေကို မေးထားကြောင်း၊ ၎င်းမေးခွန်းအပေါ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ၏ ဖြေကြားချက်နှင့်အတူ ဆက်လက်ဖြေကြားပေးမည်ြဖစ်ကြောင်း၊

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တည်ဆောက် ထိန်းသိမ်းထားသည့် မုန်းချောင်း ရေလှောင်တမံ။ ထို့အပြင် ၎င်းနှင့် ဆက်နွှယ်နေသည့် ကြီးအုံကြီးဝ ရေလှောင်တမံများသည် မုန်းချောင်း၏ စီးဝင်ရေများကို လိုအပ်သလို ထိန်းညှိ သိုလှောင်ပြီး ပွင့်ဖြူမြို့နယ်အတွင်းတွင် ရှိသည့် မဲဇလီရေလွှဲဆည်၏ ဆည်ရေသောက်ဧရိယာ ဧက ၈၂၀၀၀ ကျော် ကို မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံတွေ စိုက်ပျိုးရေ ပေးဝေနိုင်ရန်အတွက် အဓိက ပင်မ ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်အပြင် ၎င်းနှင့် တွဲဖက်ပြီး ရေအားလျှပ်စစ်များကို တွဲဖက် ထုတ်လုပ်နိုင်ရန် ရည်ရွယ်အကောင်အထည်ဖော် တည်ဆောက်ထားသည့် ရေလှောင်တမံများ ဖြစ်ကြောင်း၊ မိုးရာသီတွင် မိုးစပါးစိုက်ပျိုးရေ ပေးဝေရန်အတွက်နှင့် ရေအားလျှပ်စစ် ထုတ်လုပ်ရန် အခက်အခဲ မရှိသော်လည်း နွေရာသီတွင် တမံများအတွင်း ရေဝင်မှု အခြေအနေများအပေါ်တွင် မူတည်ပြီး နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်ရန်၊ ရေအားလျှပ်စစ်ကို တတ်နိုင်သမျှ ထုတ်လုပ်နိုင်ရန်အတွက် မိမိတို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနနှင့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနတို့ နှစ်ဖက်ညှိနှိုင်း ပေါင်းစပ်ပြီး ထိန်းညှိစီမံပေးလျက်ရှိသည့် အခြေအနေ ဖြစ်ကြောင်း၊ ယခုနှစ် မိုးရာသီကာလတွင် ယခင်နှစ်ကထက် မိုးရွာသွန်းမှု လျော့နည်းခဲ့သည့်အတွက် တမံအတွင်းတွင် လက်ကျန်ရေ နည်းပါးခဲ့ကြောင်း၊ နွေစပါး စိုက်ပျိုးရေ ပေးဝေခြင်းနှင့် ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် အခက်အခဲ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းကို အနည်းဆုံး ထုတ်လုပ်နိုင်သည့် ရေအမှတ်အထိ ရောက်ရှိသွားပြီးသည့် အချိန်တွင် တမံမှ စိုက်ပျိုးရေ ပေးဝေရန် ထည့်သွင်း တည်ဆောက်ထားသည့် စိုက်ပျိုးရေ ထုတ်ပေါက်မှ ရေထုတ်လွှတ် စိုက်ပျိုးရေ ပေးဝေခဲ့ရသည့် အခြေအနေ ဖြစ်ကြောင်း၊

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး ဒေသတွင်းတွင်  မိုးရွာသွန်းမှု ပြန်လည် ကောင်းမွန်ခဲ့ကြောင်း၊ မိုးစပါးစိုက်ပျိုးရေ လုံလောက်စွာ ရရှိခဲ့သည့်အပြင် မုန်းနှင့် ကြီးအုံကြီးဝ ရေလှောင်တမံများသည် သတ်မှတ်ကန်ရေပြည့် အမှတ်အထိ သိုလှောင်ထားနိုင်ပြီး၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ ယခုနှစ်တွင် စပြီး ရေပိုလွှဲကနေ ယခုအချိန်အထိ ရေကျော်ကျ စီးထွက်လျက်ရှိသည့် အခြေအနေ ဖြစ်ကြောင်း၊ သို့ဖြစ်သည့်အတွက် မုန်းချောင်းနှင့် ကြီးအုံကြီးဝ ရေလှောင်တမံများသည် ကန်ရေပြည့် ရေလှောင်ပမာဏအထိ သိုလှောင်ထားနိုင်ပြီး ဖြစ်ကြောင်း၊ ယခုနှစ် မိုးစပါး လျာထားစိုက်ဧက ၇၅၀၀၀ ကို စိုက်ပျိုးရေ အခက်အခဲမရှိ ပေးဝေနိုင်လျက် ရှိကြောင်း၊ ကျန်ရှိသည့် သိုလှောင်ရေဖြင့် နောက်နှစ် နွေစပါးနှင့် အခြားသီးနှံ စိုက်ပျိုးရေအတွက် ယခင်နှစ်ကဲ့သို့ လျာထား ပေးဝေသွားနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်သည့် အတွက် မုန်းချောင်း ရေလှောင်တမံနှင့် ကြီးအုံကြီးဝ ရေလှောင်တမံများတွင် သိုလှောင်ရေ ပမာဏလျော့နည်းလာသည့် နွေရာသီကာလများတွင် လည်းကောင်း၊ ရေအားလျှပ်စစ် စက်ရုံများသည် စက်ပစ္စည်းများ ချို့ယွင်းပြီး တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ရေအားလျှပ်စစ်စက်ရုံ မလည်ပတ်နိုင်သည့် အခြေအနေမျိုးတွင် သော်လည်းကောင်း စိုက်ပျိုးရေ ပေးဝေရေးကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် တမံများတွင် ထည့်သွင်းတည်ဆောက်ခဲ့သည့် စိုက်ပျိုးရေ ထုတ်ပေါက်များသည် ရေထုတ်လွှတ်ပြီး စိုက်ပျိုးရေ ပေးဝေဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဖြေကြားချက် နှင့်အတူ ပေါင်းစပ်ရှင်းလင်းဖြေကြားပါသည်။

 

ဦးထွန်းထွန်း(ပွင့်ဖြူ မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဝန်ကြီးမှ ပြည့်ပြည့်စုံစုံ ဖြေကြားသွားသည်ကို တွေ့ရကြောင်း၊ ယခုမေးခွန်းသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်မရသည်ကို မိမိ နားလည်ပြီး ဖြစ်ကြောင်း၊ မေးခွန်းတွင် စက်ရုံများ မလည်ပတ်နိုင်ပါဟု  ပါပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ပြီးခဲ့သည့် မိုးစပါး အောင်ရေတွင် လျှပ်‌စစ်စက်ရုံတွင် နွေရာသီအတွက် လျှပ်စစ်မီး ပြတ်လပ်မှု မရှိစေရန် စက်ရုံများကို ရပ်လိုက်သည့်အတွက် စိုက်ပျိုးရေ အောင်ရေ လုံးဝပေး၍ မရသည့် အနေအထား ရောက်သွားကြောင်း၊ ထိုကဲ့သို့ အနေအထားတွင် မိမိတို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအထိ မိမိဖုန်းဆက်ပြီး ၎င်းစက်ရုံများကို လည်ပတ်‌ပြီး ရေလွှတ်ပေးရန် တောင်းဆိုရသည့် အနေအထားအထိ ရောက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မုန်းတမံတွင် ကြီးအုံကြီးဝ တမံ အပါအဝင် ရေအပြည့်ရှိနေသည့် အချိန်တွင် နွေရာသီ ရေပြတ်လပ်မှု မရှိအစရန် ထိန်းညှိလိုက်သည့်အတွက် မိုးစပါး အောင်ရေတွင် ယခုခဲ့သို့ တောင်သူများ ေအခက်အခဲများ မဖြစ်စေရန် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနကို မိမိတို့ တောင်းဆို ခဲ့ရကြောင်း၊ ထိုအတူ ၂၀၁၉ ခုနှစ် မေလနှင့် ဇွန်လတွင် ဆည်‌ရေများ လျော့နည်း ခန်းခြောက်လာပြီး လျှပ်စစ်ကို ထိန်းထိန်းသိမ်းသိမ်း လည်ပတ်ရသည့် အချိန်တွင် စိုက်ပျိုးရေ လုံးဝဖူဖူလုံလုံ မရခဲ့ကြောင်း၊ ပိုဆိုးသည်က လျှပ်စစ် လုံးဝမထုတ်လုပ်၊ မလည်ပတ်နိုင်သည့် အချိန်တွင် စိုက်ပျိုးရေပြွန် Irrigation Outlet မှ စိုက်ပျိုးရေ ထုတ်လို့ရသည့် အချိန်တွင် မထုတ်ထားသည့် အတွက် တောင်သူများတွင် ပိုပြီး အခက်အခဲ တွေ့ခဲ့ရကြောင်း၊ ထိုနေရာတွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသည် လျှပ်စစ်အတွက် အရေးကြီးကြောင်း၊ လျှပ်စစ်ကပိုပြီး ပြည်သူ့အတွက် အရေးကြီးကြောင်း၊ မိမိတို့ ဒေသတွင် ရှိသည့် ဒေသခံပြည်သူများအတွက် စိုက်ပျိုးရေးသည် အင်မတန် အရေးကြီးကြောင်း၊ ထို့ကြောင့် ဆည်နှစ်ဆည်တွင် ရှိသည့် ပထမ မုန်းတမံရှိ ရေကို ကြီးအုံကြီးဝထဲကို ဖောက်ချပြီး ကြီးအုံကြီးဝရှိ ရေဖြင့် လျှပ်စစ် လည်မည်။ စိုက်ပျိုးရေ ရမည်ဆိုပါက ပိုပြီးကောင်းကြောင်း၊ ထိုကဲ့သို့ ြဖစ်စေရန် မိမိ အနေဖြင့် ဆက်စပ်မေးခွန်းမေးချင်သည် နောင်ကို ထိုကဲ့သို့ မဖြစ်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနတို့ အချိန်မီ အမြန်ဆုံး ညှိနှိုင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

လွှတ်တော်ကိုယ်စားလှယ်တော်ကြီးကို ကျေးဇူးတင်ကြောင်း၊ မိမိဖြေကြားချက်ထဲတွင် ဦးစွာ ပါဝင်ပြီး ဖြစ်ကြောင်း၊ ၎င်းရေလှောင်မံများသည် အဓိကအားဖြင့် ဒေသတွင်ရှိသည့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းတိုးတက်ရန်အတွက် စိုက်ပျိုးရေ ပေးဝေရေးကို ဦးတည် ဆောင်ရွက်ခဲ့သည့် ရေလှောင်တမံများ ဖြစ်ကြောင်း၊ ပိုလျှံသည့် ရေကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက်ကို တွဲဖက် ဆောင်ရွက်ထားသည့် အနေအထားမျိုးဖြစ်ကြောင်း၊ မိမိတို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ရေထုတ်လုပ်သည့် နေရာတွင် စိုက်ပျိုးရေ ပေးဝေနိုင်ရန် ထိခိုက်မှု မရှိအ‌ေစရန် ဦးစားပေးပြီး ညှိနှိုင်း စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့်အချိန်တွင် ဒေသခံတောင်သူများ၏ လိုအပ်ချက်အပေါ်တွင် မူတည်ပြီး မိမိတို့ဝန်ကြီးဌာန ဝန်ထမ်းများနှင့် ရေပေးမြောင်းအလိုက် ဆည်ရေသောက် ဧရိယာများတွင် ရှိသည့် တောင်သူများ ပါဝင်သည့် ရေအသုံးပြုမှု အဖွဲ့၊ မိမိတို့ အခေါ်အဝေါ်အရ Water User Group များ ဖွဲ့စည်းပြီး ဆည်ရေကို အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ ဖြစ်ကြောင်း၊ ထိုကြောင့် ပြန်ပြီး ချုပ်ပြီး ဆက်စပ်မေးခွန်းကို ဖြေကြားရမည်ဆိုပါက ရေလှောင်တမံများ၏ အဓိကရည်မှန်းချက်ဖြစ်သည့် စိုက်ပျိုးရေကို ဦးစားပေး ဆောင်ရွက်ပြီး ပိုလျှံသည့်ရေကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက်ကို စီမံဆောင်ရွက်ရသည် ဖြစ်သည့်အတွက် ယခုကဲ့သို့နှစ် ကဲ့သို့ကာလမျိုးတွင် အခက်အခဲများ ဖြစ်ပေါ်လာသည့်အချိန်တွင် မိမိတို့ နှစ်ဖက် အဓိကထားပြီး လွှတ်တော်ကိုယ်စားလှယ်ကြီး ဆွေးနွေးသွားသည့်အတိုင်း ဆက်စပ်မေးခွန်းတွင် ပါဝင်သည့်အတိုင်း မိမိတို့ ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဆိုသည့် အကြောင်းကို ပြန်လည်ရှင်းလင်းဖြေကြားပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်