Skip to main content

(ဈ)-လွိုင်လင်မြို့နယ်အတွင်းရှိ တောင်နောက်ကျေးရွာအုပ်စု၊ ပန်ဝိုးကျေးရွာအုပ်စု၊ ကုန်းယော ကျေးရွာအုပ်စု၊ နမ့်ထမိုကျေးရွာအုပ်စု၊ ပင်လုံအရှေ့ကျေးရွာအုပ်စုနှင့် နောင်လိုင်ကျေးရွာ အုပ်စုများ တွင် ၂၄ နာရီ လျှပ်စစ်မီးလင်းနိုင်ရေးအတွက် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စု၊ လွိုင်မွတ်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံမဲဆန္ဒနယ် မိဘပြည်သူများနဲ့ တွေ့ဆုံ၍ လွှတ်တော် အတွေ့အကြုံရှင်းလင်းခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးခြင်းတို့ကို ု ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ ဆောင်ရွက်ခဲ့ရာ ဒေသခံမိဘပြည်သူများမှ ကျေးရွာများ ၂၄ နာရီ လျှပ်စစ်မီးလင်းရေး ပထမဦးစားပေးဆောင်ရွက်ပေးနိုင်ပါရန် တင်ပြကြပါကြောင်း၊

ကုန်းယောကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ဟွေကြိမ်ကျေးရွာဘုန်းတော်ကြီး ကျောင်း များတွင် မိဘပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးဆွေးနွေးခဲ့ရာတွင်လည်း ကျေးရွာများ ၂၄ နာရီ လျှပ်စစ်မီးလင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ တင်ပြဆောင်ရွက်ပေးနိုင်ပါရန် တင်ပြ လာသဖြင့် လျှပ်စစ်မီးလင်းနိုင်ရေးအတွက် လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာ အုပ်စု နောင်ယာဆိုင်း ကျေးရွာ၊ လုံဖီကျေးရွာ၊ ဆန်ခတ်ကျေးရွာ၊ လွိုင်မွတ်ကျေးရွာ၊ ပန်ဝိုးကျေးရွာ အုပ်စု ပန်ဝိုးရွာ၊ ဟွေဟွမ် ကျေးရွာ၊ ကုန်းယောကျေးရွာအုပ်စု ကုန်းယောရွာ၊ နမ့်ထမို ကျေးရွာအုပ်စု ပန်လင်းရွာ၊ ပင်လုံအရှေ့ ကျေးရွာအုပ်စု ဟွေကြိမ်ရွာ၊ နောင်လိုင်ကျေးရွာ အုပ်စု ဝမ်နောင်ရွာ၊ ဝမ်နောင်ကုန်းရွာ လျှပ်စစ်မီးလင်းနိုင်ရန်အတွက် မည်ကဲ့သို့စီစဉ် ဆောင်ရွက်ပေးနိုင်ပါမည်နည်း၊ မည်သည့်အချိန်ကာလတွင် ပြီးစီးအောင်ဆောင်ရွက်ပေး မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု နောင်ယာဆိုင်းကျေးရွာ၊ ပန်ဝိုးကျေးရွာအုပ်စု ပန်ဝိုးကျေးရွာနှင့် ပင်လုံအရှေ့ကျေးရွာအုပ်စု ဟွေကြိမ်ကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရန် အတွက်   ၁၁ ကေဗွီ ဓာတ်အားလိုင်း ၇.၁၂ မိုင်၊ ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန် စဖော်မာ တစ်လုံး၊    ၁၀၀ ကေဗွီ ထရန်စဖော်မာ နှစ်လုံးနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်း သုံးမိုင် တည်ဆောက်ပေးရမည်ဖြစ်ပါကြောင်း၊ ၄၀၀ ဗို့ဓာတ်အားလိုင်းမှအပ ကျန်တည်ဆောက်ရေး လုပ်ငန်းများကို ဂျာမနီနိုင်ငံ (KFW) ချေးငွေစီမံကိန်းဖြင့် ဆောင်ရွက်မယ့်လုပ်ငန်းများသည် ပါရှိပြီးဖြစ်ပါကြောင်း၊ တောင်နောက်ကျေးရွာအုပ်စုအတွင်းရှိ ကျန်ကျေးရွာများဖြစ်သော လုံဖီကျေးရွာ၊ ဆန်ခတ်ကျေးရွာ၊ လွိုင်မွတ် ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက်  (KFW)စီမံကိန်းဖြင့်ဆောင်ရွက်မည့် နောင်ယာဆိုင်း ကျေးရွာမှ ဆက်လက်ပြီးတည်ဆောက် ရမည် ဖြစ်ပါကြောင်း၊ အလားတူ  ပန်ဝိုးကျေးရွာအုပ်စု အတွင်းရှိ ဟေဟွမ် ကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက်လည်း (KFW)ချေးငွေဖြင့် ဆောင်ရွက်သွားမည့် ပန်ဝိုး ကျေးရွာ လျှပ်စစ်ဓာတ်အားရရှိလာပါက ပန်ဝိုးကျေးရွာမှတစ်ဆင့် အဆိုပါကျေးရွာ ကို ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် နောင်ယာဆိုင်းကျေးရွာနှင့် ပန်ဝိုး ကျေးရွာများ (KFW)စီမံကိန်းအရ လျှပ်စစ်ဓာတ်အားရရှိပြီးလာသည့်အချိန်တွင် ထပ်မံလိုအပ် လာမည့်  ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများ တည်ဆောက် ခြင်း လုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘတ်ဂျက်ရန်ပုံငွေတွင် နှစ်အလိုက် လျာထားပြီး ရန်ပုံငွေရရှိမှုအရ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း၊

ကုန်းယောကျေးရွာအုပ်စု ကုန်းယောကျေးရွာနှင့် နမ့်ထမိုကျေးရွာအုပ်စု ပန်လင်းကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၁ မိုင်၊ ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တစ်လုံး၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ တစ်လုံးနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်း ၃.၅ မိုင် တည်ဆောက်ပေးရမည်ဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပြည်နယ်အစိုးရ၏ ဘတ်ဂျက်ရန်ပုံငွေတွင် ထည့်သွင်းလျာထားကာ ရန်ပုံငွေခွဲဝေရရှိမှုရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နောင်လိုင်ကျေးရွာအုပ်စု ဝမ်နောင်ကျေးရွာနှင့် ဝမ်ကုန်းကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရန် အတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၅ မိုင်ကျော်နဲ့ ၁၁/၀.၄ ကေဗွီ ၁၀၀ ကေဗွီအေ ထရန် စဖော်မာ နှစ်လုံး၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁.၆ မိုင်ထိ လိုအပ်ပါကြောင်း၊ ၄၀၀ ဗို့ ဓာတ်အား လိုင်းမှအပ ကျန်တည်ဆောက်ရေးလုပ်ငန်းများကို ဂျာမနီနိုင်ငံ၏ (KFW) ချေးငွေစီမံကိန်းဖြင့် ဆောင်ရွက်မယ့်လုပ်ငန်းစာရင်းထဲတွင် ပါဝင်ပြီးဖြစ်ပါကြောင်း၊ (KFW) ချေးငွေစီမံကိန်းပါ လုပ်ငန်းများအတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ ပစ္စည်းတွေဝယ်ယူ နိုင်ရန် နိုင်ငံတကာဖိတ်ခေါ်တင်ဒါခေါ်ယူနိုင်ရေးအတွက် တင်ဒါ Specification နှင့် တင်ဒါ ခေါ်ယူမည့် စာရွက်စာတမ်းများကို အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့နှင့်ပေါင်းစပ်ကာ ပြုစု ဆောင်ရွက်လျက် ရှိပါကြောင်း၊ Project Schedule အရ တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၂၀ ခုနှစ်အတွင်း စတင်ဆောင်ရွက်သွားနိုင်ရန် လျာထားဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေနဲ့ကျခံမယ့်လုပ်ငန်းများကို နှစ်အလိုက်ဘဏ္ဍာငွေ ခွင့်ပြုချက်ရရှိမှုအပေါ်မူတည် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်