Skip to main content

တောင်တွင်းကြီးမြို့၏ ပြည်-မန္တလေးကားလမ်းမကြီးရဲ့ဘေး မကွေးလမ်းမကြီး လမ်းလေးခွ စုံတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှိပါကြောင်း၊ ရုံး၏မြေနေရာသည် အလျားပေ ၉၀၊ အနံပေ ၉၀၊ စတုရန်းပေ ၈၁၀ ၊ အကျယ် (၄၀ ပေ x ၃၀ ပေ) ရှိသည့်အတွက် ဧရိယာစတုရန်းပေ ၁၂၀ ရှိပါကြောင်း၊ ၎င်းရုံးတွင် Mini Museum ဟုခေါ်ရမည့် ပြတိုက်ငယ်လေးတစ်ခု ဖွင့်လှစ်ထား ပါကြောင်း၊ တောင်တွင်းကြီးမြို့ ပတ်ဝန်းကျင်တွင် တွေ့ရှိထားသည့် ရှေးဟောင်းပေစာ၊ ပရပိုက် စာများ၊ ရှေးဟောင်းပျူခေတ် ခေတ်အဆက် ဆက်ဆေးတံများ၊ မြေအိုးများ၊ ရှေးအသုံးအဆောင် များကို ပြသထားပြီး ကလေးစာဖတ်ခန်း၊ စာဖတ်ဝိုင်းလေးများကိုလည်း စီစဉ်ထားပါကြောင်း၊ မြေနေရာစတုရန်းပေ ၈၁၀ ခန့်ရှိသည့် ခြံကျယ်ကြီးတွင် သေးငယ် ကျဉ်းမြောင်းသည့် စတုရန်းပေ ၁၂၀ ခန့်သာရှိသည့် ရုံးဖြစ်နေသည်အတွက် အမြင်မတော် ဖြစ်နေပါကြောင်း၊  ယခုအခါ Woman Clerk၊ Youth Clerk၊ Both Clerk စသည့် အသင်းအဖွဲ့များလည်း တည်ထောင်ထားပြီး ဖြစ်ပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးမြေနေရာကို အသုံးချပြီး Community Centre Hall တစ်ခု တည်ဆောက်ပေးမည်ဆိုပါက မြို့လူထုအတွက် အကျိုးရှိသလို ပြန်ကြားရေး ဝန်ကြီးဌာနအတွက်လည်း အကျိုးရှိမည်ဖြစ်ပါကြောင်း၊ (၃၀ ပေ x ၉၀ ပေ)ရှိသည့် Community Centre တစ်ခုတည်ဆောက်ပေးနိုင်ရန်အစီအစဉ်ရှိ/မရှိ ကိုသိလိုပါ ကြောင်း ဖြင့် မေးမြန်းပါသည်။


 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရုံး၏ မြေ အကျယ် အဝန်းသည် ပေ ၉၀ ပတ်လည် ဖြစ်ပါကြောင်း၊ ၎င်းမြို့နယ်ရုံးကို  ၁၀-၁၂-၁၉၈၂ နေ့တွင် (၄၀ ပေ x ၃၀ ပေ)အရွယ်အစား အုတ်ညှပ်၊ သွပ်မိုးတစ်ထပ် တည်ဆောက်ခဲ့ခြင်းဖြစ်သည့်အတွက် ရုံးအဆောက်အအုံအနီးတွင် အတန်အသင့်ကျယ်ဝန်း သည့် မြေလွတ် တစ်ခုကျန်ရှိနေပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင် အဆင့်မြို့ကြီးများရှိ ဌာနပိုင်မြေ နေရာများတွင် အကျယ်အဝန်းနှင့် အချက်အချာကျမှုအပေါ်မူတည်ပြီး လူထုအခြေပြု ဗဟိုဌာန (Community Centre)များကို ပြည်သူများ အသိပညာနှင့် သတင်းအချက်အလက်များ ရှာမှီးရာ နေရာ၊ ရပ်ရွာအသင်း အဖွဲ့များ စုဝေးရာနေရာ၊ ရပ်ကျိုးရွာကျိုး၊ တိုင်းကျိုးပြည်ကျိုး ဆွေးနွေးတိုင်ပင် ရာနေရာ၊ ပြည်သူလူထုအပန်းဖြေနားခိုရာနေရာ၊ ပြည်သူများနှင့် ပြည်သူ့ကိုယ်စားလှယ်များ ထိတွေ့ ဆက်ဆံရာနေရာ၊ လူငယ်လူရွယ်များ အသိပညာဆည်းပူးရာနေရာစသဖြင့် အသုံးပြု ဆောင်ရွက်နိုင်သည့် အဆောက်အအုံများအဖြစ် ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရာတွင် နည်း လမ်း ၃ မျိုးကို အခြေခံပြီး ဆောင်ရွက်ပါကြောင်း၊ (က) နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက် ခြင်း၊ (ခ) တည်ဆောက်-လုပ်ဆောင်-လွှဲပြောင်း B.O.T စနစ်နှင့်ဆောင်ရွက်ခြင်း၊ (ဂ) သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်ပုဂ္ဂိုလ်များ အဖွဲ့ အစည်းများ၏ပူးပေါင်းကူညီမှုဖြင့် ဆောင်ရွက်ခြင်းစသည် တို့ဖြစ်ပါကြောင်း၊

မကွေးတိုင်းဒေသကြီးတွင် လူထုအခြေပြုဗဟိုဌာန Community Centre တစ်ခုကို နတ်မောက် မြို့နယ်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်းပြီး ၁၅-၁-၂၀၁၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါ ကြောင်း၊ အဆိုပါလူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးလုပ်ငန်းများ၊ သင်တန်းများ၊ ရွေ့လျား စာကြည့်တိုက်ယာဉ်နှင့် စာအုပ်စာစောင်ငှားရမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပါ ကြောင်း၊  မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရုံး အဆောက် အအုံတွင် စာကြည့်တိုက်နှင့် ကလေး စာဖတ်ခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း၊ စာဖတ် ဝိုင်းများ၊ ဆွေးနွေးပွဲများကျင်းပခြင်းစသည့် ရုံးတွင်းပံ့ပိုးမှုများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊  မြေလွတ်နေရာတွင် လောလောဆယ် အနေြဖင့် ကလေးသူငယ်များဆော့ ကစားနိုင်မည့် အားကစားကွင်းတစ်ခုနှင့် လူငယ်များကစားမည့် ကစားကွင်းတစ်ခုကို ရုံးအပြင်ဘက် ပံ့ပိုးဆောင်ရွက်မှု Outdoor Facilities အဖြစ် စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊

တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးဝင်းတွင် ခန်းမဆောင် လောက် သာမကဘဲ Community Centre တစ်ခု၏ လုပ်ငန်းကဏ္ဍပေါင်းစုံကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်သည့် အဆောက်အဦတစ်ခု ဆောက်လုပ်လိုသည့်ဆန္ဒရှိပါကြောင်း၊ သို့သော် ဝန်ကြီးဌာနအနေြဖင့်  နိုင်ငံတော်ဘဏ္ဍာငွေနှင့် လူထုအခြေပြုဗဟိုဌာန Community Centre များကို ဘဏ္ဍာရေးနှစ် တစ်နှစ်တွင် အဆောက်အဦတစ်လုံးသာ တည်ဆောက် ပေးနိုင်ပါကြောင်း၊ ထို့အပြင် တခြားတိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ရုံးအဆောက်အဦ မရှိသေးသည့် ရုံးများကို တည်ဆောက်ပေးနေရခြင်း၊  သက်တမ်းကြာရှည်ပြီး ယိုယွင်းလာ သည့် အဆောက်အဦများပြင်ဆင်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးများကို ဦးစားပေးစီစဉ် ဆောင်ရွက်ပေးနေရသည့် အတွက် တောင်တွင်းကြီး မြို့နယ်ရုံးနေရာတွင် Community Centre Hall တစ်ခုဆောက်လုပ်ပေးရန် မရှိ သေးပါကြောင်းနှင့် လက်ရှိ ရုံးအဆောက်အအုံကို ပိုပြီးကြံ့ခိုင်ကောင်းမွန်အောင်နှင့် ပြင်ပရှိ ကွက်လပ်ကို ကစားကွင်း နေရာ၏ လိုအပ်ချက်ပစ္စည်းများဖြည့်တင်းပြီး ကစားကွင်းတစ်ခု ဖြစ်ပေါ်အောင် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့ပါသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်