Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်)

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ကို ၂၀၁၉  ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၃၉၂)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-   

          (က)    ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                   (၁)   ဦးမင်းသိန်း၊ တောင်တွင်းကြီး မဲဆန္ဒနယ်က မေးမြန်းသော တောင်တွင်းကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၏ မြေလွတ်ကျန်ရှိနေသော မြေနေရာတွင် ပေ ၃၀ x ပေ ၉၀ Community Centre Hall အဆောက်အဦတစ်ခု တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နတ်မောက်မြို့နယ်၌ ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းနှင့်ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသဖြင့် ရုံးအဆောက်အဦမရှိသေးသည့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင် ဦးစားပေးစီစဉ်ဆောင်ရွက်နေသောကြောင့် လောလောဆယ် ဆောက်လုပ်ပေးနိုင်ခြင်းမရှိသေးပါကြောင်းနှင့် မြေလွတ်ကျန်ရှိ နေသော ကွက်လပ်ကို ကစားကွင်း (၁)ခု အဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၂)    ဦးအောင်နိုင်(ခ)ဦးနိုင်ငံကျော်၊ မိုးကုတ် မဲဆန္ဒနယ်က မေးမြန်းသော မိုးကုတ် မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်နံပါတ်များ ထပ်နေသည့်အတွက် နိုင်ငံသား များ၏မူလအခွင့်အရေးမဆုံးရှုံးစေရန် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ အမြန်ဆုံးဖြေရှင်းပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံသားနံပါတ်ထပ်နေကြောင်း သိရှိပါက မြို့နယ်ဦးစီးရုံးသို့ လျှောက်ထားတင်ပြရန်လိုအပ်ပါကြောင်း၊ မသိရှိသေးသော ပြည်သူလူထုများ အတွက် မြို့နယ်ဦးစီးရုံး၏ ရေှ့မျက်နှာစာတွင် ဗီနိုင်းဖြင့် ချိတ်ဆွဲပြသထားခြင်း၊ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းရှင်းလင်းပြောကြားခြင်း၊ အခမ်းအနားများတွင် ပြည်သူလူထုအား ဆွေးနွေးတင်ပြခြင်းနှင့် လစဉ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ရပ်/ကျေး အစည်းအဝေးများတွင် ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် နိုင်ငံသားများ၏မူလအခွင့်အရေးများ မဆုံးရှုံး စေရေးအတွက် သတ်မှတ်ထားသော ဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၃)   ဦးဝင်းမြင့်ဦး(ခ)ဦးနေမျိုး၊ ညောင်ရွှေ မဲဆန္ဒနယ်က မေးမြန်းသော ညောင်ရွှေ မြို့နယ်တွင် ၂၀၁၃ ခုနှစ်က ဟိုတယ်ဇုန်စီမံကိန်းဟုဆိုကာ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးမြေ၊ ထင်းခြံမြေ (၆၂၂) ဧကတွင် ယနေ့တိုင် ဟိုတယ် (၂)ခုသာ အကောင် အထည်ဖော်နိုင်ပြီး ယခင်က မည်သို့ဆောင်ရွက်ထားခဲ့သည်နှင့် နောက်နောင် မည်သို့ဆက်လက်ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မြေဧရိယာအား ဟိုတယ်ဇုန်မြေအဖြစ် လွှဲပြောင်းသတ်မှတ်နိုင်ရန် ကြိုးဝိုင်းတောမြေအဖြစ်မှ စွန့်လွှတ် ပယ်ဖျက်ပေးခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေအဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ အင်းလေးဟိုတယ်ဇုန် ဆက်လက်ဆောင်ရွက်မည့်အစီအမံ အား ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်မှုအတိုင်း စီမံဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီက  အင်းလေး ဟိုတယ်ဇုန်ဖွံ့ဖြိုးတိုးတက်ရန် အစီအစဉ်များအပေါ် ဝန်ကြီးဌာနအနေဖြင့် ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၄)   ဦးသိန်းထွန်း၊ ကျောင်းကုန်း မဲဆန္ဒနယ်က မေးမြန်းသော အငြိမ်းစားပညာရေး ဝန်ထမ်းများ၏ ပင်စင်လစာတိုးမြှင့်မှုအပေါ် လက်ရှိဝန်ထမ်းများ၏ ပင်စင်ခံစားခွင့် အတိုင်း တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပင်စင်ဦးစီးဌာန အနေဖြင့် အခြေခံပညာဦးစီးဌာနမှ ဝန်ထမ်းများ၏ အငြိမ်းစားလစာကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေနှင့်အညီ ဝန်ထမ်းအငြိမ်းစားယူသည့်အချိန်၌ ထုတ်ယူခဲ့သော နောက်ဆုံး ထုတ်လစာနှင့် ကိုက်ညီသည့် လက်ရှိဝန်ထမ်းများ၏ ချိန်နှုန်းလစာအတိုင်း တိုးမြှင့်၍ တွက်ချက်ခွင့်ပြုပေးထားပြီးဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

                   (၅)   ဦးခင်ချို၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်က မေးမြန်းသော ဝင်ငွေခွန်ထမ်းဆောင်ရန် ဝင်ငွေ မပြည့်မီသူများအတွက် ထုတ်ပေးသော ဝင်ငွေကင်းလွတ်ခွင့်ရသည့် လစာဝင်ငွေ ဆိုင်ရာ သက်သေခံလက်မှတ်ထုတ်ပေးမှုနှင့် ပတ်သက်၍ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လစာဝင်ငွေဆိုင်ရာ သက်သေခံအထောက်အထား ထုတ်ပေးရန်အတွက် ပြည်တွင်း အခွန်များဦးစီးဌာနမှ သတ်မှတ်ထားသည့် လစာဝင်ငွေခွန် စည်းကြပ်ထိုက်သည့် ဝင်ငွေမရရှိသူများ၏ လစာနှစ်ချုပ်စာရင်းပုံစံ ပတခ(ဝင)-၁၆(က) ကို ပေးပို့ရမည် ဖြစ်ကြောင်း၊ အထောက်အထားအချက်အလက်များအား မြို့နယ်အခွန်ဦးစီးဌာန မှူးရုံးသို့ ပူးတွဲတင်ပြရန် မလိုအပ်ပါကြောင်း၊ သက်သေခံလက်မှတ်ကို နှစ်စဉ် ဝင်ငွေ နှစ်ကုန်ဆုံးသည့် (၃)လအတွင်း ပုံစံကို အချိန်မီတင်သွင်းတောင်းခံရမည် ဖြစ်ပါကြောင်း၊ သက်သေခံလက်မှတ်ကို မည်သည့်လုပ်ငန်းဌာနအဖွဲ့အစည်းများ တွင်မဆို တာဝန်ထမ်းဆောင်၍ လုပ်ခလစာရရှိသူများအတွက် ပိုင်ရှင် သို့မဟုတ် ငွေထုတ်ပေးရန် တာဝန်ရှိသူများက နှစ်ချုပ်စာရင်းရေးဆွဲ၍ တောင်းခံရမည်ဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းဖြစ်ပါက အခွန်စည်းကြပ်မှု ခံယူနေသည့်လုပ်ငန်းဖြစ်ရန် လိုအပ်ပါကြောင်း၊ သက်သေခံအထောက်အထားလျှောက်ထားရာတွင် တည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတို့တွင် တစ်နှစ်အတွင်း တစ်ကြိမ်သာ တောင်းခံနိုင် ပါကြောင်း၊ လစာဝင်ငွေများမှ တရားဝင်စုဆောင်းရရှိနိုင်မည့်ဝင်ငွေများကို ကာလ ကန့်သတ်ချက်မရှိဘဲ စုဆောင်းထားနိုင်သည်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် သာမန်ဝင်ငွေရရှိသူနိုင်ငံသားများအနေဖြင့် ဝင်ငွေကြေညာ လွှာတင်သွင်းလာပါက ဥပဒေနှင့်အညီ အခွန်စည်းကြပ်မှုဆောင်ရွက်ပြီး အထောက် အထားပုံစံများ ထုတ်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၆)   ဒေါက်တာဦးခင်မောင်မောင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်က မေးမြန်းသော  ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများတွင် ဖွဲ့စည်းထားသော ကော်မတီများ၌ ပါဝင်သူများက ပြည်သူများထံမှ ကောက်ယူထားသော ဘဏ္ဍာငွေများကို အလွဲသုံးစားပြုလုပ်ခြင်း နှင့်ပတ်သက်၍ တိုင်ကြားလာပါက မည်သူက တာဝန်ယူ စစ်ဆေးပေး၍ မည်သူက တရားစွဲဆိုအရေးယူပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက တိုင်စာပါ အကြောင်း အရာပေါ်မူတည်၍ သက်ဆိုင်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းအကြီးအကဲမှ အဖွဲ့ ခေါင်းဆောင်အဖြစ် ဦးဆောင်၍ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ပြီးပြည့်စုံသည့် အစီရင်ခံစာအား သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်းနှင့်  တရားစွဲဆိုအရေးယူခြင်းအား ညွှန်ကြားချက်များနှင့်အညီ အဆင့်ဆင့် လမ်းညွှန်မှုခံယူ၍ ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၇)   ဒေါက်တာဦးစိန်မြအေး၊ ဒလ မဲဆန္ဒနယ်က မေးမြန်းသော ဒလမြို့နယ်တွင် အများသုံး ရေနှင့် သောက်သုံးရေ ဖြန့်ဝေနိုင်ရေးအတွက် Japan International Cooperation System (JICS)နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တို့ကြား စာချုပ်ချုပ်ဆို ဆောင်ရွက်ထားသည့် စီမံချက်နှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက စီမံချက်နှင့်ပတ်သက်၍ Agent Agreement လက်မှတ်ရေး ထိုးခြင်း၊ Consultant ရွေးချယ်ခြင်း၊ Contractor ရွေးချယ်ခြင်းများ ဆောင်ရွက် မည်ဖြစ်ပြီး Project ကာလမှာ ၂၀၂၀-၂၀၂၂ ခုနှစ် အထိ ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

၃။      ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရပ်နား၍ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာခဲ့သည်။