Skip to main content

(က)-ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအရ မန္တလေးတို င်းဒေသကြီး အတွင်းရှိ မြို့နယ်များက ထုတ်ပြန်ထားသော ဒေသန္တရ စည်းကမ်းချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေများနှင့် သဘောထား ကွဲလွဲဆန့်ကျင်မှုများကို ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

နိုင်ငံတော်အတွင်းတွင် ပြည်သူများက မိမိတို့၏ဆန္ဒသဘောထားများကို စနစ်တကျ ဖော်ထုတ် နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၈ နှင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ၎င်းဥပဒေ၏ ရည်ရွယ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ကို သုံးစွဲဆောင်ရွက်ခွင့် ရှိစေရန်နှင့် ၎င်းတို့ကို ဥပဒေအရကာကွယ်ပေးရန်ဖြစ်ပြီး ဥပဒေတွင် ငြိမ်းစုစီပြုလုပ်လိုသူများသည် အသိပေး တင်ပြရမည့် အချက်ခြောက်ချက်ကို သက်ဆိုင်ရာ မြို့နယ်၊ ဖြတ်သန်းလိုသည့် မြို့နယ်များတွင် ရှိသည့် မြို့နယ်ရဲတပ်ဖွဲ့မှူးများထံကို ၄၈ နာရီ ကြိုတင် အသိပေးလုပ်ဆောင်ရန် ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း၊ မိမိတို့၏ဆန္ဒကို ဒီမိုကရေစီနှင့်အညီ ဥပဒေပြဋ္ဌာန်းလုပ်ဆောင်ခွင့်ပေးထားသော်လည်း အကြောင်းအမျိုးမျိုးဖြင့် ပိတ်ပင်တားဆီးမှုများ ကြုံနေရသည့်အတွက် မေးခွန်းမေးမြန်းသွားမည် ဖြစ်ကြောင်း၊

ငြိမ်းစုစီလုပ်မည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသည် ဥပဒေအရ အသိပေးတင်ပြရမည့် အချက် ခြောက်ချက်တွင် ဒေသန္တရလိုအပ်ချက်အရ ကြိုတင်သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် စပ်လျဉ်းပြီး ညှိနှိုင်းသဘောတူညီချက်ပါရှိရမည်ဟု ပါရှိကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းနှင့် မြို့နယ်အသီးသီးတွင် ငြိမ်းစုစီပြုလုပ်ရန်အတွက် ကြိုတင် ညှိနှိုင်းသဘောတူညီချက်ရယူရန် သက်ဆိုင်ရာက သတ်မှတ်ထားသည့်အချက်များသည် အနည်းဆုံး ၁၃ ချက်မှ အများဆုံး ၆၆ ချက် ထိရှိသည်ကို တွေ့ရကြောင်း၊ ကြိုတင်သတ်မှတ်ထားသည့် စည်းကမ်းချက်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ငြိမ်းစုစီ ဥပဒေ၊ တည်ဆဲဥပဒေများနှင့် ညီညွတ်မှု မရှိ ဆန့်ကျင်ကွဲလွဲသည့်အချက်များ ပါရှိနေသည်ကို တွေ့ရကြောင်း၊ ၎င်းအချက်များအနက် အရေးကြီးသည့်အချက်များကို မိမိထုတ်နုတ်တင်ပြမည်ဖြစ်ကြောင်း၊ ပထမဆုံးအချက်သည် စုဝေး ဟောပြောသည့်အချိန်တွင် စင်မြင့်မသုံးရကြောင်း၊ မြေပြင်တွင် ဟောပြောရမည်ဆိုသည့် အချက်ဖြစ်ကြောင်း၊

ဆန္ဒဖော်ထုတ်ပွဲတွင် လူထုသည် ထောင်ကျော်ထိရှိလာနိုင်သည့်အတွက် ၎င်းလူစုလူဝေးကို မြေပြင်မှ ဟောပြောရမည်ဆိုသည့် သတ်မှတ်ချက်သည် သင့်တော်ပါရဲ့လားဆိုသည်ကို စဉ်းစား သင့်ကြောင်း၊ ၎င်းအချက်သည် ဟောပြောမှုမထိရောက်စေရန် ဟန့်တားချုပ်ခြယ်သလို ဖြစ်စေ ကြောင်း၊ နောက်တစ်ချက်သည် ရုံးတက် ရုံးဆင်း၊ အလုပ်သွား အလုပ်ပြန်ချိန် မလုပ်ရ၊ နေ့ကြီး ရက်ကြီး (ပြန်တမ်းဝင် ရုံးပိတ်ရက်)လည်း မလုပ်ရဟု ကန့်သတ်ထားသည့်အတွက် ဆန္ဒ ဖော်ထုတ်ရမည့် နေ့ရက်၊ အချိန်၊ နာရီ မရှိသလောက် ဖြစ်နေသည်ကို တွေ့ရကြောင်း၊ ထို့ပြင် ယာဉ်သွားလာမှုပိတ်ဆို့ခြင်းမဖြစ်စေရန် ငြိမ်းစုစီပြုလုပ်သူမှ တာဝန်ယူဆောင်ရွက်ရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားကြောင်း၊ ပြည်သူသည် ပိုက်ဆံပေးငှားရသည့် အငှားယာဉ်ဖြစ်ပါက ကိုယ်လက်တားတိုင်း ရပ်သည်မဟုတ်သည့်အတွက် ယာဉ်သွားလာမှုကို ထိန်းပေးရန် ဆိုသည့် အချက်သည် အင်မတန်ခက်ခဲကြောင်း၊  ၎င်းသည် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်သာ ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်ကြောင်း၊

နောက်တစ်ချက်သည် ငြိမ်းစုစီပြုလုပ်ရာတွင် ရုန်းရင်းဆန်ခတ်မှုအသွင် မဖြစ်စေရေး၊ မသက်ဆိုင် သူများ ဝင်ရောက်မှုမရှိစေရေး၊ တင်ပြထားသူမှ တာဝန်ယူဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ၎င်း အချက်သည် ငြိမ်းစုစီ ဥပဒေ အခန်း (၆) ပုဒ်မ ၁၃ နှင့် ဆန့်ကျင်ကွဲလွဲနေကြောင်း၊ ဘေးအန္တရာယ် မဖြစ်စေရန် ရဲတပ်ဖွဲ့က ကာကွယ်စောင့်ရှောက်ရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း၊ ထို့ပြင် ကြိုတင်သတ်မှတ်ထားသည့် စည်းကမ်းချက်များအနက် မြို့နယ်တိုင်းပါဝင်နေသည့် အဓိကနှစ်ချက် ရှိကြောင်း၊ တစ်ချက်သည် ငြိမ်းစုစီပြုလုပ်ခွင့်ကို အခြား ပြည်နယ်/တိုင်းဒေသကြီးတွင် ဖြစ်ခဲ့သည့် ဖြစ်စဉ်များအပေါ်တွင် ငြိမ်းစုစီ လုပ်ခွင့်မပြုဆိုသည့်အချက်ဖြစ်ပြီး နောက်တစ်ချက်သည် ဟောပြောမည့်သူများသည် သက်ဆိုင်ရာ မြို့နယ်/ခရိုင်အတွင်းရှိ မှတ်ပုံတင်ရှိသူသာ ဆောင်ရွက် ခွင့်ပြုမည်ဆိုသည့်အချက် ဖြစ်ကြောင်း၊ ၎င်းသတ်မှတ်ချက်များသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးအပ်ထားသည့် နိုင်ငံသားများ၏ အခွင့်အရေးကို ပိတ်ပင်တားဆီးသလို ဖြစ်နေကြောင်း၊ မိမိသည် နိုင်ငံသားစိစစ်ရေးကတ်လဲချိန်တွင် ရှေ့တန်းစစ်ဆင်ရေးတွင် ဖြစ်သည့်အတွက် မိမိ၏ နိုင်ကဒ်သည် ရှမ်းပြည်နယ်၊ လဲချားတွင် လုပ်ရကြောင်း၊ ၁၃/လခန(နိုင်) ဖြစ်ကြောင်း၊ ညွှန်ကြားချက်အရဆိုပါက ပြည်သူ့ကိုယ်စားလှယ်ဖြစ်သည့် မိမိသည်မိမိ၏မဲဆန္ဒနယ် ပျော်ဘွယ် တွင် ဟောပြောခွင့်မရသည့်သဘောမျိုး ဖြစ်နေကြောင်း၊

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၇ တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှစွာ အခွင့်အရေးရရှိစေရမည်၊ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်ဟု ပါရှိပြီး ပုဒ်မ ၃၅၄ ပုဒ်မခွဲ(က) နှင့် ပုဒ်မခွဲ(ခ)တွင် နိုင်ငံသားနှင့် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတိုင်း ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်ပါက မိမိ၏ ယုံကြည်ချက်၊ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လက်နက် မပါ ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်ခွင့်များ ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ပုဒ်မ ၃၄၈ တွင် မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူး၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ၊ ချမ်းသာကိုအကြောင်းပြု၍ ခွဲခြားမှုမရှိစေရဟု ပြဋ္ဌာန်းထားကြောင်း၊

ထိုကဲ့သို့ ဥပဒေများ ခိုင်မာစွာပြဋ္ဌာန်းထားသော်လည်း မန္တလေးတိုင်းဒေသကြီးအတွင်းတွင် အမျိုးမျိုးသော စည်းကမ်းချက်များထုတ်ပြန်ထားသည့်အတွက် ပြည်သူများသည် ငြိမ်းစုစီ လုပ်ဆောင်ခွင့်ကို ပေးကားပေး၏မရသည့် ဘဝဖြစ်နေကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီကျင့်စဉ် နှင့်အညီ ဖြစ်စေရေးအတွက် မိမိမေးမြန်းလိုသည့်မေးခွန်းသည် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၈ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအရ မန္တလေး တိုင်းဒေသကြီးအတွင်းတွင်ရှိသည့် မြို့နယ်များကို ထုတ်ပြန်ထားသည့် ဒေသန္တရ စည်းကမ်းချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့် သဘောထား ကွဲလွဲဆန့်ကျင်ပြီး ဆန္ဒထုတ်ဖော်သူများအား အနှောင့်အယှက်၊ အဟန့်အတား၊ စိတ်ငြိုငြင်မှုများ ဖြစ်စေသဖြင့် ပယ်ဖျက်ပေးပါရန်နှင့် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် ငြိမ်းချမ်းစွာ ဟောပြောခွင့် လျှောက်ထားလိုသူများသည် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၈ ပုဒ်မ ၄ တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း အခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက်လိုသည့် နိုင်ငံသား သို့မဟုတ် အဖွဲ့အစည်းများသည် မိမိသဘောထားဆန္ဒကို ဖော်ပြရန်အလို့ငှာ အသိပေးတင်ပြချက်ကို သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးများထံ ဆောင်ရွက်မည့် နေ့မတိုင်မီ အနည်းဆုံး ၄၈ နာရီကြိုတင်၍ စာဖြင့်ပေးပို့တင်ပြရမည်ဖြစ်ကြောင်း၊

စီတန်းလှည့်လည်ရာတွင် ဖြတ်သန်းလိုသည့် မြို့နယ်များရှိပါက သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ၄၈ နာရီကြိုတင်၍ အသိပေးတင်ပြချက်မိတ္တူကို ပေးပို့ရမည်ဖြစ်ပြီး ပုဒ်မ ၄ ပုဒ်မခွဲ(က)မှ ပုဒ်မခွဲ(စ)အထိ အချက်များကို ဖော်ပြထားသည်ကို တွေ့ရကြောင်း၊ ၎င်းဖော်ပြချက်များသည်  (က) ငြိမ်းချမ်းစွာစုဝေးပြုလုပ်လိုသည့် ရည်ရွယ်ချက်၊ နေရာ၊ အချိန်အပိုင်းအခြား၊ ငြိမ်းချမ်းစွာ စုဝေးခြင်းပြုရာတွင် ဟောပြောလိုသည့် အဓိကအကြောင်းအရာနှင့် ကြွေးကြော်လိုသည့် ကြွေးကြော်သံများ၊ (ခ) ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်လိုသည့် ရည်ရွယ်ချက်၊ လမ်းကြောင်း၊ နေ့ရက်၊ ဖြတ်သန်းလိုသည့် မြို့နယ်များ၊ အချိန်အပိုင်းအခြားနှင့် ကြွေးကြော်လိုသည့် ကြွေးကြော်သံများ၊ (ဂ) ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့အတွက် အသိပေးတင်ပြသူ၊ ဦးဆောင်မည့် ပုဂ္ဂိုလ်နှင့် ဟောပြောမည့် ပုဂ္ဂိုလ်တို့၏ အမည်နှင့် ဆက်သွယ်ရမည့် လိပ်စာ အပြည့်အစုံ၊  (ဃ)           ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်မည့် အစီအစဉ်နှင့် ခန့်မှန်းလူဦးရေ၊ (င) ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းနှင့်စပ်လျဉ်း၍ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ဆောင်ရွက်ပါက ယင်းအဖွဲ့အစည်း၏ ဆုံးဖြတ်ချက်မှတ်တမ်း သို့မဟုတ် အထောက်အထား၊ (စ) ဤဥပဒေပါ စည်းကမ်းချက်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများက ဒေသဆိုင်ရာလိုအပ်ချက်အရ ကြိုတင်သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းသဘောတူညီချက်၊

ဒေသဆိုင်ရာ စည်းကမ်းချက်များသည် စည်းကမ်းချက်များ ထုတ်ပြန်ရာတွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအခန်း(၂) ပါ ရည်ရွယ်ချက်ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(ဂ)အရ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း အခွင့်အရေးကို သုံးစွဲဆောင်ရွက်သူများ ကြောင့် အများပြည်သူအား အနှောင့်အယှက် ဖြစ်စေခြင်း၊ ဘေးအန္တရာယ် ဖြစ်စေခြင်း၊ ထိခိုက်နစ်နာ စေခြင်းနှင့် အဟန့်အတား ဖြစ်စေခြင်းတို့မှ ကာကွယ်ရန်ဟု ဖော်ပြပါရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅၄ မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိသည်ဟု ဖော်ပြပါရှိပါကြောင်း၊ (က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ (ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့်၊ (ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊ (ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသား လူမျိုးအချင်းချင်းကို လည်းကောင်း၊ အခြား ဘာသာ၊ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်၊

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ အခန်း(၅)ပါ စည်းကမ်းချက်များတွင်  ပုဒ်မ ၈ မှ ပုဒ်မ ၁၂ ထိ ပြဋ္ဌာန်းထားပြီး ပုဒ်မ ၁၀ ပုဒ်မခွဲ(ဋ)တွင် ဥပဒေပါ စည်းကမ်းချက်များနှင့် တာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများက ဒေသဆိုင်ရာ လိုအပ်ချက်အရ ကြိုတင်သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းသဘောတူညီချက်များကို ဖောက်ဖျက်ခြင်း မပြုရဟူ၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ကို၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၈ တွင် ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊

အဆိုပါ ကိစ္စနှင့်စပ်လျဉ်းပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအရထုတ်ပြန်သော ဒေသန္တရအမိန့်များသည် ငြိမ်းစုစီ ပြုလုပ်လိုသူများသည် အနှောင့်အယှက်နှင့် ဟန့်တားမှု၊ စိတ်ကိုငြိုငြင်မှုများ ပေါ်ပေါက်သည်ဟု ထင်မြင်သည့်အတွက် တည်ဆဲဥပဒေနှင့် မညီညွတ်ဟု ယူဆပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၆) တရားစီရင်ရေးပုဒ်မ ၂၉၆ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ)တို့အရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော်ထုတ်ဆင့် ပယ်ဖျက်ပေးနိုင်ပါရန် လျှောက်ထားခွင့် ရှိပါကြောင်း၊ ယခုအချိန်ထိ စာချွန်တော် ထုတ်ဆင့်ပေးရန် လျှောက်ထားဆောင်ရွက်ခြင်း မရှိပါသေးကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးသောင်းအေး (ပျော်ဘွယ် မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စာချွန်လွှာ ထုတ်ဆင့်ပြီး ဆောင်ရွက်ရန် ပြောသည်ဟု မိမိ အဖြေရပါကြောင်း၊ ထို့အတွက် မိမိတို့ ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အမှတ်တကယ် ဒေသအာဏာပိုင် အဆင့်ဆင့်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ ဖြစ်ကြောင်း၊  ၎င်းညွှန်ကြားချက်များသည် သာမန် ဦးနှောက်နှင့် စဉ်းစားပါက ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကိုက်ညီကြောင်း၊ အသုံးပြုရန် ပြဋ္ဌာန်းထားသည့် ငြိမ်းစုစီ ဥပဒေနှင့် မကိုက်ညီဘူးဆိုပါက မည်ကဲ့သို့ လုပ်သင့်သည်ဆို သည်ကို စဉ်းစားဉာဏ်ရှိသည့်သူတိုင်း စဉ်းစားနိုင်သည့် အဖြေဖြစ်ကြောင်း၊ ထို့ကြောင့် မိမိ မေးထားသည်က ၎င်းညွှန်ကြားချက်များ ထုတ်လိုက်သည့်အချိန်တွင် မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ငြိမ်းစုစီလုပ်ရန် တော်တော့်ကို အခက်အခဲများ ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း၊ အချိန်မရသည့်အတွက် မိမိ အသေးစိတ် မတင်ပြခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ခြင်းသည် နိုင်ငံတော်က ပေးအပ်ထားသည့် ဒီမိုကရေစီလမ်းကြောင်း၊ နိုင်ငံတော် လျှောက်နေသည့် မိုကရေစီလမ်းကြောင်း၊ ဒီမိုကရေစီအခွင့်အရေးသည် ပြည်သူ ဘယ်လိုရမလဲ၊ ဒါကို စာချွန်လွှာတင်ပြီးမှ လုပ်နေရမည်ဆိုပါက အချိန်တော်တော်ယူရမည့် သဘော ဖြစ်ကြောင်း၊ တကယ်လက်တွေ့ ဒီမိုကရေစီဟု ကြွေးကြော်နေသည့် မိမိတို့ တိုင်းပြည်တွင် ဒီမိုကရေစီ နည်းလမ်းတကျ အဖြေပေးရန် သင့်မည်ဟု မိမိ ထပ်ဆင့်တင်ပြလိုကြောင်း၊ ထိုပြင် မိမိ၏ မေးခွန်းသည် နှစ်ပိုင်း ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဖြစ်လာပါက မည်ကဲ့သို့ အရေးယူမည်နည်း ဆိုသည့် အပိုင်းလည်း ပါပါကြောင်း၊ ထုတ်ပြန်ထားသည့် ဒေသန္တရဥပဒေများ၊ မိမိတင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဆိုပါက အချက် ၆၆ ချက် ကြောင်း၊ ၎င်း ၆၆ ချက်ကို ဖတ်လိုက်ခြင်းဖြင့် ငြိမ်းစုစီ လုပ်၍ မရသည့် သဘော ဖြစ်နေကြောင်း၊ ထို့ကြောင့် လုပ်၍မရသည့် ညွှန်ကြားချက်ကို မည်သည့်အတွက် ဒီမိုကရေစီခေတ်တွင် ထုတ်ပြန်ပါနည်း ၎င်းသည် မေးခွန်းမေးရမည့် ကိစ္စ ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့ ထုတ်ပြန်သည့်အတွက် ဆန္ဒဖော်ထုတ်မည့် လူထုတွင် အနှောင့်အယှက်များ၊ အဟန့်အတားများနှင့် စိတ်ငြိုငြင်မှုများ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဖြစ်လာပါက ယခု ပုဒ်မအရ မိမိတို့ အရေးယူ ဒဏ်ခတ်ရန် လိုပါကြောင်း၊ ၎င်းတို့ကို ဆက်လက် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ မိမိ ဆက်စပ်မေးမြန်း တင်ပြပါသည်။

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးအေးမောင်စိန်

မေးခွန်းနှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြန်လည်ဆက်သွယ်ပြီး ပြန်လည် တင်ပြပေးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

 

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးအေးမောင်စိန်