Skip to main content

 

ပြည်ကြီးတံခွန်မြို့နယ်သည် ၁၉၉၁-၁၉၉၂ ခန့်က ပြည်ကြီးတံခွန်မြို့နယ်၏ ၈၀ ရာခိုင်နှုန်းကို ပုသိမ်ကြီးမြို့နယ်နှင့် အမရပူရမြို့နယ်ရှိ လယ်ယာမြေများကိုသိမ်းယူပြီး မြို့ကွက်သစ်အဖြစ် ထူထောင်ပြီးဖော်ဆောင်ခဲ့သည့် မြို့နယ်ဖြစ်ပါကြောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၏ ၂၀ ရာခိုင်နှုန်း ၏အချို့မြေများသည် ရွာမြေအဖြစ်လည်းကောင်း၊ လယ်မြေအဖြစ်လည်းကောင်း ယနေ့အချိန်ထိ ကျန်ရှိနေခဲ့ပြီး မူလတောင်သူများနေထိုင်လုပ်ကိုင်စားသောက်လျက်ရှိကြပါကြောင်း၊ မိမိထံကို ပန်ကြားလာသည့်စာများကို စိစစ်သည့်အခါ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် မြေနေရာချထားပေးရေး အဖွဲ့အနေဖြင့် မြေနေရာများကို ချထားပေးသည့်အခါ ပုံစံမမှန်ချထားပေးသော မြေနေရာများစွာ ရှိကြောင်း၊ ဂရန်များစွာရှိကြောင်းကိုလည်း သိရှိရပါကြောင်း၊ အချို့မြေများသည် ၁၉၉၁-၁၉၉၂ ခန့်က သိမ်းဆည်းခံရသည့်အထဲတွင် ပါဝင်ခဲ့သော်လည်း ၎င်းမြေများအပေါ်တွင် ငါးနှစ်ပြည့်သည့် အခါတွင်လည်း အကောင်အထည်မပေါ်ပါကြောင်း၊ ၁၀ နှစ်ပြည့်သည့်အခါတွင်လည်း အကောင် အထည်မပေါ်ပါကြောင်း၊ နှစ် ၂၀ ပြည့်သော်လည်းပဲ အကောင်အထည်မ‌ပေါ်ပါဘဲ ၂၀၁၅-၁၆ ခုနှစ်ခန့်မှသာ မြေပိုင်ရှင်မဟုတ်သော ဂရန်ပိုင်ရှင်များပေါ်ပေါက်လာပြီး တောင်သူများသည် တရား စွဲဆိုခံနေကြရပါကြောင်း၊ တောင်သူများအနေဖြင့်လည်း မြေသိမ်းခံရခြင်း၊ တရားလည်းအစွဲခံရခြင်း နှင့် မဗဒါမြေလူးသလို တောင်သူများဘဝသည်လည်း အလူးအလဲဖြစ်ပါကြောင်း၊

၂၀၁၀ ခုနှစ် နောက်ပိုင်းတွင်ရရှိထားသောဂရန်မြေများကို ပြန်လည်စိစစ်ပြီး ပုံစံမှန်မှန်ရရှိထားသော ဂရန်မြေများကို ပယ်ဖျက်ပြီး မူလတောင်သူများကို ပြန်လည်ပေးအပ်ရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ ယခု မိမိထံကို တိုင်ကြားလာသော တိုင်ကြားစာအမြောက်အမြားထဲက တိုင်ကြားအကူအညီ တောင်းခံသော အမှုတွဲနှစ်ခုကို ထုတ်နုတ်တင်ပြလိုပါကြောင်း၊ ပထမတစ်ခုက ငွေတော် ကြည်ကုန်းရပ်ကွက် အကွက်အမှတ် ၁၇/၁၂ ရှိ မူလပိုင်ရှင် ဉီးလှအောင်မိသားစုတို့သည် သိမ်းဆည်းခံရရာတွင်မပါဝင်ဘဲ ဂရန်ပိုင်ရှင်မှ မြေပိုင်ရှင်အား တရားစွဲဆိုခံရသည့်အချိန်မှ မြေပိုင်ရှင်မှ အခြားသူများဂရန်ရရှိနေကြောင်းသိရသည့်မြေကွက်ဖြစ်ပြီး ၎င်းတို့မိသားစုသည် မြေဧက ၂.၅၂ ဧကတွင် လက်ရှိနေထိုင်လုပ်ကိုင်လျက်ရှိပြီး မြေနေရာတွင် ယနေ့အချိန်ထိ လုပ်ကိုင်စားသောက်လျက်ရှိကြောင်းကိုလည်း တွေ့ရှိရပါကြောင်း၊

ဒုတိယတစ်ခုက သင်ပန်းကုန်းရပ်ကွက်၊ အကွက်အမှတ်(ညည-၈၅) ဉီးညွန့်ဆွေ မိသားစုမှလည်း ယနေ့အချိန်ထိ ပိုင်ဆိုင်နေထိုင်လုပ်ကိုင်လျက်ရှိပါကြောင်း၊ မြေ/စစ်ကော်မတီကလည်း ၎င်းတို့ ပိုင်ဆိုင်ခဲ့သော မြေများနှင့်ပတ်သက်ပြီး အမှန်တကယ်သိမ်းဆည်းခံရသော မြေကွက်ဖြစ်ကြောင်း မြေယာလျော်ကြေးမရရှိကြောင်း၊ သီးနှံလျော်ကြေးလည်းမရရှိကြောင်း၊ အစားထိုးမြေကွက်များ လည်းမရရှိကြောင်း၊ မေးမြန်းစိစစ်ခဲ့သူများလည်းရှိကြောင်း သိရှိရပါကြောင်း၊ သို့သော်အခြားသူများက ဂရန်မြေများကို လျှောက်ထားပြီး ဂရန်များကိုရယူထားကြောင်းကိုလည်း သိရပါကြောင်း၊ ဂရန်ရယူထားသူများအနေဖြင့် ယနေ့အချိန်ထိ ပိုင်ဆိုင်နေထိုင်ခြင်းမရှိသော်လည်းပဲ ဂရန်အမည် ပေါက်များကိုအဆင့်ဆင့် လွှဲပြောင်းရောင်းချထားကြောင်းကိုလည်း သိရှိရပါကြောင်း၊

ယခုအခါ ဉီးညွန့်ဆွေပိုင်ဆိုင်သည့်မြေကွက်အပေါ်တွင် ဂရန်ရရှိသူတစ်ဉီးက အကွက်ပေါင်းများစွာ ခွဲကာအခြားသူများကို ဂရန်ခွဲများစွာဖြင့် ရောင်းချထားကြောင်းကိုလည်း သိရှိရပါကြောင်း၊ ၎င်းဂရန် ကို လျှောက်ထားရယူစဉ်တုန်းကလည်း မြေပေးစာရွက်တွင် စက်မှုဖွံ့ဖြိုးရေးမြေကွက်ဟုဆိုထား သော်လည်း ယခုအခါ မြေရောင်းဝယ်လုပ်ရန် မြေဖြစ်နေပါကြောင်း၊ မြို့ကွက်သစ်ဖော်ထုတ် ရေးအဖွဲ့ကချထားပေးသည့် မြေစာရွက်တွင်လည်း မြေပြုပြင်စတင်အကောင်အထည်ဖော်ပြီး အဆောက်အဉီများ ၅၀ ရာခိုင်နှုန်းပြီးစီးမှ ဂရန်လျှောက်ထားရန်ဟု ဆိုထားပါသော်လည်း ဂရန်အမည်ပေါက်အဆင့်ဆင့်သာ ပြောင်းလဲသွားပြီး ဆောက်လုပ်ပြီးစီးခြင်းမရှိပါကြောင်း၊ ဂရန် ခွဲအမည်ပေါက် အဆင့်ဆင့်ပြောင်းလဲပြီးသွားချိန်မှသာလျှင် အဆောက်အဉီများ ‌ဆောက်လုပ်ရန် ကြိုးစားနေခြင်းများကိုလည်းတွေ့ရပါကြောင်း၊ မြို့ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့အနေဖြင့်လည်း မြို့ကွက်သစ်ဖော်ထုတ်ပြီး စည်ပင်သာယာရေးကော်မတီကို စနစ်တကျလွှဲပြောင်းပေးအပ်ပြီး ဖြစ်ကြောင်းသိရသည့်အတွက် မြို့ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့သည် မည်သည့်အချိန်တွင် စတင်ဖွဲ့စည်းပြီး မည်သည့်အချိန်တွင် ရုပ်သိမ်းသွားသနည်း၊ ယနေ့အချိန်ထိ ရှိသလား၊ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ရှိ/မရှိကိုလည်းပဲ စိစစ်ရန်ဖြစ်ပါကြောင်း၊ ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် ရှိနေသေးပါက မြေကွက်သစ်ဖော်ထုတ်ရေးအဖွဲ့မှ ထုတ်ပေးသောမြေချစနစ်များကို မှန်ကန်မှုရှိ/မရှိ စစ်ဆေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊

မြေချစနစ်များကိုလည်း မှန်ကန်စွာထုတ်ပေးပါက မြို့ကွက်သစ်ဖော်ထုတ်‌ရေးအဖွဲ့အနေဖြင့် ထုတ်ပေးထားသည့် မြေချစနစ်စည်းကမ်းအတိုင်း ဂရန်မြေလျှောက်ထားရယူခဲ့ခြင်း ရှိ/မရှိကိုလည်း စိစစ်ရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဂရန်များကို မည်သို့ရရှိထားကြောင်းနှင့် ပုံစံမမှန် ချထားပေးသော မြေဂရန်များကို ပြန်လည်စိစစ်ရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ မမှန်မကန် ချထား ပေးပါက မြေဂရန်များကို ပြန်လည်ရုပ်သိမ်းပြီး မူလတောင်သူများကို ပြန်လည်ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


မန္တလေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံလယ်ယာမြေများတွင် ဂရန်ချထားပေးခြင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအနေဖြင့် သက်ဆိုင်ရာတောင်သူများမှ တင်ပြတိုင်းကြားလာမှုများအပေါ် လယ်ယာမြေ နှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်၍ ဗဟိုကော်မတီက ပြင်ဆင်ချမှတ်ထားသော မူဝါဒများ၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိပြီး မူလတောင်သူများသို့ မြေပြန် လည်စွန့်လွှတ်ခြင်း၊ စွန့်လွှတ်ခြင်းမရှိပါက လျော်ကြေးငွေပေးလျော်ခြင်း၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက အသုံးပြုရန်မရှိသည့် ပိုလျှံမြေများကို နိုင်ငံတော်သို့ စွန့်လွှတ်အပ်နှံစေ၍ မူဝါဒများနှင့်အညီ မူလတောင်သူများသို့ ပြန်လည်ချထားပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါ တယ်။

ဉီးညွန့်ဆွေတိုင်ကြားစာပါ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ အကွက်အမှတ် (ညည-၈၅) ရှိမြေကွက်တွင် ဉီးပိုင်အမှတ်(၁) ဧရိယာ ၀.၈၆ ဧကရှိ မြေကွက်ဖြစ်ပြီး မူလက ပုသိမ်ကြီး မြို့နယ်၊ သင်ပန်းကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၃၇)၊ ဉီးပိုင်အမှတ်(၅၇) လယ်မြေ ဧရိယာ ၄.၆၂ ဧကတွင်ပါဝင်ကြောင်း ဉီးညွန့်ဆွေ၏တိုင်ကြားစာအရ သိရှိရပါကြောင်း၊ ယင်းမြေနေရာအပါအဝင် ကွင်းအမှတ်(၅၃၇)၊ (၅၃၈)၊ (၅၁၆-ဂ)၊ (၅၃၉) အတွင်းရှိမြေဧရိယာစုစုပေါင်း ၁၇၆၃ ဧကကို မန္တလေးတိုင်းငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရက်စွဲပါအမိန့်အမှတ် (၃၆/၉၁) ဖြင့် မန္တလေးမြို့တိုးချဲ့မြေအဖြစ်အသုံးပြုရန် မန္တလေးမြို့၊ မြို့ကွက် သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့သို့ လ/န(၃၉) ခွင့်ပြုမိန့်ထုတ်ပေးခဲ့ကြောင်း တွေ့ရှိရပြီး မြို့ကွက် သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့က မြေကွက်သိမ်းဆည်းခံတောင်သူများသို့ သတ်မှတ်သည့်နှုန်းထား အတိုင်း လျော်ကြေးငွေများထုတ်ပေးခဲ့ကြောင်း သိရှိရပါကြောင်း၊

မြေပုံ၊ မြေရာဇဝင်အရ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ အကွက်အမှတ် (ညည-၈၅)၊ ဉီးပိုင်အမှတ်(၁)၊ ဧရိယာ ၀.၈၆ ဧကအား အမူတွဲအမှတ်(၁၀၆၂/၂၀၁၀-၂၀၁၁)အရ ဉီးအေးမင်းထွန်း အမည်ဖြင့် နှစ် ၃၀ မြေငှားဂရန်ထုတ်ပေးခဲ့ကြောင်းတွေ့ရှိရပြီး ၎င်းဉီးပိုင်အမှတ်(၁) အား ဉီးပိုင် (၁၂)ခု ခွဲစိတ်၍ ဉီးအေးမင်းထွန်းအမည်ဖြင့် ဂရန်ထုတ်ပေးထားကြောင်း စစ်ဆေးတွေ့ရှိရပါကြောင်း၊ အမှုတွဲဟောင်းများ ထုတ်ယူစစ်ဆေးရာတွင် မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့၏ ၁၈-၈-၂၀၁၀ ရက်စွဲဖြင့် ဉီးအေးမင်းထွန်းအား စက်မှုဖွံ့ဖြိုးရေးမြေကွက်အမှတ်(ညည-၈၅/၁)၊ ဧရိယာ ၀.၈၆ ဧကကို မြို့အင်္ဂါရပ်နှင့်ညီညွတ်သော အဆောက်အအုံ (သို့မဟုတ်) စက်ရုံတည်ဆောက်ရန်အတွက် ချထားပေးခဲ့သည့် မြေချအမိန့် မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့သို့ ငွေကျပ် ၁၃၇၆၀၀၀ နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသို့ ငွေကျပ် ၁၃၇၆၀၀၀ ပေးသွင်းသည့် ငွေရပြေစာ တို့အရ ဉီးအေးမင်းထွန်းသို့ ၂-၅-၂၀၁၁ ရက်နေ့မှ ၁-၅-၂၀၄၁ ရက်နေ့အထိ နှစ် ၃၀ မြေငှား ဂရန်ထုတ်ပေးခဲ့ကြောင်း တွေ့ရှိရပါကြောင်း၊

ဉီးအေးမင်းထွန်းသည် မြေငှားဂရန်ထုတ်ယူရရှိပြီးနောက် ၎င်းမြေကွက်အမှတ်(ညည-၈၅/၁) ဧရိယာ ၀.၈၆ ဧကအား ပေ ၄၀ ဝင်/ထွက်လမ်းနှစ်လမ်းချန်၍ မြေကွက်ပေါင်း ၁၂ ကွက်ကို ဉီးပိုင် ခွဲစိတ်ပြီး ဂရန်ထုတ်ပေးရန် လျှောက်ထားမှုအရ ၁၉-၉-၂၀၁၁ ရက်နေ့တွင် ဉီးပိုင်အမှတ် (၁-က) မှ (၁-ဍ) ထိ ဉီးပိုင် (၁၂)ခု ခွဲစိတ်ပြီး ဉီးအေးမင်းထွန်းအမည်ဖြင့် မြေငှားဂရန် ၁၂ စောင် ထုတ်ပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါကြောင်း၊ ဦးအေးမင်းထွန်းအမည်ဖြင့် မြေငှားဂရန်လျှောက်ထားခြင်း၊ ဦးပိုင် ခွဲစိတ်၍ မြေငှားဂရန် (၁၂)စောင်ထုတ်ယူခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့သည့် မြေကွက်အမှတ်(ညည-၈၅/၁)သည် မန္တလေး-လားရှိုးရထားလမ်းနှင့် မင်းကြီးရန်နောင်လမ်းကြား၊ ၄၇ x ၄၈ လမ်းကြားတွင် တည်ရှိပြီး စက်မှုဖွံ့ဖြိုးရေးမြေကွက်အဖြစ် သတ်မှတ်မြေနေရာချထားပေးခဲ့သော်လည်း စက်မှုဇုန် ဧရိယာတွင် ပါဝင်မှုမရှိကြောင်းတွေ့ရှိရပါကြောင်း၊ တင်ပြပါမြေကွက်များ၏မြေပြင်အခြေအနေမှာ ဦးပိုင်အမှတ်(၁-က)မှ(၁-ဆ)အထိ မြေကွက်တို့တွင် ဦးအေးမင်းထွန်းမှ အာစီသုံးထပ်တိုက်ခန်း အဆောက်အဉီများ ဆောက်လုပ်အသုံးပြုလျက်ရှိပြီး ကြားလမ်းမြေအပါအဝင်ဦးပိုင်အမှတ်(၁-ဇ) မှ(၁-ဍ)အထိ မြေကွက်များပေါ်၌ ဦးညွန့်ဆွေ(ပါ) ၁၅ ဦးတို့မှ သွပ်မိုး၊ ထရံကာအဆောက်အဦ ၁၃ ဦး၊ သွပ်မိုးကျောက်ပြားကာ အဆောက်အဦတစ်လုံး၊ Steel Structure အဆောက်အဦတစ်လုံးတို့ဖြင့် သွပ်မိုး၊ ဝါး၊ ဝင်းထရံ ခြံစည်းရိုးကာရံအသုံးပြုနေထိုင်လျက် ရှိပါကြောင်း၊

မန္တလေးမြို့ မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့သည် မြို့ကွက်သစ်မြေကွက်များအား မြေနေရာ ချထားရာတွင် အများအားဖြင့် စက်မှုဇုန်ဧရိယာအတွင်းပါဝင်သည့် မြေကွက်များကိုသာ အဆောက် အဦ ၅၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးမှ ဂရန်လျှောက်ထားရန်ဟု စည်းကမ်းသတ်မှတ်ထား ပါကြောင်း၊ မန္တလေးမြို့ မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ ဦးအေးမင်းထွန်းသို့ မြေကွက် အမှတ် (ညည-၈၅/၁)အား ချထားပေးရာတွင် အဆောက်အဦ သို့မဟုတ် စက်ရုံတည်ဆောက်ရန် ချထားပေးခဲ့သော်လည်း မြေကွက်အမှတ်(ညည-၈၅/၁)သည် စက်မှုဇုန်ဧရိယာအတွင်း ပါဝင်မှုမရှိ ခြင်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ထုံးလုပ်နည်းအရလည်း ဂရန်ရရှိပြီးမှ သာ အဆောက်အဦဆောက်လုပ်ရန်အတွက် မြေပုံရေးကူးခွင့်ပြုခြင်း၊ အဆောက်အဦ ဆောက်လုပ် ရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်းတို့ကြောင့် အဆောက်အဦဆောက်လုပ်ပြီးစီးခြင်းမရှိသော်လည်း ဂရန် လျှောက်ထားခွင့်ပြု၍ ဂရန်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၎င်းဂရန်များမှာ မြို့ကွက် သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့၏ မြေချထားမိန့်ကို အခြေပြုထုတ်ပေးသည့် ဂရန်စာချုပ် များ ဖြစ်ပြီး မမှန်မကန်ချထားပေးသော မြေဂရန်များမဟုတ်၍ ပြန်လည်ရုပ်သိမ်းရန်မဖြစ်နိုင် ပါကြောင်း၊

သို့ဖြစ်ပါ၍ ဦးညွန့်ဆွေတိုင်ကြားတင်ပြသည့် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ အကွက်အမှတ်(ညည-၈၅)၊ ဦးပိုင်အမှတ်(၁)၊ ဧရိယာ ၀.၈၆ ဧကသည် မြို့ကွက်သစ်ဖော်ထုတ်ရေး လုပ်ငန်းအဖွဲ့မှ စီမံခန့်ခွဲသည့် မြေဧရိယာပါဝင်ပြီး မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့၏ ၁၈-၈-၂၀၁၀ ရက်စွဲပါမြေချထားမိန့်အရ မြေချထားခံရသူ ဦးအေးမင်းထွန်းအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ လုပ်ထုံးလုပ်နည်းနှင့်အညီ မြေငှားဂရန်ထုတ်ပေးခြင်း၊ ဦးပိုင်ခွဲစိတ် ဂရန်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသဖြင့် မမှန်မကန်ထုတ်ပေးထားသော ဂရန်များ မဟုတ်ပါကြောင်း၊ ဦးအေးမင်းထွန်းအမည်ဖြင့် ထုတ်ပေးထားသောဂရန်များကို စိစစ်ဖျက်သိမ်း ပေးပါရန် ဦးညွန့်ဆွေ၏ တင်ပြမှုအပေါ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အခြေ အနေစိစစ်တင်ပြခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ၂-၈-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ၁/၂-၂/၂ ဦး ၆ (၁၅၅၀)ဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် အကြောင်းကြား ထားပါသဖြင့် ၎င်းဂရန်များကို ပြန်လည်ရုပ်သိမ်းပြီး မူလတောင်သူများထံသို့ ပြန်လည်ချထား ပေးရန် အစီအစဉ်မရှိပါကြောင်း၊

နောက်တစ်ခုက ဦးလှအောင်၏ တိုင်ကြားစာပါ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ အကွက်အမှတ်(ဟ-၁၇)၊ ဦးပိုင်အမှတ်(၁+၂)မြေနေရာသည် မူလက ပုသိမ်ကြီးမြို့နယ်၊ ငွေတော် ကျီကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၁၆/က)၊ ဦးပိုင်အမှတ်(၄၃)၊ ဧရိယာ တစ်ဧကခန့်ရှိ မြေနေရာတွင်ပါဝင်ကြောင်း ဦးလှအောင်၏ တိုင်ကြားစာများအရ သိရှိရပါကြောင်း၊ ကွင်းအမှတ် (၅၁၆-က)၊ ဧရိယာ ၂၁၉.၇၄၄၂ ဧကကို မန္တလေးတိုင်းငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်က ၂၃-၁-၁၉၉၅ ရက်စွဲပါအမိန့်အမှတ် (၄၀/၉၄) အရ မန္တလေးမြို့တိုးချဲ့မြေအဖြစ် အသုံးပြုရန် မန္တလေးမြို့ မြို့ကွက်သစ်ဖော်လုပ်ရေးလုပ်ငန်းအဖွဲ့သို့ လ/န(၃၉)ခွင့်ပြုမိန့် ထုတ်ပေးခဲ့ ကြောင်းတွေ့ရှိရပါကြောင်း၊ ၎င်းမြေနေရာအား မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ ၁၁-၈-၂၀၁၀ ရက်စွဲပါစာဖြင့် ဦးမောင်မောင်သန်း၊ ဒေါ်နန့်အေးအေးမြိုင်တို့အား မြေနေရာချထားပေးခဲ့ သဖြင့် ၎င်းတို့မှ မြေဖိုး၊ လမ်းဖိုးများပေးသွင်း၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသို့ မြေငှားဂရန်လျှောက်ထားခဲ့ရာ ၅-၄-၂၀၁၂ ရက်နေ့တွင် နှစ် ၃၀ သက်တမ်းရှိ မြေငှားဂရန်အား ထုတ်ပေးခဲ့ပါကြောင်း၊

မန္တလေးမြို့ မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့သည် မြို့ကွက်သစ်မြေကွက်များအား မြေနေရာ ချထားရာတွင် စက်မှုဇုန်ဧရိယာတွင်ပါဝင်သည့် မြေကွက်များကိုသာ အဆောက်အဦ ၅၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးမှသာ ဂရန်လျှောက်ထားရန်ဟု စည်းကမ်းသတ်မှတ်ထားပါကြောင်း၊ လူနေထိုင်ရန် ချထားပေးသည့် မြေကွက်များကို ၎င်းစည်းကမ်းချက်သတ်မှတ်ထားခြင်းမရှိပါကြောင်း၊ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ထုံးလုပ်နည်းအရလည်း ဂရန်ရရှိပြီးမှသာ အဆောက် အဦ ဆောက်လုပ်ရန် မြေပုံရေးကူးခွင့်ပြုခြင်း၊ အဆောက်အဦဆောက်မိန့် ထုတ်ပေးခြင်းတို့ကြောင့် အဆောက်အဦဆောက်လုပ်ပြီးစီးခြင်းမရှိသော်လည်း ဂရန်လျှောက်ထားခွင့်ပြု၍ ဂရန်ထုတ်ပေးခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းဂရန်များသည် မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့၏ မြေချထားမိန့်ကို အခြေပြုထုတ်ပေးသည့်ဂရန်စာချုပ်များဖြစ်ပြီး မမှန်မကန်ချထားပေးသော မြေ ဂရန်များမဟုတ်၍ ပြန်လည်ရုပ်သိမ်းရန်မဖြစ်နိုင်ပါကြောင်း၊

မြေငှားဂရန်ရရှိထားသူ ဦးမောင်မောင်သန်းနှင့် ဒေါ်နန်းအေးအေးမြိုင်တို့မှ ၎င်းမြေကွက်တို့အား ဝင်းခြံခတ်ရန် ကွန်ကရစ်တိုင်များစိုက်ထူစဉ် ၂၀၁၄ ခုနှစ်မှစ၍ ဦးလှအောင်တို့မှ ၎င်းပိုင် မြေကွက်အဖြစ် ဝင်ရောက်နေထိုင်ခဲ့ကြောင်း တွေ့ရှိရပါကြောင်း၊ ဦးလှအောင်တို့အား မြေငှားဂရန် ရရှိထားသူတို့မှ မြေကွက်ပိုင်ဆိုင်မှုအထောက်အထားများပြသ၍ဖယ်ရှားပေးရန် ပြောကြားခဲ့သော် လည်း ဖယ်ရှားပေးခြင်းမရှိခဲ့ပါကြောင်း၊ ဦးလှအောင်သည် ၂၀၁၆ ခုနှစ်အတွင်းတွင် မြေကွက် တစ်ဝက်ခွဲပေးရန်၊ ကာလပေါက်ဈေးဖြင့် လျော်ကြေးပေးရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြတိုင်ကြားခဲ့သဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးရန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသို့ အကြောင်းကြားခဲ့ပါကြောင်း၊

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက တိုင်ကြားသူ ဦးလှအောင်နှင့် မြေငှားဂရန် ရရှိထားသူ ဦးမောင်မောင်သန်း၊ ဒေါ်နန်းအေးအေးမြိုင်တို့အား သီးခြားစီခေါ်ယူတွေ့ဆုံ၍ ညှိနှိုင်း ပေးခဲ့ရာတွင် မြေငှားဂရန်ရရှိထားသူ ဦးမောင်မောင်သန်း၊ ဒေါ်နန်းအေးအေးမြိုင်တို့မှ ဦးလှအောင် တို့ကို လူမှုရေးညှိနှိုင်းမှုအဖြစ် ငွေကျပ်သိန်း ၃၀၀ ပေးခဲ့သော်လည်း လက်ခံမှုမရှိသဖြင့် မန္တလေးခရိုင် တရားရုံးသို့ တရားမကြီးမှုအမှတ်(၄၀၉/၂၀၁၄)ဖြင့် မြေကွက်ပေါ်မှဖယ်ရှား၍ လက်ရောက်ရလိုမှု စွဲဆိုခဲ့ပါကြောင်း၊ လက်ရှိအခြေအနေတွင် မန္တလေးခရိုင်တရားရုံးသို့ တရားမကြီးမှု အမှတ် (၄၀၉/၂၀၁၄) မှာ ပြီးပြတ်ခြင်းမရှိသေးဘဲ တရားရုံးအဆင့်ဆင့်အမှုရင်ဆိုင်နေရဆဲဖြစ်ပါသဖြင့် ဂရန် များကို ပြန်လည်ရုပ်သိမ်းပြီး မူလတောင်သူဦးလှအောင်သို့ ပြန်လည်ချထားပေးရန်နှင့် တရားရုံး အမိန့်အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဉီးကျော်စိုးလင်း(ပြည်ကြီးတံခွန်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့ မြေချဂရန်ကိုပေးသည့်အခါ မြေမချခင် ၂၀၁၁-၁၂ ခုနှစ်ခန့်တွင် မြေလည်းသိမ်းဆည်း ထားခြင်းမရှိဘဲ ၎င်းမြေချဂရန်ပေးသည့်နေရာတွင် မြေချဂရန်ဆိုင်ရာလုပ်ထုံးလုပ်နည်းဆိုသည်မှာ ရှိပါကြောင်း၊ မြေချဂရန်လုပ်ထုံးလုပ်နည်းအရ မြေချတော့မည်ဆိုပါက လက်ရှိတွင် မြေပိုင်ရှင် ရှိ/မရှိဆိုသည်မှာ မြေချမည့်သူမှာတာဝန်ရှိသလို၊ မြေလက်ရောက်ရယူသူတွင်လည်း တာဝန် ရှိပါကြောင်း၊ ၁၉၉၀ ခုနှစ်၊ ၁၉၉၁ ခုနှစ်၊ ၁၉၉၂ ခုနှစ် မြေများစမသိမ်းခင်ကတည်းက တောင်သူများသည် ပိုင်ဆိုင်နေထိုင်ပြီး ယနေ့အချိန်ထိ လုပ်ကိုင်စားသောက်နေပါကြောင်း၊

ထို့ကြောင့် စိစစ်သည့်အခါ ဂရန်မြေသည် မှန်မှန်ကန်ကန်ချထားပေးခြင်း ရှိ/မရှိ အဓိကပြန်လည် စိစစ်ရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ မြေချစနစ်တွင်လည်း စက်မှုမြေဖွံ့ဖြိုးတိုးတက်ရေး မြေကွက်ဆိုပြီး ချထားပေးရာတွင်လည်း အောက်ဆုံးမှသီးခြားပြန်ပြီး ပြထားပါကြောင်း၊ တစ်လအတွင်း မြေပြုပြင်မှု စတင်အကောင်အထည်ဖော်ပြီး အဆောက်အဉီ၏ ၅၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးမှ ဂရန်လျှောက်ထားရန်ဆိုပြီး မြေကွက်သစ်ဖော်ထုတ်ရေးအဖွဲ့ဥက္ကဋ္ဌလက်မှတ် ရေးထိုးထားပါကြောင်း၊ ယခုအချိန်ထိ အဆောက်အဉီများလည်း မဆောက်သေးဘဲ ဂရန်ခွဲ မြောက်မြားစွာပေးပြီး မြေကိုဖွံ့ဖြိုးရေးအတွက်မဟုတ်ဘဲ မြေရောင်းချရန်အတွက်ဖြစ်နေသည့် အတွက် စိစစ်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်တွင် ရှင်းလင်းဆွေးနွေးရာတွင် မိမိတို့ စ နှင့် ဆ အချက်ကို အဓိက ပြောပြလိုပါကြောင်း၊ စ တွင်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ချထားပေးသော မြေဧရိယာတွင် ဂရန်အမှုတွဲများစွာခွဲခြားပြီး မြေကွက်ငယ်များခွဲစိတ်ပြီး ဂရန်ထုတ်ပေးထားခြင်းသည် လုပ်ထုံး လုပ်နည်းနှင့်ညီညွတ်မှုမရှိကြောင်း MCDC ဧရိယာနယ်နိမိတ်အတွင်း မြို့မြေကွက်ချထားခြင်း၊ စီမံခန့်ခွဲခြင်းတို့ကို မြို့မြေဧရိယာစီမံခန့်ခွဲရေးကော်မတီမှ ဆောင်ရွက်လျက်ရှိကြောင်း မြေကွက် ချထားပေးခြင်းအမိန့်များသည် MCDC မှ ချထားပေးခြင်းမဟုတ်ဘဲ မြို့မြေယာစီမံခန့်ခွဲရေး ကော်မတီတစ်ဉီးတည်းသဘောဖြင့် မြေသိမ်းမိန့်ထုတ်ပေးထားသည်ဟု သံသယရှိကြောင်းဆိုပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရှင်းလင်းပြောပြထားပါကြောင်း၊ ထို့ကြောင့် ၎င်းတို့ မှန်ကန်မှုရှိ/မရှိ သိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

နေပြည်တောင်ကောင်စီ၊ ကောင်စီဝင် ဉီးအေးမောင်စိန်

မန္တလေးတိုင်းအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပြီးရာတွင် တော်တော်များများပါသွားပြီး ဖြစ်ပါကြောင်း၊ ထပ်မံသိရှိလိုသောမေးခွန်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဆက်သွယ်ပြီး ပြန်လည်တင်ပြပေးမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

နေပြည်တောင်ကောင်စီ၊ ကောင်စီဝင် ဉီးအေးမောင်စိန်