Skip to main content

 

(ဂ)-စစ်ကိုင်းမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ယူနိုင်ရန် ကျောက်တာကျေးရွာအနီးတွင် အဆင်သင့်ရှိနေသောမြေဧရိယာ၁၄ဧကကျော်ခန့်ပေါ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတစ် ကျောင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် တက္ကသိုလ်ငါးခု၊ ကောလိပ်နှစ်ခု ရှိပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ပညာရေး တက္ကသိုလ်၊ သမဝါယမ တက္ကသိုလ်ဟူ၍ တက္ကသိုလ် ငါးခု ရှိပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်နှင့် ပညာရေး ကောလိပ် ဆို၍ ကောလိပ် နှစ်ခုလည်းရှိပါကြောင်း၊ ကျောင်းသူကျောင်းသားများ အဆင်ပြေစွာ ပညာ သင်ကြားလျက်ရှိပါကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်နှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ယူနိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရန် ရည်ရွယ်၍ မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ကျောင်းတည်ဆောက်ရန် အစိုးရ စီမံခန့်ခွဲခွင့် ရှိသည့် မြေဧရိယာ ၁၄ ဧကခန့်သည် စစ်ကိုင်းမြို့ မြောက်ဘက် ကပ်လျက် ကျောက်တာ ကျေးရွာအနီးတွင် အဆင်သင့် ရှိပြီးဖြစ်ပါကြောင်း၊  သက်ဆိုင်ရာ ဝန်ကြီးဌာနမှ နိုင်ငံတော်၏ အနာဂတ် မျိုးဆက်သစ် လူသားအရင်းအမြစ်များအတွက် စက်မှုလက်မှု သိပ္ပံကျောင်း ချထား တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မည်သည့်အချိန်တွင် တည်ဆောက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် အစိုးရ နည်းပညာကောလိပ် (ရွှေဘို)အား လည်းကောင်း၊ ကန့်ဘလူခရိုင်တွင် အစိုးရ စက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)အား လည်းကောင်း၊  ခန္တီး ခရိုင်တွင် အစိုးရ စက်မှုလက်မှုသိပ္ပံ(ခန္တီး)၊ အစိုးရ နည်းပညာ အထက်တန်းကျောင်း (ခန္တီး)၊ မုံရွာခရိုင်တွင် အစိုးရ နည်းပညာ အထက်တန်းကျောင်း (မုံရွာ)၊ အစိုးရ နည်းပညာ အထက်တန်းကျောင်း (ချောင်းဦး)၊ ကလေးခရိုင်တွင် အစိုးရနည်းပညာ အထက်တန်းကျောင်း (ကလေး)ကို ဖွင့်လှစ်၍ ပုံမှန်သက်မွေး သင်တန်းများဖြစ်သည့် အင်ဂျင်နီယာနှင့် နည်းပညာ ဘာသာရပ်ဆိုင်ရာ သင်တန်းများနှင့် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် ကာလတို သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး သင်တန်း အစီအစဉ်များကို ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးလျက်ရှိပါကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တွင် အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း တစ်ကျောင်း ဖွင့်လှစ်ပေးနိုင်ပါက မြို့နှင့် တစ်ဆက်တစ်စပ်တည်း ဆက်စပ်နေသည့် အခြား မြို့နယ်များဖြစ်သည့် ဆားတောင်၊ မြင်းမူ၊ မြောင်၊ မြစ်ငယ်၊ တံတားဦးမှ လူငယ်လူရွယ်များ အနေဖြင့် လည်းနည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေနေရာ ရရှိရေးအတွက် ပညာရေး ဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ၇-၅-၂၀၁၉ ရက် ရက်စွဲပါ စာအမှတ်၊ မူဝါဒ(၂၁)/၃-၇(၁)(က)/၂၀၁၉(၄၁၇၄) နှင့် ကူညီဆောင်ရွက်ပေးရန် ညှိနှိုင်းမေတ္တာရပ်ခံစာ ပေးပို့ဆောင်ရွက် ထားပြီးဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ခရိုင်စီမံ ခန့်ခွဲမှုကော်မတီထံသို့ ၂၀၁၉ ခုနှစ်၊ မေလ ၂၉ ရက် ရက်စွဲပါ စာအမှတ်၊ (၄/၈-၆(၆)/၁၁၈၇/အဆည) ဖြင့် မြေနေရာရှာဖွေစိစစ်၍ ပြန်လည်တင်ပြရန် အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရှိရပါကြောင်း၊

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး အဆိုပြုထားသည့် စစ်ကိုင်းမြို့မြောက်ဘက် ကပ်လျက် ကျောက်တာ ကျေးရွာအနီး မြေဧရိယာ ၁၄ ဧကခန့်သည် အစိုးရ စက်မှုလက်မှု သိပ္ပံ (စစ်ကိုင်း) ဖွင့်လှစ်နိုင်ရေးအတွက် သင့်တော်ကောင်းမွန်သည့် မြေနေရာဖြစ်ပြီး အတည်ပြု သတ်မှတ်မြေနေရာ ရရှိမည်ဆိုပါက ပညာရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍအတွက် လိုအပ်သည့် အသက်မွေးဝမ်းကျောင်းသင်တန်းများကို လူငယ်လူရွယ် များ တစ်သက်တာ သင်ယူမှုအခွင့်အလမ်းများ ရရှိပေးနိုင်ရန်အတွက် တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်  ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှစတင်၍ ရန်ပုံငွေ ထည့်သွင်းလျာထား တင်ပြဆောင်ရွက်နိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး