Skip to main content

 

 

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ကျောင်းဆောင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် နေရာတွင် အမှန်တကယ် လိုအပ်သည့် ကျောင်းများကို ဖြည့်ဆည်းပေးနိုင်ရေး အတွက် မူဝါဒ ပြင်ဆင်ပြီး ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ ဆိုသည့်မေးခွန်းကို မေးမြန်းသွား မည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွက် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေမှ ချပေးသည့် ကျောင်းဆောင်များထဲ၌ ထီးလင်းမြို့နယ်တွင် ကျောင်းဆောင်(၂)ဆောင်သာ ရရှိသည့်အတွက် အင်မတန်နည်းသည့်အတွက် မေးမြန်းရခြင်းဖြစ်ကြောင်း၊

မကွေးတိုင်းဒေသကြီး၌ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေမှ  ကျောင်းဆောင် အရေအတွက် ၂၆၂ ဆောင်ရရှိခဲ့ပြီး အောင်လံမြို့နယ်၌ ကျောင်းဆောင် ၂၄ ဆောင် ရရှိပြီး စုစုပေါင်း၏ ၉.၁၆ ရာခိုင်နှုန်းအထိ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အောင်လံမြို့နယ်မှ ကျောင်းသူ/ကျောင်းသားများအတွက် မုဒိတာပွားရပါကြောင်း၊ ထီးလင်းမြို့နယ်တွင် ကျောင်းဆောင် အရေအတွက် (၂)ဆောင်သာ ရရှိပြီး စုစုပေါင်း၏ ၀.၇၆ ရာခိုင်နှုန်းသာ ရရှိပြီး တစ်ရာခိုင်နှုန်း မရှိသည်ကို တွေ့ရပါကြောင်း၊ စေတုတ္တရာမြို့နယ်နှင့် ကံမမြို့နယ်တွင် လေးဆောင်စီ ရရှိကြောင်း၊ သရက်နှင့် ရေနံချောင်းမြို့နယ်တွင် ငါးဆောင်စီ ရရှိသည်ကို တွေ့ရကြောင်း၊ ပခုက္ကူခရိုင်တွင် ၇၆ ဆောင် အများဆုံးဖြစ်ပြီး၊ ဂန့်ဂေါခရိုင်တွင် ၁၈ ဆောင် သာရရှိပြီး တတိယ အများဆုံးရရှိသည့် ရေစကြိုမြို့နယ် တစ်မြို့နယ်သာ ရရှိသည်ကို တွေ့ရကြောင်း၊ မည်သည့်မူဝါဒများနှင့်တွက် ချက်ပြီးပေးသည်ကို လေ့လာရာတွင် တစ်မြို့နယ်လုံးတွင်ရှိသည့် ထက်၊ လယ်၊ မူ ကျောင်းသား အရေအတွက်များနှင့် ကျောင်းဆောင်များအပေါ်တွင် မူတည်ပြီး အဆင့်အလိုက် ကျောင်းသား တစ်ဦးချင်းအတွက်ရှိရမည့် အကျယ်အဝန်းနှင့် အချိုးကျ တွက်ချက်သည့် မူနှင့်ပေးသည်ကို သိရကြောင်း၊ ထီးလင်းမြို့နယ်တွင် ကျောင်းသားဦးရေ ၈၀၀၀ ကျော်သာရှိပြီး အသုံးပြုသည့် ကျောင်းဆောင်အရေ အတွက် ၁၉၈ ဆောင်ရှိနေပါကြောင်း၊ အထက်တန်းကျောင်း၊ အလယ်တန်း ကျောင်းသားတစ်ဦးအတွက် ၁၈ စတုရန်းပေ၊ မူလတန်း ကျောင်းသားအတွက် ၁၂ စတုရန်းပေနှုန်းဖြင့် တွက်ချက်ပြီး နှစ်ဆောင်တည်းသာ ချပေးသည်ကို သိရှိရပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်‌များ အောင်မြင်ရန် ချမှတ်ထားသည့် လုပ်ငန်းစဉ်များတွင့် ကျောင်းသူ/ကျောင်းသားများ ပညာသင်ကြားရာတွင် အဆင်ပြေစေရန် စာသင်ခန်းများ၊ သင်ထောက်ကူ ပစ္စည်းများကို စီမံချက် ရေးဆွဲပြီး ဖြည့်ဆည်းပေးမည်ဟု ဆိုထားပါကြောင်း၊ ထို့အပြင် လုပ်ငန်းဆောင်ရွက်သည့် နေရာတွင် အဆင်ပြေစေရန်အတွက် အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေးမည်ဟု ပါရှိပါကြောင်း၊ ထို့အပြင် ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် ထိရောက်စေရန်အတွက် ကျောင်းအလိုက် Ground Data များပြုစုပြီး ဦးစားပေးအလိုက် ဆောင်ရွက်မည်ဟု ပါရှိပါကြောင်း၊

ကျောင်းဆောင်သစ်များ တင်ပြသည့်နေရာ၊ ပြင်/ထိန်းကျောင်းများ တင်ပြသည့်နေရာ အမျိုးသား စီမံကိန်းဥပဒေတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များနှင့်အညီ၊ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်နှင့်အညီ ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ အားလုံးစုပေါင်းပြီး On Ground Data များကို ကွင်းဆင်းကောက်ယူပြီး အမှန်တကယ်လိုအပ်သည့် ကျောင်းဆောင် များကို စီမံချက်ရေးဆွဲပြီး တင်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ၂၄ ဆောင် တင်ပြခဲ့ရာတွင် နှစ်ဆောင်တည်းသာရရှိသည့်အတွက် ကျောင်းဆောင်လိုအပ်ချက်သည် မိမိ တို့မြို့နယ်အတွက် အများကြီးလိုအပ်နေဆဲ ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့မြို့နယ်သည် တောတောင် ထူထပ်ပြီး သွားလာရခက်ခဲသည့် လူနေကျဲပါးသည့် မြို့နယ် တစ်မြို့နယ် ဖြစ်သည့်အတွက် အချို့ ကျောင်းများတွင် ကျောင်းသားဦးရေ နည်းပါးပြီး ကျောင်းဆောင် မလိုအပ်သော်လည်း အချို့ကျောင်းများတွင် ကျောင်းသားအရေအတွက်များပြီး အမှန်တကယ် ကျောင်းဆောင် လိုအပ်နေသည်ကို တွေ့ရကြောင်း၊ ထိုကြောင့် တစ်မြို့နယ်လုံးကို ခြုံငုံသုံးသပ်ပြီး ကျောင်းသား ဦးရေနှင့် ကျောင်းဆောင် အရေအတွက်အချိုးချခြင်းမဟုတ်ဘဲ အမှန်တကယ်လိုအပ်နေသည့် ကျောင်းများကို ပေးနိုင်ရန်အတွက် Underground Data ကောက်ခံချက်အရ ကျောင်းဆောင်သစ် ချပေးသည့်မူကို ပြောင်းပြီး ကျောင်းဆောင်သစ်များ ချပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

မိမိတို့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း NESP ၂၀၁၆-၂၁ ၏ အခန်း(၁၄) အပိုဒ် ၁၄.၄ တွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းကို ဘတ်ဂျက်စီးဆင်းမှုနှင့် တစ်ပြေးညီ ဖြစ်စေခြင်း ဆိုသည့်အတွက် အားလုံးအတွက် လူတိုင်းအကျုံးဝင်ရမည်၊ မျှတမှုလည်း ရှိရမည်ဆိုပြီး ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ရန်ပုံငွေလျာထားဆောင်ရွက်ရန် ရေးဆွဲဖော်ပြထားရှိပြီး ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ နှစ်အလိုက် ဉီးစားပေးလုပ်ငန်းအစီအစဉ်တွင် မည်သည့်လုပ်ငန်းများကို အစိုးရမှပံ့ပိုးပြီး မည်သည့် လုပ်ငန်းများကို ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များက ပံ့ပိုးမည်ဆိုသည်ကိုလည်း မိမိတို့ လျာထားပြီး နှစ်စဉ်ဆောင်ရွက်လျက် ရှိကြောင်း၊

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ဘတ်ဂျက်လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းခြင်း၊ သာမန်အသုံးစရိတ် စီမံခန့်ခွဲခြင်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ် စီမံခန့်ခွဲခြင်းများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးကြောင်း၊ ဘတ်ဂျက်စီးဆင်းမှုအစတွင် အဆိုပြုသည့်အချိန်တွင် မြို့နယ် ပညာရေးမှူးများသည် ကျောင်းများနှင့် စစ်ဆေးရေးမှူးများ၏ အစီရင်ခံစာကို အစီရင်ခံပြီး အသုံးစရိတ်လိုအပ်ချက်များကို ပြင်ဆင်စီစဉ်ဆောင်ရွက်ပါကြောင်း၊ ၎င်းအချက်အလက်များကို တိုင်း‌ဒေသကြီး/ပြည်နယ် ပညာရေးမှူးများထံကို ဆက်လက်ပေးပို့တင်ပြပြီး၊ လေ့လာသုံးသပ်ပြီး၊ အကြံပြုချက်များထည့်သွင်းပြီး ပညာရေးဝန်ကြီးဌာနကို ဆက်လက်တင်ပြရကြောင်း၊ ပညာရေး ဝန်ကြီးဌာနက တင်ပြလာသည့် ငွေလုံးငွေရင်းအဆိုပြုချက်များကို စိစစ်စုစည်းပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို တင်ပြဆောင်ရွက်ရကြောင်း၊

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသည် ညှိနှိုင်းတိုင်ပင်ပြီးသည့် အချိန်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက နောက်ဆုံးအဆိုပြုလွှာများကို လွှတ်တော်ကို တင်ပြနိုင်ရန်အတွက်၊ အတည်ပြုချက် ရရှိရန်အတွက် အဆင့်ဆင့်တင်ပြ ဆောင်ရွက်ရကြောင်း၊ ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာ ဉီးစီးဌာနသည် ပညာသင်ယူမှု အခွင့်အလမ်းများနှင့် အရည်အသွေးနှင့် သာတူညီမျှမှုတို့ကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်အတွက် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းပါ မဟာဗျူဟာများ အစီအစဉ်များနှင့် လုပ်ငန်း အစီအစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အချိန်တွင် စနစ်သစ်ပညာရေး (KG+12) တန်း ပညာရေးအရ ထပ်မံတိုးလာမယ့် စာသင်ခန်း အရေအတွက်များ အရ သော်လည်းကောင်း၊ နှစ်စဉ်တိုးတက်လာတဲ့ ကျောင်းသားဦးရေအရ သော်လည်းကောင်း၊ စာသင်ခန်း လိုအပ်ချက် မြင့်မားလျက်ရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ စီမံကိန်းပါ မဟာဗျူဟာများ၊ လုပ်ငန်း အစီအစဉ်များအရ လိုအပ်သည့် လုပ်ငန်းများကို ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး အပြီးသတ်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အန္တရာယ်ရှိ ကျောင်းဆောင်များ၊ သဘာဝဘေး အန္တရာယ်ကြောင့် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများ တိုးတက်လာသည့် ကျောင်းသားဦးရေအရ လိုအပ်သည့် တိုးချဲ့ကျောင်းဆောင်များ၊ သိပ္ပံဆောင်များ၊ စာကြည့်တိုက်များ၊ ဝန်ထမ်းအိမ်ရာများ၊ ခန်းမများ၊ သိုလှောင်ရုံများ၊ အားကစားခန်းမများ၊ အားကစားကွင်းများ စသဖြင့် ဦးစားပေးအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

၂၀၁၉-၂၀ ပညာသင်နှစ်တွင် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်ရှိ အထက်တန်းဆင့် သင်ကျောင်း ၁၅ ကျောင်း၊ အလယ်တန်းဆင့် သင်ကျောင်း ၃၈ ကျောင်း၊ မူလတန်းဆင့်သင်ကျောင်း ၄၂ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၉၅ ကျောင်းနှင့် အထက်တန်းဆင့်သင် ကျောင်းသား /ကျောင်းသူ ၁၆၉၀ ဦး၊ အလယ်တန်းဆင့်သင်/ကျောင်းသားကျောင်းသူ ၃၁၅၁ ဦး၊ မူလတန်း ဆင့်သင် ကျောင်းသား/ကျောင်းသူ ၃၄၂၉ ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၈၂၆၆ ဦးရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထီးလင်းမြို့နယ်တွင် လိုအပ်နေသည့် အဆောက်အဦလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး မြို့နယ်အလိုက် ဦးစားပေး အစီအစဉ်အရ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းတည်ဆောက်ရေး ရန်ပုံငွေဖြင့် လုပ်ငန်း ၁၇ ခု၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းငါးခု၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း ၁၁ ခု လျာထား ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၉-၂၀ တည်ဆောက်ရေး လုပ်ငန်းနှစ်ခုဖြစ်သည့် မူလွန် (ရေပုတ်) (၆၀x ၃၀)ပေ Steel Structure တစ်ထပ်အသစ်ဆောက်လုပ်ရန် ငွေကျပ် ၃၇.၂၆ သန်း၊ အ..က(ထီးလင်း)ရှိ အန္တရာယ်ကျောင်းဆောင်အား ဖျက်သိမ်းပြီး (၁၀၀x ၃၀)ပေ Steel Structure နှစ်ထပ် အသစ်ဆောက်လုပ်ရန် ငွေကျပ် ၁၂၄.၂ သန်း ထည့်သွင်း လျာထားဆောင်ရွက်ခဲ့ကြောင်း၊ နှစ်ထပ်စာသင်ဆောင်တွင် စာသင်ခန်းသည် စာသင်ခန်း ခြောက်ခန်း ပါကြောင်း၊ တစ်ထပ် စာသင်ဆောင်သည် ၆၀ ပေ x ၃၀ ပေဖြစ်သည့်အတွက် နှစ်ခန်း ပါဝင်ကြောင်း၊

ပညာရေးဝန်ကြီးဌာနသည် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အခြေခံပညာကျောင်း တစ်ကျောင်း ချင်းအလိုက် စာသင်ခန်းလိုအပ်ချက်များ၊ အဆောက်အဦလိုအပ်ချက်များကို စာရင်းပြုစုထားရှိပြီး ဖြစ်သော်လည်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ပညာရေးဝန်ကြီးဌာနအတွက် ခွဲဝေရရှိသည့် နှစ်စဉ်ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရခြင်း ဖြစ်သည့်အတွက် လိုအပ်ချက်များကို မြို့နယ်တစ်ခုချင်းအလိုက်အညီအမျှ ဆောင်ရွက်နိုင်ရန် မြို့နယ်အလိုက် Ceiling Figure များ ခွဲပြီး ၎င်းဦးစားပေးအစီအစဉ်အရမူဝါဒချမှတ်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကျောင်းဆောင်လိုအပ်ချက်များ ဖြည့်ဆည်းပေးရာ တွင် ၂၀၁၉-၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုခဲ့သည့် ငွေလုံးငွေရင်းတည်ဆောက်ရေး Ceiling အား မြို့နယ်အလိုက် ကျောင်းဦးရေနှင့် ကျောင်းသား ဦးရေပေါ်တွင် မူတည်ပြီး ပျမ်းမျှတွက်ပါကြောင်း၊ ၎င်းနှစ်ခု၏ပျမ်းမျှအပေါ်တွင်မူတည်ပြီး ထပ်မံပြီး ပျမ်းမျှရာခိုင်နှုန်းတွက်ချက်ပြီး ကျောင်းသားဦးရေ နည်းနေသည့်မြို့နယ်များအတွက်ဖြစ်ပါက ကျောင်းဦးရေအပေါ်တွင် ပျမ်းမျှပြန်ယူသည့်အတွက် ၎င်းနှစ်ခုအပေါ်တွင် ကျောင်းဦးရေနှင့် ကျောင်းသား ဦးရေအပေါ်တွင် ပျမ်းမျှယူသည့် ရာခိုင်နှုန်းကို ပျမ်းမျှပြန်ယူခြင်းဖြစ်သည့်အတွက် မိမိတို့မြို့နယ်အလိုက်ကို မျှတမှုရှိသည် ပျမ်းမျှရာခိုင်နှုန်း အပေါ်တွင်အခြေခံပြီး အဆိုပါရန်ပုံငွေရရှိမှုအပေါ်တွင်မူတည်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ဦးစားပေးအစဉ်အလိုက် တင်ပြလာသည့်လုပ်ငန်းများကို ထည့်သွင်းလျာထား ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊

ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက်တွင် လိုအပ်နေသည့် စာသင်ဆောင်ဦးရေသည် ကချင်ပြည်နယ်တွင် ၁၆၄၇ ၊ မကွေးတိုင်းဒေသကြီးတွင် ကျောင်းဆောင်ပေါင်း ၆၀ ပေ၊ ၃၀ ပေ ၃၀၉၁ ဆောင် လိုအပ်ကြောင်း၊ ၎င်း ၆၀ ပေ၊ ၃၀ ပေ စာသင်ခန်း နှစ်ခန်းပါသည့်အတွက် မိမိတို့ မကွေးတိုင်းဒေသကြီးတွင် စာသင်ခန်းပေါင်း ၆၀၀၀ ကျော် လိုနေသည်ဆိုသည့် အဓိပ္ပာယ် ဖြစ်ကြောင်း၊ ထို့ကြောင့် ထီးလင်းမြို့နယ်ကို ဖြည့်သည်ဆိုရာတွင် ကျောင်းဆောင်သည် နှစ်ဆောင်သာ ပါသည်ဆိုသော်လည်း ၆၀ ပေ၊ ၃၀ ပေ တွသ် စာသင်ခန်း နှစ်ခန်းပါကြောင်း၊ RC နှစ်ထပ်သည် ခြောက်ခန်းပါသည့်အတွက် ရှစ်ခန်း ဖြည့်ဆည်းသည့် အဓိပ္ပာယ် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် စာသင်ဆောင် ၆၀ ပေ x ၃၀‌ ပေ ၄၅၁၂၉ ဆောင် လိုပါကြောင်း၊  ထို့ကြောင့် တစ်နိုင်ငံလုံးတွင် စာသင်ခန်းပေါင်း အခန်းဖြင့် တွက်မည်ဆိုပါက နှစ်နှင့်မြှောက်လိုက်ပါက ကိုးသောင်းကျော်လိုနေသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နှစ်စဉ် ခွင့်ပြုဘဏ္ဍာငွေအရ တည်ဆောက်ရေး လုပ်ငန်းများကို တိုးချဲ့စီစဉ်ဆောင်ရွက် လိုသော်လည်း မြေပြင်ပေါ်တွင် မိမိတို့တင်ဒါခေါ်ရသည့် လုပ်ငန်းများ၊ အဆောက်အဦကို အရည်အသွေးနှင့် အချိန်မီ ပြီးစီးစေရန် လုပ်ငန်းလုပ်ရခြင်းများသည်လည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရသည့် လုပ်ငန်း ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းအချက်များကို မိမိတို့ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ပြီး မိမိတို့လိုအပ်ချက်များကို ဆက်လက်ပြီးဖြည့်ဆည်း စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး