Skip to main content

(ဆ)-မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အစိုးရအခြေခံပညာကျောင်းများတွင် တိုင်းရင်းသား လူမျိုးများ အလိုက် တိုင်းရင်းသားဘာသာစာပေ ကျောင်းသုံးသင်ရိုးပုံနှိပ်စာအုပ်များ ရိုက်နှိပ်ထုတ်ဝေပေးရန် နှင့် သင်ထောက်ကူပစ္စည်းများလိုအပ်လာပါက မည်ကဲ့သို့ဆောင်ရွက်ပေး မည်ကိုသိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အစိုးရ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားလူမျိုးများအလိုက် မိခင်ဘာသာ စာပေစကားနှင့် အချိန်ပိုင်းသင်ကြားခြင်းကို ခွင့်ပြုပေးလျက်ရှိရာ တိုင်းရင်းသား ဘာသာစာပေ သင်ကြားလျက်ရှိသည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာဆရာမများ အတွက် တိုင်းရင်းသား လူမျိုးများအလိုက်၊ အတန်းအလိုက် တိုင်းရင်းသား ဘာသာ သင်ရိုးကျောင်းသုံး ပုံနှိပ်စာအုပ်များကို နိုင်ငံတော်အစိုးရက တာဝန်ယူပုံနှိပ်ပြီး  လိုအပ်ချက်များနှင့်အညီ အခမဲ့ ဖြန့်ဝေပေးရန် အစီအစဉ် ရှိ/မရှိနှင့် တိုင်းရင်းသားလူမျိုးအလိုက် တိုင်းရင်းသား ဘာသာစာပေ ကျောင်းသုံးသင်ရိုး ပုံနှိပ်စာအုပ်များ ရိုက်နှိပ်ထုတ်ဝေပေးရန်နှင့် သင်ထောက်ကူ ပစ္စည်းများ လိုအပ်လာပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို အသေးစိတ် တိကျရှင်းလင်းစွာ သိလိုပါကြောင်း၊

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့ မြို့နယ်ခန်းမ၌ ၅-၇-၂၀၁၉ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူလူထု တွေ့ဆုံပွဲ အခမ်းအနားတွင် ပြည်သူတစ်ဦးက အစိုးရအခြေခံ ပညာသင်ကျောင်းများတွင် အချိန်ပိုင်းအလိုက် ရှမ်းတိုင်းရင်းသား ဘာသာစာပေများ သင်ကြားပေးလျက် ရှိရာတွင် သင်ကြားရေး ဆရာ/ဆရာမများကို နိုင်ငံတော်မှ နေ့တွက်စရိတ် ထောက်ပံ့ပေး၍လည်းကောင်း၊ သင်ကြားရေး‌ အထောက်အကူပြု ဆရာ/ဆရာမများ ခန့်အပ်၍ လည်းကောင်း သင်ကြားစေခြင်းများကို ဆောင်ရွက်လျက်ရှိရာ အဆင်ပြေမှု ရှိသော်လည်း သင်ထောက်ကူ ပစ္စည်းများနှင့် ရှမ်းဘာသာစာပေ ကျောင်းသုံးသင်ရိုး ပုံနှိပ်စာအုပ်များ လိုအပ်လျက် ရှိနေသည့်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုသည့်အတွက် တင်ပြ မေးမြန်းခဲ့ကြောင်း၊

မိုင်းရယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ငါးအုပ်စုဖြစ်သည့် မိုင်းဟပ်မန်ပုံ ကျေးရွာအုပ်စု၊ မိုင်းဟိန်း ကျေးရွာအုပ်စု၊ မန်ကျူ ကျေးရွာအုပ်စု၊ မန်ကျောင်း ကျေးရွာအုပ်စုနှင့် နားဝ ကျေးရွာအုပ်စု ငါးအုပ်စုတွင် အစိုးရ အခြေခံပညာကျောင်းများတွင် ရှမ်းတိုင်းရင်းသား ဘာသာစာပေနှင့် အချိန်ပိုင်း သင်ကြားလျက်ရှိသည့် ကျောင်းသား/ကျောင်းသူပေါင်း ၁၃၅၀ ဦးခန့်ရှိ၍ ရှမ်းတိုင်းရင်းသား သာဘာသင်ရိုး ပုံနှိပ်စာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ လိုအပ်လျက်ရှိနေပါကြောင်း တစ်မြို့နယ်လုံးအနေဖြင့်လည်း လိုအပ်ချက်ရှိနေသည်ကို တင်ပြချက်များအရ သိရှိရပါကြောင်း၊

ရှမ်းတိုင်းရင်းသား ဘာသာစာ‌ပေ ကျောင်းသုံးသင်ရိုးညွှန်းတမ်းပုံနှိပ်စာအုပ်များကို ဘာသာ အလိုက်၊ အတန်းအလိုက် သက်ဆိုင်ရာ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီများနှင့် ရှမ်းစာပေပညာရှင် များက စုပေါင်းပြုစုထားသည့် သင်ရိုးပုံနှိပ်စာအုပ်များ ရှိပြီးဖြစ်သော်လည်း အစိုးရအခြေခံ ပညာကျောင်းများတွင် သင်ကြားသင်ယူလျက်ရှိသည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ /ဆရာမများအတွက် နိုင်ငံတော်မှ ပုံနှိပ်ထုတ်ဝေဖြန့်ဖြူးပေးနိုင်‌သေးခြင်း မရှိသည်ကို သိရှိရကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းရင်းသား ဘာသာစာပေ၊ မိခင် ဘာသာစကားနှင့် အစိုးရအခြေခံပညာကျောင်းများတွင် အချိန်ပိုင်းသင်ကြားသင်ယူနေကြသည့် ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများအတွက် တိုင်းရင်းသား ဘာသာအလိုက်၊ အတန်းအလိုက် ပုံနှိပ်စာအုပ်များ ရိုက်နှိပ်ထုတ်ဝေပေးရန် အတွက်လည်းကောင်း၊ သင်ထောက်ကူ ပစ္စည်းများ လိုအပ်လာသည့် အချိန်တွင်လည်းကောင်း၊ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ ဆောင်ရွက်ပေးနိုင်ရန် အတွက် ဆောင်ရွက်ပေးနိုင်မှု အခြေအနေနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများကို အသေးစိတ် တိကျရှင်းလင်းစွာ သိရှိပြီး ပြည်သူများနှင့် သက်ဆိုင်ရာ စာပေယဉ်ကျေးမှု အသင်းအဖွဲ့တို့ကို ပြန်လည် ရှင်းလင်းတင်ပြနိုင်ရန်အတွက် မေးမြန်းပါသည်။


ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အစိုးရအခြေခံပညာကျောင်းများတွင် တိုင်းရင်းသား လူမျိုးများအတွက် တိုင်းရင်းသား ဘာသာစာပေနှင့် ဘာသာစကားများကို အချိန်ပိုင်း သင်ကြားပေးရန်အတွက် မိမိတို့ ပူးပေါင်းစီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားပညာရေး ဥပဒေအရ တိုင်းရင်းသား ဘာသာစာပေကို သင်ကြားရန်အတွက်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်နှင့် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီး ဌာန၏ အခြေခံပညာသင်ရိုးညွှန်းတမ်းအညွှန်းတွင် ဒေသသင်ရိုးများကို သတ်မှတ်ထားပါကြောင်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းတွင် ဒေသသင်ရိုးသည် တိုင်းရင်းသား ဘာသာနှင့် စာပေဖြစ်ကြောင်း၊ စတုတ္ထတန်းမှ နဝမတန်းအထိတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၏ ပထဝီ၊ သမိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာနှင့် စီးပွားရေး ဘာသာရပ်များကို သင်ကြား နိုင်ကြောင်း၊ အထက်တန်းဖြစ်သည့် ဒသမတန်း၊ ဧကဒသမတန်း၊ ဒွါဒသမတန်းတို့တွင် ယခုဒေသ သင်ရိုးကို ကျောင်းသား/ကျောင်းသူများအတွက် ကွန်ပျူတာဖြင့် ဒေသနှင့်လိုက်လျောညီထွေဖြစ် သည့် အကြိုသက်မွေးသင်တန်းများသည် အရေးကြီးသည့်အတွက် အခြေခံပညာသင်ရိုးညွှန်းတမ်း အညွှန်းဘောင်တွင် ထိုကဲ့သို့သတ်မှတ်အတည်ပြုထားပါကြောင်း၊

သို့သော် ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားဘာသာနှင့် စာပေများကို မူလတန်း ကျောင်းသား/ကျောင်းသူများ အထူးသဖြင့် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကျောင်းသား/ ကျောင်းသူများ သင်ယူနိုင်ရန်အတွက် ဆရာ/ဆရာမများနှင့် တိုင်းရင်းသား လူမျိုးများအလိုက်၊ အတန်းအလိုက် တိုင်းရင်းသား ဘာသာသင်ရိုး၊ ကျောင်းသုံးပုံနှိပ်စာအုပ်များကို သက်ဆိုင်ရာ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ပြုစုပြီးမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက အတည်ပြု၍ ပညာရေးဝန်ကြီးဌာနကို ညှိနှိုင်းလာလျှင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ယူပုံနှိပ်၍ အခမဲ့ပုံနှိပ် ဖြန့်ဝေပေးလျက်ရှိကြောင်း ၊

၂၀၁၉-၂၀ ပညာသင်နှစ်တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာ ကျောင်းပေါင်း ၁၂၄၈၈ ကျောင်းရှိ မူလတန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၆၆,၇၃၁ ဦးကို တိုင်းရင်းသား ဘာသာစကားသင် ဆရာ/ဆရာမ စုစုပေါင်း ၂၀၁၉၉ ဦးနှင့် သင်ကြားမှု အထောက်အကူပြု (Teaching Assistant) နေ့စားလပေး Teaching Assistant တွင် တိုင်းရင်းသား ဘာသာစကားကို သင်ကြားပို့ချရမည် ဖြစ်ကြောင်း၊ ကျောင်းတွင် ဆရာ/ဆရာမ လိုအပ်နေပါက မူလတန်း ကျောင်းသား/ကျောင်းသူများကို စာသင်ကြား ပို့ချရန် ၂၀၁၆ ခုနှစ်တွင်စတင်ပြီး စီစဉ်ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊

ခန့်ထားပြီးသည့် Teaching Assistant ဆရာ/ဆရာမစုစုပေါင်း ၁၁,၇၁၈ ဦးကို တိုင်းရင်းသား ဘာသာစကားများ ကျောင်းသား/ကျောင်းသူများ သင်ယူတတ်မြောက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အဖွဲ့များ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်းပြီး ပညာရေး ဝန်ကြီးဌာနမှ ခန့်ထားပေးခြင်းကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ တိုင်းရင်းသားရေးရာဝန်ကြီးများကို ဖိတ်ခေါ်၍ နောက်ထပ်လိုအပ်သည့် Teaching Assistant များ ခန့်ထားပေးရန်အတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားဘာသာသင်ရိုးနှင့် ပတ်သက်၍ သင်ထောက်ကူ ပစ္စည်းများကို‌ ထောက်ပံ့ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် လိုအပ်သည့် တိုင်းရင်းသား ဘာသာသင်ရိုးကျောင်းသုံးပုံနှိပ်စာအုပ်များကို တိုင်းဒေသကြီး/ပြည်နယ်များအလိုက် လိုအပ်ချက်များကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ နှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတို့မှ ပေါင်းစပ်ညှိနှိုင်းလာပါက အခြေခံပညာဦးစီးဌာနအနေဖြင့် အဆင့်ဆင့် စိစစ် ဆောင်ရွက်ပြီး ပညာရေးဝန်ကြီးဌာနမှ အတည်ပြုပုံနှိပ်၍ အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးစိုင်းသီဟကျော်(မိုင်းရယ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိမေးမြန်းချက်တွင် အသေးစိတ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်၊ တင်ပြရမည့် နည်းလမ်း၊ တောင်းဆိုရမည့် ပုံစံစသည်ဖြင့် အသေးစိတ် သိလိုသည့်အတွက် တင်ပြ မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊

မေးမြန်းရသည့် အကြောင်းအရင်းသည် လူထုတွေ့ဆုံပွဲအခမ်းအနားတွင် သက်ဆိုင်ရာ ဌာနအကြီးအကဲများ အားလုံးတက်ရောက်ပါကြောင်း၊ ပြည်သူလူထုက ၎င်းတို့အတွက် ပုံနှိပ် စာအုပ်များလိုအပ်သည့်ကိစ္စကို မေးမြန်းသည့်အချိန်တွင် မြို့နယ်ပညာရေးမှူးကို မည်ကဲ့သို့ ဆောင်ရွက်ထားကြောင်းနှင့် နှစ်အလိုက် ပုံနှပ်စာအုပ်များရရန် မည်ကဲ့သို့ စီစဉ်ထားကြောင်း မေးသည့်အချိန်တွင် မသိပါကြောင်းနှင့် ၎င်းကိစ္စကို မလုပ်ပေးရကြောင်း၊ ထို့ကြောင့် မိမိတို့သည် ကျေးရွာများတွင် တိုင်းရင်းသား ဘာသာပုံနှပ်စာအုပ်များ ရရှိရန်အတွက် လက်တလောအချိန်တွင် မရနိုင်ကြောင်း မိမိ ရှင်းလင်းတင်ပြခြင်း ဖြစ်ကြောင်း၊

ထို့ကြောင့် လိုအပ်ချက်ရှိလာပါက ဝန်ကြီးတင်ပြသွားသည့်အချက်တွင် တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှုအဖွဲ့များမှတစ်ဆင့် တင်ပြတောင်းခံလာပါက ဆောင်ရွက်ပေးမည်ဆိုသည့် ကိစ္စ ဖြစ်ကြောင်း၊ သို့သော် မြို့နယ်အလိုက် ဆောင်ရွက်ပေးရမည့် တာဝန်ဖြစ်သည့် မြို့နယ် ပညာရေးမှူးများသည် ကျောင်းအလိုက် တင်ပြမည့် တိုင်းရင်းသား ဘာသာစာပေသင်ကြားရေး ဆရာ/ဆရာမများ၏ အရေအတွက်ကို သိရှိပြီး ဖြစ်ကြောင်း၊ ထပ်မံသင်ကြားမည့် ကျောင်းသား /ကျောင်းသူ ဦးရေကိုလည်း သိပါကြောင်း၊ ထို့ကြောင့် ပုံနှိပ်မည်မျှထိ လိုသည်ကို ပညာရေးမှူးများ သိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တွင် မရသေးသည့် အချက်အလက်များ ဖြစ်ပေါ်နေသည့် အတွက်ကြောင့် ဝန်ကြီးတင်ပြသည့်အတိုင်း ပုံနှိပ်စာအုပ်များကို ရိုက်နှိပ်ပုံနှိပ် ထုတ်ဝေပေးလျက် ရှိသည်ဟု သိရသည့်အတွက် ဝမ်းသာကြောင်း၊ သို့သော် မိမိတို့ ဒေသခရီးကို မရသေးသည့် အနေအထားအပေါ်တွင် ဝန်ကြီးအနေဖြင့် ပြန်လည်ရှင်းလင်းပေးစေလိုကြောင်း၊ ထို့ပြင် အခြားဒေသများတွင် ယခုကဲ့သို့ တင်ပြတောင်းဆိုမှုများ လုပ်ရမည်ဆိုပါက လုပ်ရမည့် လမ်းညွှန် အသေးစိတ် အဆင့်ဆင့်ကို ဝန်ကြီးအနေဖြင့် ပြုစုပေးနိုင်မည်ဆိုသည့်အချက် ဖြစ်ကြောင်း၊ ၎င်းကို သက်ဆိုင်ရာ အဖွဲ့အစည်းများက လိုအပ်ချက်ရှိပါက မည်ကဲ့သို့ တင်ပြတောင်းဆိုနိုင်သည်ကို မိမိ ဆက်လက်ရှင်းပြနိုင်ရန်အတွက် ဖြစ်ကြောင်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းတွင် မူလတန်း ကျောင်းသား/ကျောင်းသူများ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကျောင်းသား/ကျောင်းသူများ တိုင်းရင်းသားဘာသာဖြင့် စာပေများကို သင်ယူနိုင်ရန်အတွက် ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ပြုစုကြကြောင်း၊ ၎င်းပြုစုသည့်စာအုပ်များကို မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များကို ၎င်းတို့တင်ပြပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက အတည်ပြုပါက ၎င်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက၊ သက်ဆိုင်ရာအဖွဲ့များက မိမိတို့ ပညာရေး ဝန်ကြီးဌာနကို ဆက်လက်ပေးပို့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် သင်ရိုးညွှန်းတမ်းများကို အတည်ပြုရန်အတွက် ပညာရေးဝန်ကြီးဌာနတွင်ရှိသည့် မြန်မာနိုင်ငံတိုင်းရင်းသားများ ဘာသာ စကားဦးစီးဌာနမှ စိစစ်ပါကြောင်း၊ စိစစ်ပြီးသည့်အချိန်တွင် မိမိတို့မှ အမျိုးသားပညာရေး မူဝါဒကော်မရှင်တွင်ရှိသည့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၏ စိစစ်အတည်ပြုချက်ကို ရယူဆောင်ရွက်ရပါကြောင်း၊ ၎င်းတို့က စိစစ်အတည်ပြုပြီးပါက မိမိတို့ထံ ပြန်လည်ပေးပို့ပါကြောင်း၊ ပေးပို့သည့်အချိန်တွင် မိမိတို့ ပညာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုကော်မတီတွင် အတည်ပြုပြီး မိမိတို့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို မိမိတို့မှ ပြန်လည်ပြီး ၎င်းတိုင်းရင်းသားဘာသာစာပေပုံနှိပ်စာအုပ်များသည် အသုံးပြု၍ ရပြီဆိုသည့်အချက်ကို မိမိတို့ပြန်လည်ဖြေကြားပါကြောင်း၊ ပြန်လည်ဖြေကြားပြီးသည့် အချိန်တွင် လိုအပ်သည့်အရေအတွက်ကို မိမိတို့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများမှ မည်သည့်အရေအတွက်ကို ပုံနှိပ်ရန် လိုသည်ဆိုသည့် တင်ပြမှုများကို အခြေခံပညာဦးစီးဌာနမှ ၎င်းတို့၏လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါခေါ်သည့်လုပ်ငန်းများ လုပ်ရပါကြောင်း၊ ပုံနှိပ်သည့်လုပ်ငန်းများကို အပ်သည့်လုပ်ငန်းများကို လုပ်ရကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ၎င်းလုပ်ငန်းများသည် ယနေ့ ချက်ချင်းပေးပို့ပြီး၊ တင်ပြပြီး နောက်တစ်နေ့ချက်ချင်းရသည့် လုပ်ငန်းများ မဟုတ်ကြောင်း၊

ထို့ကြောင့် လုပ်ထုံးလုပ်နည်းဖြင့် အချိန်ယူ ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ၎င်းကို အတည်ပြု ဆောင်ရွက်ပြီးသည့်အချိန်မှဖြစ်သည့်အတွက် လုပ်ငန်းအတည်ပြုရသည့် ကာလသည် ကြာရှည် ကြောင်း၊ ပုံနှိပ်လုပ်ငန်းလုပ်ရန်အတွက် လုပ်ငန်းအပ်သည့် လုပ်ငန်း‌များ၊ ပုံနှိပ်ပြီး ဖြန့်ဝေရသည့် လုပ်ငန်းများသည်လည်း ကြာရှည်သည် ဖြစ်သည့်အတွက် ၎င်းကိစ္စများကို ပညာရေး ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များတွင် ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ ဆောင်ရွက်နေခြင်းများနှင့် ထိုကဲ့သို့ အခြေခံပညာ သင်ရိုးညွှန်းတမ်း အညွှန်းဘောင်နှင့် ပတ်သက်သည်များ၊ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်သည်များ၊ အခြေခံကျောင်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန်အတွက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်းများကို သွားသည့်အချိန်တွင် မိမိတို့ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆောင်ရွက်သွား လိုပါကြောင်း။ ထို့ကြောင့် ဆောင်ရွက်ရသည့် လုပ်ငန်းများသည် မိမိတို့ အချိန်ယူရပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။