Skip to main content

 

မိမိတို့နိုင်ငံက စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် စိုက်ပျိုးရေး၏တွဲဖက်လုပ်ငန်းဖြစ်သော မွေးမြူရေးလုပ်ငန်းသည် လုံးဝဖွံ့ဖြိုးခြင်းမရှိသည့် သဘောမျိုး ဖြစ်နေပါကြောင်း၊ မိမိတို့နိုင်ငံတွင် မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်ပြီး အခြေအနေ အားလုံးပေးပေမဲ့လည်း မဖြစ်ထွန်းသည်မှာဘာကြောင့်လဲဟုသုံးသပ်ပါက နည်းပညာနိမ့်နေသည့် အတွက် ဖြစ်ပါကြောင်း၊ နည်းပညာအဘယ့်ကြောင့်နိမ့်သလဲဆိုတော့ မွေးမြူရေးပညာကို နည်းပညာ အရသင်ကြားပေးရမည့် အဓိကတာဝန်အရှိဆုံးက မွေးမြူရေးဆိုင်ရာဆေးပညာတက္ကသိုလ်ဖြစ်ပါ ကြောင်း၊ သို့သော်ပညာရေးမူဝါဒအစီရင်ခံစာတွင် ဖော်ပြထားပါကြောင်း၊ မိမိတို့ကျောင်းတွင် မွေးမြူရေးနှင့်ပတ်သက်သည့် လုံလောက်သော Demonstration Farms မရှိပါကြောင်း၊ Demonstration Farms ဟုခေါ်သည့် ခြံလေးသည်တစ်နိုင်တစ်ပိုင်လောက်သာရှိပါသည်ဟု အစီရင်ခံစာထဲတွင် ဖော်ပြထားသည့်အပြင် ကျောင်းသားများကို တကယ်တတ်အောင်သင်မည် ဆိုပါက Commercial Farms များ လိုအပ်ပါကြောင်း၊ Commercial Farms များလုပ်ရန်အတွက် မြေဧက ၂၀၀ ခန့်လိုအပ်သည်ဟု ဖော်ပြထားပါကြောင်း၊

မိမိတို့ကျောင်းတွင် ၆ နှစ်သင်တန်းကျောင်းက ကျောင်းသားပေါင်း ၁၀၀ စီ ခေါ်ပါကြောင်း၊ DVN ဘွဲ့ပေးပါကြောင်း၊ ၄ နှစ်သင်တန်းအတွက် တစ်နှစ်လျှင် ကျောင်းသား ၁၅၀ ဦးခေါ်သည့်အတွက် ကျောင်းသားပေါင်း ၆၀၀ ဦးရှိပါကြောင်း၊ နှစ်ခုပေါင်းပါက ကျောင်းသားပေါင်း ၁၂၀၀ သင်ကြားရန် အတွက် Demonstration Farms ဆိုသည်မှာ သေးသေးလေး၊ တိရစ္ဆာန်အကောင်အရေကလည်း နည်းနည်းလေး ဖြစ်ပါကြောင်း၊ နွားဆိုပါက ခြောက်ကောင်၊ ခုနစ်ကောင်သာရှိသော အနေအထား မျိုးဖြစ်နေပါကြောင်း၊ အသားစားကြက် ၁၀၀၀ ကျော်၊ ဥစားကြက် ၁၀၀၀ ကျော်သာ မွေးပါကြောင်း၊ သာမန်ရပ်ကွက်ထဲက မွေးမြူရေးသမားတစ်ယောက်၏ တစ်နိုင်တစ်ပိုင်ခြံအဆင့်သာ ရှိပါကြောင်း၊ တက္ကသိုလ်က ကျောင်းသူကျောင်းသားများ သင်ကြားမှုအထောက်အကူပြုသော Demonstration Farms ကို လုပ်ထားသည်မှာ အဓိပ္ပာယ်မရှိပါကြောင်း၊ ကျောင်းသားများကို တကယ် တတ်စေလိုပါက Commercial Farms ဟုခေါ်သောစီးပွားဖြစ်မွေးမြူရေးခြံကြီးများ ဆောင်ရွက်ပြီး မွေးမြူရေးပညာကို ထိထိရောက်ရောက် သင်ကြားပေးရန်လိုကြောင်း၎င်းအစီရင်ခံစာတွင် တင်ပြ ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါအစီရင်ခံစာထွက်ကတည်းက မိမိကကျောင်းကိုစောင့်ကြည့်နေသည့် အခါ ကျောင်းကယနေ့အထိ ဘာမှထိထိရောက်ရောက်ဆောင်ရွက်ခြင်းမတွေ့သည့်အတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားပညာရေးမူဝါဒကော်မရှင် အစီရင်ခံစာအမှတ်(၄) တွင်ဖော်ပြထားသည့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ကျောင်းသားများ လက်တွေ့ သင်ကြားနိုင်ရန် Commercial Farms အကောင်အထည်ဖော်ခြင်းရှိ/မရှိ၊ ရှိပါက အဘယ်သို့ဆောင်ရွက်နေပါသနည်း၊ မရှိပါက အဘယ်ကြောင့် မဆောင်ရွက်နိုင်ပါသနည်း သိလိုကြောင်း မေးမြန်းပါသည်။


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ပိုင် Commercial Farms များအကောင်အထည်ဖော်ခြင်းအားဖြင့့် ကျောင်းသူကျောင်းသားများ၏ စီးပွားဖြစ်မွေးမြူထုတ်လုပ်ရေးနှင့် Modern Farming Technologies ကို လက်တွေ့ သင်ကြားပေးနိုင်မည်ဖြစ်သည့်အပြင် တက္ကသိုလ်အတွက်လည်း နိုင်ငံ၏အဆင့်မြင့်ပညာရေးပြုပြင် ပြောင်းလဲမှုလုပ်ငန်းစဉ်များအရ Autonomous University ဖြစ်လာသည့်အချိန်တွင် ဝင်ငွေဖော် ဆောင်မှုနည်းလမ်း တစ်ခုဖြစ်လာနိုင်သည့်အတွက် အမှန်တကယ်အကောင်အထည်ဖော် ဆောင် ရွက်သွားရမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သုံးသပ်ရရှိပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အတွင်း တက္ကသိုလ်ပိုင်မွေးမြူရေးခြံများ အကောင်အထည်ဖော်သွားနိုင်မည့် မြေလွတ်၊ မြေရိုင်းများ ကို တက္ကသိုလ်မှတာဝန်ရှိသူများ နှစ်ကြိမ်တိုင်တိုင် လိုက်လံကွင်းဆင်းကြည့်ရှုစိစစ်ခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ သို့သော်လည်း မွေးမြူရေးခြံများနှင့့် စားကျက်မြေများသည်  တစ်ဆက်တစ်စပ် တည်းထားနိုင်မည့် မြေနေရာအကျယ်အဝန်းရရှိနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေး အသင့်အတင့် ကောင်းမွန်မှု၊ လျှပ်စစ်မီးသွယ်တန်းနိုင်ရေးအတွက် အဆင်ပြေလွယ်ကူမှု၊ ရေရရှိရေးဖြစ်နိုင်ခြေ စသည့် အခြေခံအဆောက်အဦပိုင် ထည့်သွင်းစဉ်းစားရမည့် အခြေအနေများတွင် အဆင်ပြေနိုင်သော မြေနေရာမတွေ့ရသေးသည့်အတွက် အဆိုပါအခြေခံလိုအပ်ချက်များနှင့် အနီးစပ်ဆုံး အံဝင်ခွင်ကျ ဖြစ်မည့့််နေရာကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပါကြောင်း၊ သို့ဖြစ်သည့်အတွက် Commercial Farms များ တည်ထောင်ခြင်းကို စတင်ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် အနေအထားဖြစ်ပါကြောင်း၊

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် Commercial Farms များ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးသော်လည်း တက္ကသိုလ်အနေဖြင့်အကောင် ၁၀၀၀ ဆံ့ ဥစားကြက်မွေးမြူရေးခြံ၊ အကောင် ၁၀၀၀ ဆံ့ အသားစားကြက်မွေးမြူရေးခြံ၊ အကောင်ရေ ၁၅ ကောင်ဆံ့ နို့စားနွားမွေးမြူရေးခြံ၊ အကောင်ရေ ၂၀ ဆံ့ အသားစားနွားမွေးမြူရေးခြံနှင့် အကောင်ရေ ၁၀ ကောင်ဆံ့ ဝက် မွေးမြူရေးခြံစသည့် သရုပ်ပြမွေးမြူရေးခြံ Demonstration Farms များအပြင် တက္ကသိုလ် ဧရိယာအတွင်းရှိ မြက်စိုက်ခင်းများနှင့် ကျောင်းသူကျောင်းသားများကို လက်တွေ့လေ့ကျင့် သင်ကြားပေးနေရသည့် အနေအထားဖြစ်ပါကြောင်း၊ တစ်ဖက်ကလည်း Myanmar CP Livestock Co.,Ltd, Japfa, Crystal Diamond, De Heus, CJ, New Hope, Sun Jin အစရှိသော မွေးမြူရေးကုမ္ပဏီများနှင့်လည်း ဆက်စပ်ပူးပေါင်းညှိနှိုင်းပြီး နောက်ဆုံးနှစ်ကျောင်းသူကျောင်းသား များကို ၎င်းတို့စိတ်ပါဝင်စားမှုအလိုက် လက်တွေ့ပါဝင်ဆောင်ရွက်စေမည့် Internship Programme (On Job Training) များကိုလည်း University-Industry Collaboration အနေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ပေးရသည့် အနေအထားဖြစ်ပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ပေးမှုများ ကြောင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှမွေးထုတ်ပေးလိုက်သော ကျောင်းသားကျောင်းသူများ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး လက်တွေ့အနေအထားတွင် သင်ခန်းစာများ သင်ကြားမှုများကိုလည်းစီမံရရှိနိုင်သည့်အခြေအနေ ဖြစ်ပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်ကြီး၏မေးခွန်းနှင့်ပတ်သက်ပြီး မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ကျောင်းသားကျောင်းသူများလေ့လာနိုင်ရန်အတွက်  လက်ရှိတွင် တစ်နိုင်တစ်ပိုင် မွေးမြူရေးခြံများ ကို ဆောင်ရွက်ထားရှိပါကြောင်း၊ စီးပွားဖြစ်မွေးမြူရေးခြံများအဖြစ် တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံတော်၏အထောက်အပံ့တစ်ခုတည်းသာမက Private Sector၊ International Organization များ၏ အထောက်အပံ့များဖြင့် အခြေခံလိုအပ်ချက်ဖြစ်သော မြေနေရာ၊ ရင်းနှီးမြှုပ်နှံရမည့် ငွေကြေး၊ အခြေခံအဆောက်အဦများသည် ဖြည့်ဆည်းနိုင်မှုနှင့် လိုအပ်မည့် ဝန်ထမ်းအင်အားခန့်ထားမှုများ ဖြည့်ဆည်းနိုင်မည်ဆိုသည်နှင့်အညီ Commercial Farms များ တည်ထောင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် တက္ကသိုလ်အနေဖြင့် သင်ကြားရေးအထောက် အကူပြုအဖြစ်သာ ဆောင်ရွက်နိုင်ပြီး Commercial Farms အဖြစ် ဆောင်ရွက်နိုင်ခြင်းမရှိ သေးသည့်အခြေအနေဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

‌ဒေါက်တာခင်မောင်မောင်[ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်] က ဆက်စပ်မေးခွန်း မေးမြန်း ပါသည်။

မိမိတို့နိုင်ငံသည် မြေသိပ်ရှားနေပြီလား၊ နေပြည်တော်ကောင်စီတွင် တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်ရှိပါကြောင်း၊ ထိုကဲ့သို့မြို့နယ်မျာတွင် မြေလွတ်၊ မြေရိုင်း၊ ပလပ်မြေအများကြီး ရှိပါကြောင်း၊ လျှပ်စစ်ရှိမှလုပ်မည်ဆိုပါက လျှပ်စစ်ရှိသည့်နေရာလိုက်ရှာရန် မလွယ်ပါကြောင်း၊ မြေကိုအရင်ရအောင်လုပ်ပြီးမှ Infrastructure များကို လုပ်ရမည် ဖြစ်ပါကြောင်း၊ မြေဧက Infrastructure များပြည့်စုံသောမြေရမှ လုပ်မည်ဆိုပါက အဖြေသည်အဓိပ္ပာယ်မရှိလှဘူးဟု ထင်သည့်အတွက် မြေကိုအရင်ရှာမှာလား၊ Infrastructure ပြည့်စုံသည့်မြေကို ရမှလုပ်မှာလားဟု သိလိုပါကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

လုပ်ငန်းတစ်ရပ်အကောင်အထည်ဖော်သည့်အခါ အခြေအနေအကြောင်းအရာတစ်ရပ်ရပ်က ပြည့်စုံ မှသာလျှင် အောင်မြင်မှုဆိုတာဖြစ်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်သည့်အခါ မိမိစိတ်ကူးဆန္ဒရှိသော်လည်း အကောင်အထည်ဖော်နိုင်ရန်အတွက် အကန့်အသတ်ရှိနေသော အနေအထားများလည်း ရှိပါကြောင်း၊ လက်ရှိမြေပြင်အခြေအနေသည် ပွင့်လင်းစွာတင်ပြရမည် ဆိုပါက မြေယာအရှုပ်အရှင်းပြဿနာများကလည်း အများကြီးရှိသည့်အလျောက် တစ်ဖက်တွင် လည်း မိမိတို့လွတ်လွတ်လပ်လပ်နှင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့့််နေရာလည်း အရေးကြီးပါကြောင်း၊ တစ်ဖက်ကလည်း မိမိတို့က ဆောင်ရွက်ရမည့်လုပ်ငန်းပေါ်တွင် အထောက် အကူပြုနိုင်မည့် လိုအပ်သော Infrastructure Facilities များလည်း ပြည့်စုံရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့်၎င်းလုပ်ငန်းရပ်က ရေရှည်ကိုမျှော်ကိုးပြီး အဆင့်လိုက်အဆင့်လိုက် အကောင်အထည် ဖော်သွားမှ အဆင်ပြေစွာစီမံနိုင်သည့်အခြေအနေဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်