Skip to main content

 

မုန်းချောင်းတမံကို ၁၉၉၆ ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၂၀၀၄ ခုနှစ်တွင် ပြီးစီးပြီဖြစ်ပါကြောင်း၊ ရေဝပ်ဧရိယာတွင် ရွာပေါင်း ၁၃ ရွာ၊ လယ်မြေ ၁၂၀၁ ဧက၊ ယာမြေ ၃၆၅၈ ဧက ကျရောက်ခဲ့ပြီး  မူလကျေးရွာများနှင့် ၁၀ မိုင် ကျော်ဝေးသည့် ငါးမရွာနှင့် သံဆည် ရွာကြားသို့ သံဆည်မြို့သစ် တည်ဆောက်ပြောင်းရွှေ့စေခဲ့ပါကြောင်း၊ ရေ၊ မီး၊ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး၊ လုပ်ကိုင်စားသောက်စရာ မြေယာလုံးဝမပြည့်စုံသည့် သံဆည် မြို့သစ်တွင် မိမိအိမ်၊ မိမိဘာသာ ရွှေ့ပြောင်းဆောက်လုပ်ခဲ့ကြသော်လည်း လုပ်ကိုင်စားရန် မရှိသည့်အတွက် မူလရွာများသို့သာ ပြန်လည်ပြောင်းရွှေ့ခဲ့ကြရပါကြောင်း၊ ၂၀၀၃ ခုနှစ် တမံကြီးပိတ်ချိန် ရေမြုပ်မှသာ သံဆည်မြို့သစ်ကို မဖြစ်မနေပြောင်းရွှေ့ခဲ့ကြသော်လည်း လုပ်ကိုင်စားသောက်စရာမရှိ၊ ဝင်ငွေမရှိ၊ ထောက်ပံ့ခြင်းမရှိသည့်အတွက် ရပ်တည်နိုင်ခြင်း မရှိတော့ဘဲ အားလုံးနီးပါး ရွာဟောင်း၊ တောင်ကုန်း မြင့်တွေပေါ် ပြန်လည်ရွှေ့ပြောင်းပြီး ခက်ခဲစွာ ရပ်တည်ရှင်သန်ခဲ့ကြပါကြောင်း၊ ရေမြုပ်ရွာ ၁၃ ရွာလုံး အိမ်ပြောင်းရွှေ့ စရိတ် ၅၀၀၀ ကျပ်မှတစ်ပါး ၁၈ နှစ်ကြာ ယနေ့အချိန်အထိ မည်သည့်မြေယာလျော်ကြေး၊ သီးနှံ လျော်ကြေး၊ နစ်နာကြေး၊ ပံ့ပိုးကူညီမှု၊ အစားထိုးမြေယာမျှ မရှိခဲ့ကြဘဲ တစ်နေ့တခြား ခက်ခဲကြပ်တည်း ဒုက္ခရောက်လျက်ရှိကြပါကြောင်း၊

၂၀၀၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပြီးစီးခဲ့သည့် ဂန့်ဂေါ-မြစ်သာဆည်စီမံကိန်းတွင် စံပါယ်၊ ဆင်ပုံ၊ ပနန်း၊ ယင်းမာရွာလေးရွာကို မြို့ကွက်သစ်စနစ်ကျ ဖော်ထုတ်ပြီးသိန်း ၂၀၀ တန်အိမ်၊ သောက်သုံးရေ၊ လျှစ်စစ်မီးအပြည့်အစုံ၊ သီးနှံလျော်ကြေး၊ လယ်ယာမြေလျော်ကြေး သိန်း ၇၀၀၊ ၈၀၀၊ အဆင်သင့်စိုက်ပျိုးနိုင်သည့် လယ်ယာ၊ ဘုရားစေတီ၊ ဘုန်းတော်ကြီးကျောင်း၊ ဆေးခန်း၊ စာသင်ကျောင်း၊ ရပ်/ကျေးအုပ်ချုပ်ရေး မှူးရုံးစသည်ဖြင့် ပြည့်ပြည့်စုံစုံဖော်ဆောင်ပေးခဲ့သည်ဟု သိရှိရပါကြောင်း၊

မုန်းတမံတည်ဆောက်မှုကြောင့် နိုင်ငံတော်အတွက် နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ် သန်း ၃၃၀ ခန့်ထုတ်လုပ်နိုင်ပြီး လျှပ်စစ် ဓာတ်အားခတွေရရှိသော်လည်း ရေမြုပ် ၁၃ ရွာအနေဖြင့် ယခုအချိန်အထိ ကူရာကယ်ရာမဲ့ဆဲ အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် လူသားချင်းစာနာ ထောက်ထားစွာနှင့် လူ့အခွင့်အရေးတွေဆုံးရှုံးခဲ့ကြသည့် တိုင်းရင်းသား ညီအစ်ကိုများကို တာဝန်ယူ၊ တာဝန်ခံမှုရှိစွာ CSR လုပ်ငန်းများ၊ တာဝန်သိလူမှုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်းရှိ/မရှိ၊ မရှိပါက ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မုန်းချောင်းပေါ်တွင် မုန်းချောင်း ရေလှောင်တမံကို ၁၉၉၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင်  ပြီးစီးခဲ့ပါကြောင်း၊ မုန်းတမံကို ဒေသအတွင်း ရေဆင်းဧရိယာကြီးမားပြီး စီးဝင်ရေ များပြား သည် မုန်းချောင်း၏စီးဝင်ရေအားကို ထိန်းညှိသိုလှောင်ပေးပြီး ဒေသအတွင်း ရေကြီး ရေလျှံမှုကို လျော့ပါးသက်သာစေရန် မဲဇလီရေလွှဲဆည်၏ မူလဆည်ရေသောက် ဧရိယာ အတွင်း နွေစပါးစိုက်ဧက ၁၈၀၀၀ မှ ၇၀၀၀၀ ဧကခန့်အထိ ပိုမိုတိုးချဲ့စိုက်ပျိုး လာနိုင်စေ ရန်နှင့် ရေအားလျှပ်စစ်တစ်နှစ်ပျမ်းမျှ ကီလိုဝပ်နာရီသန်းပေါင်း ၃၃၀ ထုတ်လုပ် ပေးနိုင ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် အဆိုပါ ရည်ရွယ်ချက်များနှင့်အညီ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည့် အနေအထား ဖြစ်ပါကြောင်း၊

မုန်းချောင်းရေလှောင်တမံ တည်ဆောက်ရန် နေရာရွေးချယ်ခဲ့စဉ်ကတည်းက စေတုတ္တရာ မြို့နှင့် ပတ်ဝန်းကျင်ရှိ လယ်မြေများ ရေဝပ်ဧရိယာအတွင်း ကျရောက်ခြင်းမရှိစေရန် အလေး အနက်ဂရုပြုစေခဲ့ပါကြောင်း၊ ရေဝပ်ဧရိယာအတွင်းကျရောက်မည့်ကျေးရွာအနည်းဆုံး ဖြစ် စေရန် ဉီးစားပေး စဉ်းစားဆုံးဖြတ်ပြီးမှ ယခုတမံနေရာကို ရွေးချယ်တည်ဆောက်ခဲ့သည့် အခြေအနေ ဖြစ်ပါကြောင်း၊  မုန်းချောင်းရေလှောင်တမံ ရေဝပ်ဧရိယာအတွင်း ကျေးရွာ ၁၈ ရွာ၊ အိမ်ခြေပေါင်း ၁၂၈ အိမ်၊ လယ်မြေ ၁၂၀၁ ဧကနှင့် ယာမြေ ၃၆၅၈ ဧက ကျရောက်ခဲ့ပါကြောင်း၊ သို့ဖြစ်သည့်အတွက် တမံ၏ အောက်ဖက်ရှိ ငါးမနှင့် သံဆည်ရွာ အကြား ဆက်သွယ်သွားလာမှု လွယ်ကူသည့်နေရာတွင် သံဆည်မြို့သစ် တည်ဆောက်ပြီး အဆိုပါရေမြုပ်ကျေးရွာများက အိမ်ထောင်စုများကို ရွှေ့ပြောင်း နေရာချထားပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊

ရွှေ့ပြောင်းအိမ်ထောင်စုတွေအတွက် ထိုခေတ်ထိုအချိန်ကာလ သတ်မှတ်ပြဋ္ဌာန်းမှုနှင့် အညီ အိမ်ထောင်စုတစ်စုပြောင်းရွှေ့ရန်ထောက်ပံ့ငွေကျပ် ၅၀၀၀ ကို ပေးအပ်ခြင်းအပြင် နေအိမ်များကို ဌာနမှ ကူညီရွှေ့ပြောင်းပေးခြင်း၊ ရွှေ့ပြောင်းအိမ်ထောင်စုတစ်စုကို လုပ်ကိုင် စားသောက်နိုင်ရန် လယ်ယာမြေတစ်ဧကစီ ဖော်ထုတ်ပေးပါကြောင်း၊ ကျေးရွာနေပြည်သူ များအတွက် သောက်သုံး ရေတွင်း ၁၅ တွင်း တူးဖော်ပေးပြီး၊ အ.မ.က ကျောင်းနှစ် ကျောင်းနှင့် ဆေးပေးခန်း တစ်ခန်း တည်ဆောက်ပေးပါကြောင်း၊ သံဆည်မြို့သစ်ကို မရွှေ့ပြောင်းလိုသည့် အိမ်ထောင်စုများကို မူလကျေးရွာများနှင့်အနီး ရေဝပ်ဧရိယာနှင့် ကင်းလွတ်သည့်နေရာများတွင် ရွာသစ်တည်ပြီး စီးပွားရေး၊ လူမှုရေး၊ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲမရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးစီမံ ဆောင်ရွက်ပေး ခဲ့ပါကြောင်း၊

သို့ဖြစ်သည့်အတွက် မုန်းချောင်းရေလှောင်တမံနှင့် ရေဝပ်ဧရိယာအတွင်း ကျရောက်ခဲ့သော ကျေးရွာများကို သံဆည်မြို့သစ်တည်ဆောက်ပြီး ဌာနမှ စနစ်တကျ ရွှေ့ပြောင်းပေးခဲ့ခြင်း၊ စိုက်ပျိုးလုပ်ကိုင်ရန် လယ်ယာမြေတွေဖော်ထုတ်ပေးခဲ့ခြင်း၊ သောက်သုံးရေရရှိရေးလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့မှုခြင်း၊ ဆေးပေးခန်းနှင့် စာသင်ကျောင်းများစသည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုအထောက်အကူပြုလုပ်ငန်းများ စီမံဆောင်ရွက်အကောင်အထည်ဖော် ပေးခဲ့သည့်အလျောက် လူမှုအကျိုးပြုလုပ်ငန်း(Corporate Social Responsibility–CSR)နှင့် ဆောင်ရွက်ခဲ့မှုအခြေအနေ ဖြစ်ခဲ့ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးကျော်အောင်လွင်(စေတုတ္တရာမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

သံဆည်မြို့သစ်ကို တည်ဆောက်ပေးခဲ့သော်လည်း လုံးဝလုပ်ကိုင် စားသောက်နေထိုင်စရာ အဆင် မပြေသည့်အတွက် အိမ်ထောင်စုငါးအိမ်ထောင်စုခန့်သာ ဆက်လက်နေထိုင်ပြီး နောက်ဆုံးတွင် ပျက်စီးခဲ့ပါကြောင်း၊ လယ်ယာမြေတွေဖော်ထုတ်ပေးရာတွင် ၁၃ ရွာက ကျေးရွာသူကျေးရွာသားများအနေဖြင့် စနစ်တကျလုံးဝလက်ခံရရှိခြင်းမရှိပါကြောင်း၊

ထို့ကြောင့် နိုင်ငံတော်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန်အတိဒုက္ခရောက်ခဲ့ကြ သည့် မုန်းတမံ  ၁၃ ရွာအတွက် Corporate Social Responsibility ဆိုသည့် တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်းတွေကို ထိထိရောက်ရောက်ဆောင်ရွက်ပေးရန် လိုအပ်နေခြင်းကြောင့် ယင်းကဲ့သို့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိပါကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ ‌မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးလှကျော်

 လက်ရှိ လုပ်ကိုင်စားသောက်မှုအဆင်ပြေမှုမရှိသည့် ဒေသရေမြေအနေအထားအပေါ် တည်မှီပြီး  ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ စီမံဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများကို မိမိတို့ပြန်လည်သုံးသပ်စီမံပေးမည့် အခြေအနေဖြစ်ပါကြောင်း၊ ယခု အနေအထားအရ စိုက်ပျိုးရေးကို အားထားရသည့် အနေအထားမျိုးမရှိပါကလည်း အသက် မွေးဝမ်းကျောင်းအတွက် အားထားလုပ်ကိုင်နိုင်မည့့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို မည်ကဲ့သို့ ဖန်တီး ဆောင်ရွက်ပေးနိုင်မည်ဆိုသည်နှင့် ပတ်သက်၍လည်း သက်ဆိုင်ရာတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီးပြန်လည်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေမျိုး ဖန်တီး မည် ဖြစ်ပါကြောင်း၊ လက်ရှိဆောင်ရွက်မှုအခြေအနေများကိုလည်း ပြန်လည်အသိပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

စိုက်ပျိုးရေး၊ ‌မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးလှကျော်