Skip to main content

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဖွင့်လှစ်ခဲ့သော ကျေးလက်ဆက်သွယ်ရေးဌာန (Multipurpose Community Telecentre) ၏ လုပ်ငန်းများ ရပ်ဆိုင်းနေပြီး ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ပျောက်ဆုံးနေခြင်းနှင့် ၎င်းအဆောက်အအုံတွင် ပါတီအလံများ ထောင်ထား ခြင်းတို့သည် တရားဝင်မှု ရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် ကျေးလက်ဆက်သွယ်ရေးဌာန (Multipurpose Community Telecentre) ၏ လုပ်ငန်းများ ရပ်ဆိုင်းသွားပြီး ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ပျောက်ဆုံးနေခြင်းနှင့် ၎င်းအဆောက်အအုံတွင် ပါတီအလံများထောင် ထားခြင်းတို့သည် တရားဝင်မှု ရှိ/မရှိ သိရှိလိုသည့်အတွက် မေးမြန်းသွားမည်ဖြစ်ကြောင်း၊

၁၉၉၈ ခုနှစ်၊ မော်လတာနိုင်ငံ၊ ဗယ်လက်တာမြို့တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကြေးနန်း ဆက်သွယ်ရေးအဖွဲ့ချုပ်(International Telecommunication Union-ITU) အစီအစဉ်နှင့် ကျေးလက်ဒေသ ဆက်သွယ်ရေး စီမံကိန်း(Rural Telecommunication Project) ရေးဆွဲခဲ့ပြီး ဖွံ့ဖြိုးမှု နောက်ကျနေသည့် နိုင်ငံများတွင် ကျေးလက်ဆက်သွယ်ရေးဌာန (Multipurpose Community Telecentre) ထူထောင်ပေးရန် လျာထားသတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းအစီအစဉ်အရ မြန်မာနိုင်ငံ လှည်းကူးမြို့နယ် ဖောင်ကြီးဒေသတွင် ကျေးလက်ဆက်သွယ်ရေး ဌာနတစ်ခု တည်ဆောက်ရန် ရွေးချယ်ခြင်း ခံခဲ့ရကြောင်း၊ ၂၀၀၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး  ၅-၁-၂၀၀၄ ခုနှစ်တွင် စက်များ တပ်ဆင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ၎င်းအဆောက်အအုံကို ကျေးရွာပိုင် မြေနေရာနှင့် ပြည်သူလူထုထည့်ငွေများနှင့်အတူ ဌာနဆိုင်ရာအကူအညီများဖြင့် ပူးပေါင်း တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊

ကျေးရွာနေ ပြည်သူလူထုများ၊ သင့်တင့်သော နှုန်းထားများဖြင့် ခေတ်မီဆက်သွယ်ရေး အထောက်အကူပစ္စည်းများကို အသုံးပြုနိုင်ရန် ရည်ရွယ်တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ကြီးကြပ်မှု ကော်မတီသည် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်မှုအဖွဲ့ချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ဗဟိုသမဝါယမကောလိပ်၊ ရန်ကုန်တိုင်းဒေသကြီး (မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း) လှည်းကူးမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ ပါဝင်ကြ ကြောင်း၊ ကျေးလက်ဆက်သွယ်ရေးဌာန၏ လျာထားလုပ်ငန်းများသည် Environment Monitoring Tele-education Tele Medicine၊ Trade and Business Communication Support၊ Government and Community Information Teleworking တို့ ဖြစ်ကြောင်း၊ ဖွင့်လှစ် သင်ကြားခဲ့သည့် သင်တန်းများများသည် ကွန်ပျူတာအခြေခံသင်တန်း၊ Email and Internet အသုံးပြုပုံ၊ အဆင့်မြင့်ကွန်ပျူတာသင်တန်း၊ စာစီစာရိုက်(DVD Course)တို့ ဖြစ်ကြောင်း၊ ITU က ထောက်ပံ့ပေးသည့် ပစ္စည်းများသည် ကွန်ပျူတာများအပါအဝင် ဆက်စပ်ပစ္စည်း ၁၈ မျိုး ပါဝင်ကြောင်း၊ အမေရိကန် ဒေါ်လာ ၂၇၄၃၅ ဖြစ်ကြောင်း၊ ၎င်း ၂၀၀၄ ခုနှစ် အချိန်တွင် ကွန်ပျူတာကို ရှားရှားပါးပါးတွေ့မြင်ရသည့် ကာလဖြစ်ကြောင်း၊ လက်ကိုင်ဖုန်းများသည်လည်း တွင်တွင်ကျယ်ကျယ် မပေါ်သေးကြောင်း၊ ထိုအချိန်တွင် ကျေးလက်နေအများပြည်သူများကို တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှု၊ Internet၊ Email၊ Intranet ဝန်ဆောင်မှုလုပ်ငန်းများ၊ ကွန်ပျူတာ၊ Email၊ Internet သင်တန်းများ၊ စာစီစာရိုက်၊ မိတ္တူ၊ ဓာတ်ပုံရိုက်ကူး လုပ်ငန်းများကို သင့်တင့်သည့် ဈေးနှုန်းဖြင့် ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း၊ အကျိုးကျေးဇူးသည် ဒေသအတွင်း အဖွဲ့အစည်းများ၊ ကျောင်းသား/ကျောင်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှု ကိစ္စများကို အထောက်အကူပြုပြီး ခေတ်မီ ICT နည်းပညာကို လူငယ်၊ လူရွယ်များ စောစီးစွာ ထိတွေ့အသုံးချခွင့်ရရှိပြီး မြန်မာနိုင်ငံ၏ အနာဂတ် e-Government ထူထောင်ရေး လုပ်ငန်းကို များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း၊

ဖောင်ကြီးဒေသ ကျေးလက်ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၀၆ ခုနှစ်တွင် ရပ်ဆိုင်းသွားပါကြောင်း၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများသည်လည်း မရှိတော့ကြောင်း၊ ထို့ကြောင့် ITU မှ ထောက်ပံ့ ပေးထားသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ဆက်သွယ်ရေးဦးစီးဌာနက သိမ်းထား ပါသလား သို့မဟုတ် ပျောက်ဆုံးသွားပြီလား၊ ပျောက်ဆုံးသွားသည်ဆိုပါက ဥပဒေအရ အရေးယူ ဆောင်ရွက်မှုရှိပါသလား သိရှိလိုပါကြောင်း၊ ထို့ပြင် ကျေးရွာပိုင်မြေပေါ်တွင် ကျေးရွာ ပြည်သူလူထုငွေဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံအား ပြည်သူလူထုကို ပြန်လည် အပ်နှံရန် ရှိ/မရှိ သိလိုပါကြောင်း၊ ထို့အတူ ပါတီဆိုင်းဘုတ်နှင့် အလံများ စိုက်ထူထားခြင်းသည် တရားဝင်မှု ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


အပြည်ပြည်ဆိုင်ရာကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်(ITU)၏Telecommunication Development Bureau မှ မော်လတာနိုင်ငံ၊ ဗယ်လက်တာမြို့တွင် ၁၉၉၈ ခုနှစ်၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ ကြေးနန်းဆက်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (World Telecommunication Development Conference-WTDC)က ချမှတ်ထားသည့် ဗယ်လက်တာ စီမံချက် (Valletta Action Plan) အရ ၂၀၀၁ ခုနှစ်တွင် ဆောင်ရွက်မည့် အစီအစဉ်တွင် မြန်မာနိုင်ငံ ကျေးလက်ဒေသဆက်သွယ်ရေး စီမံကိန်း (Rural Telecommunication Project for Myanmar) အဖြစ် ဒေသအဖွဲ့အစည်းဆိုင်ရာ ဆက်သွယ်မှုဗဟိုဌာန (Multipurpose Community Telecentre-MCT) များ ထူထောင်ရန် လျာထားသတ်မှတ်ခဲ့ပြီး ကျေးလက်ဒေသရှိ ပြည်သူများ၏ လူနေမှုဘဝလုပ်ငန်းများအတွက် သင့်တင့်မျှတသည့် နှုန်းထားများဖြင့် အသုံးပြုနိုင်ရေးရည်ရွယ်၍ ရှေ့ပြေးစီမံချက်အဖြစ် ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးဒေသကို ရွေးချယ်ခဲ့ပြီး (ITU)၏ ပံ့ပိုးကူညီမှုဖြင့် MCT ကို ဖောင်ကြီးဒေသတွင် ၂၀၀၄ ခုနှစ် အောက်တိုဘာလမှစ၍ ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း၊

MCT ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းသည် ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ခေတ်မီ ICT နည်းပညာများကို ထိတွေ့ခွင့်ရရှိပြီး နည်းပညာ ကွာဟချက် များ ကျဉ်းမြောင်းစေရန်၊ ICT ကိုအခြေခံ၍ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာများ ဖန်တီးပေးနိုင် ရန်၊ ICT အသိပညာ ဗဟုသုတများရရှိ၍ လက်တွေ့အသုံးချ ဆောင်ရွက်နိုင်စေရန် Public Access Center အဖြစ် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊

ယခင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအနေဖြင့် အဆိုပါ စီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ်(ITU)၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ဗဟိုသမဝါယမ ကောလိပ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် ကြီးကြပ်မှု ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း၊ MCT ဖွင့်ပွဲ အခမ်းအနားတွင် အဆောက်အအုံနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ၊ ITU က ထောက်ပံ့သည့် စက်ပစ္စည်းများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသို့ တာဝန်ယူကြီးကြပ် ဆောင်ရွက် နိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့သည်ကို သိရှိရကြောင်း၊

လှည်းကူးမြို့နယ်၊ ဖောင်ကြီးဒေသရှိ MCT  ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ဝန်ထမ်းငါးဦးနှင့် စတင်ဖွဲ့စည်းတာဝန်ယူဆောင်ရွက်ခဲ့သည်ကို သိရှိရကြောင်း၊ ၎င်းစီမံကိန်းကို ရည်ရွယ်ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ပထမနှစ်တွင် MCT ဝန်ထမ်းများကို Capacity Building ပြုလုပ်ပေးသည့်အနေဖြင့် ICT နှင့် သက်ဆိုင်သည့် သင်တန်းများ သင်ကြားပို့ချပေးခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ စက်ပစ္စည်းများကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းနိုင်ရန်အတွက် သင်ကြားပေးခြင်းတို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေး ခဲ့ကြောင်း၊  အဆိုပါ MCT ၏လုပ်ငန်းများ ရေရှည်တည်တံ့နိုင်ရေး (Self-Sustainable) ဖြစ်စေရန် လုပ်ငန်းများ လည်ပတ်ရန်နှင့် စက်ပစ္စည်းများ ထိန်းသိမ်းခြင်းတို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကသာ ဆက်လက်တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ခဲ့သည်ကို သိရှိရကြောင်း၊

နိုင်ငံတကာတွင်လည်း MCT များသည် လုပ်ငန်းလည်ပတ်အသုံးပြုခြင်းမှ ကောက်ခံရရှိသည့် ဝင်ငွေများဖြင့် ရေရှည်တည်တံ့နိုင်ရေး (Self-Sustainable) ဖြစ်စေရန် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရခြင်း ဖြစ်ကြောင်း၊ အချိန်ကာလ ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် စက်ပစ္စည်း များသည် အသုံးပြု၍မရနိုင်ခြင်း၊ ဆက်လက်အသုံးပြုရန် သင့်တော်မှုမရှိခြင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အဆောက်အဦသည်လည်း အခြေအနေအရပ်ရပ်ကြောင့် ပျက်စီးယိုယွင်းလျက် ရှိပြီး ယခင်(MCT)လုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ်က အသုံးပြုခဲ့သည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း များကို ၎င်းအဆောက်အဦအတွင်း သိမ်းဆည်းထားသည်ကို သိရှိရကြောင်း၊

ဖောင်ကြီးဒေသရှိ MCT အဆောက်အအုံ၏ မှတ်တမ်းဓာတ်ပုံများ ရှိကြောင်း၊ ထို့အတူ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို MCT အဆောက်အအုံအတွင်းတွင် သိမ်းဆည်းထားသည့် မှတ်တမ်းဓာတ်ပုံများလည်း ရှိကြောင်း၊ ဖောင်ကြီးဒေသတွင် ရှိသည့် MCT သည် Community Base Project ဖြစ်သည့်အတွက် ရပ်ရွာလူထုကသာ ပိုင်ဆိုင်ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ MCT Project အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် အချိန်မှစတင်၍ MCT ၏ လုပ်ငန်းလည်ပတ်နိုင်ရေးကိစ္စများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ပြုပြင် ထိန်းသိမ်းခြင်း ကိစ္စရပ်များအားလုံးကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကသာ တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန အနေဖြင့် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ် (ITU)က Community Base Project အဖြစ် ရပ်ရွာလူထုသို့ ထောက်ပံ့ပေးထားသည့်ပစ္စည်းများကို တစ်စုံတစ်ရာ သိမ်းဆည်း ထားခြင်း မရှိပါကြောင်း၊ အဆိုပါ MCT ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် ဖောင်ကြီးဒေသရှိ အဆောက်အအုံသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပိုင်ဆိုင်ခြင်း မရှိပါကြောင်းနှင့် ဝန်ကြီးဌာန၏ပုံသေပိုင် ပစ္စည်းစာရင်းတွင်လည်း ပါဝင်မှုမရှိသည့်အတွက် MCT အဆောက်အအုံကို ကျေးရွာပြည်သူလူထုထံ ပြန်လည်အပ်နှံနိုင်ရေးသည် သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် ကျေးရွာတို့ကသာ စီစဉ်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

         

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး