Skip to main content

 

e-Government ဆိုသည်မှာ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများက ICT နည်းပညာကို အသုံးပြု၍ သုံးစွဲသူပြည်သူများ၊ ဌာနဆိုင်ရာများနှင့် အခြားအဖွဲ့အစည်းပေါင်းစုံများကို Internet မှတစ်ဆင့် ထိရောက်မြန်ဆန်စွာ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် e-Government စနစ်ကိုဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်လာသည်မှာ ယခုဆိုရင် (၁၀)စုနှစ်ကျော်နေပြီဖြစ်ပါ ကြောင်း၊  သို့သော် ယခင်ရေးဆွဲခဲ့သည့် ICT Master Plan များသည် ICT ကဏ္ဍဖွံ့ဖြိုးရေးကိုသာ ဦးစားပေးထားသည့်အတွက် ၂၀၁၆ ခုနှစ်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ Myanmar  e-Government Master Plan(2016-2020)ကို ရေးဆွဲခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ တွင် အတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ရေးဆွဲသည့်နေရာတွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက် သည့်နေရာတွင် e-Government သည် အဓိကအရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည့် အတွက် ဆောင်ရွက်ရခြင်းဖြစ်သည်ဟုဖော်ပြထားပါကြောင်း၊

e-Government လုပ်ငန်းစဉ်များသည် နိုင်ငံ၏ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုအစရှိ သည့့်လုပ်ငန်းများကိုဖော်ဆောင်ရန်အတွက် အရေးပါသည့်လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ ၎င်း လုပ်ငန်းစဉ်များကို အလျင်အမြန်ဖော်ဆောင်နိုင်မည်ဆိုပါက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် ပိုပြီး မြန်ဆန်သွက်လက်လာမည်ဖြစ်ပါကြောင်း၊ ICT အရေးပါသည့်ပညာတစ်ခု၊ အကောင်းဆုံးအရင်း အနှီးဖြစ်ပြီး စီးပွားရေး၏အရေးကြီးဆုံးအရင်းအမြစ်အဖြစ် နိုင်ငံတကာမှ လက်ခံထားပါကြောင်း၊

မြန်မာနိုင်ငံ၏ပထဝီအနေအထားပျံ့နှံ့နေမှု၊ လူမှုစီးပွားရေးကွဲပြားနေမှုများကို e-Government စနစ် အသုံးပြုပြီး ထိထိရောက်ရောက်စီမံခန့်ခွဲပြီး ဆောင်ရွက်သွားနိုင်သည့်အခွင့်အရေးများ ရှိပါကြောင်း၊ ထို့ကြောင့် မိမိသိလိုသည်မှာ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင် အတည်ပြုခဲ့သည့် e-Government Master Plan ကို ဝန်ကြီးဌာနများအချင်းချင်းပူးပေါင်း ဆောင်ရွက်မှုအခြေအနေ၊ Master Plan တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်သည့် အဆင့်များ၊ တွေ့ကြုံခဲ့ရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ မည်သည့်အချိန်တွင် e-Government စနစ်ကိုပြည့်ပြည့်စုံစုံ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါ သည်။


 

မြန်မာနိုင်ငံတွင် e-government စနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်သမ္မတရုံး၏ ၂၃-၁-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၄/၂၀၁၈)ဖြင့်                             e-government ဦးဆောင်ကော်မတီနှင့် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်း ပေးခဲ့ပါကြောင်း၊ ထို့အပြင် လုပ်ငန်းများပိုမိုတွင်ကျယ်မြန်ဆန်စေရေးအတွက် e-government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီက ဆပ်ကော်မတီရှစ်ခုကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊       e-government ဦးဆောင်ကော်မတီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နာယက၊ ဒုတိယ သမ္မတ(၁)က ဥက္ကဋ္ဌ ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒုတိယ ဥက္ကဋ္ဌ(၁)၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒုတိယဥက္ကဋ္ဌ (၂) အဖြစ်လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများက ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှနာယကတို့က အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး e-government ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စတုတ္ထ အကြိမ်အထိ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊

e-government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့(အဖွဲ့ဝင်)၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးတစ်ဦးစီ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့မှ အမြဲတမ်းအတွင်းဝန်များနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ နာယက တို့က အဖွဲ့ဝင်များ အဖြစ်လည်းကောင်း ဖွဲ့စည်းထားရှိပြီး e-government အကောင်အထည်ဖော် ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စတုတ္ထအကြိမ်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊

e-government Master Plan နှင့်အညီ ဖွဲ့စည်းခဲ့သည့် e-government ဦးဆောင်ကော်မတီနှင့် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီများတွင် ပါဝင်သော ပြည်ထောင်စုအဆင့်အဖွဲ့အစည်း များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ဖြင့် လုပ်ငန်းညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ ဆပ်ကော်မတီများကလည်း လိုအပ်သောလုပ်ငန်းများကို ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ e-government ဖွံ့ဖြိုးတိုးတက်မှုကို ညွှန်းကိန်းများတိုင်းတာရာတွင် (၁) ICT Infrastructure များတည်ဆောက်ခြင်း၊ (၂) Online Application များ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် (၃) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ခြင်း စသည် တို့ဖြင့် တိုင်းတာပါကြောင်း၊ အထက်ပါအချက် ၃ ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် e-government Master Plan အခန်း(၆)၊ လမ်းပြမြေပုံ အကောင်အထည်ဖော်ခြင်းအခန်းတွင် အဆင့် (၄)ဆင့်ဖြင့် အကောင်အထည်ဖော်ဆောင်ရန် ထားရှိပါကြောင်း၊ e-government ဦးဆောင်ကုမ္ပဏီ ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ၎င်းအဆင့်(၄)ဆင့်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထိုသို့ e-government စနစ် အကောင်အထည်ဖော်ဆောင်ရာတွင် အဓိကလိုအပ်ချက် ဖြစ်သော ICT Infrastructure များအား တည်ဆောက်ပေးနိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ အမျိုးသားအဆင့် သတင်းအချက်အလက်ဗဟိုဌာနဖြစ်သည့် e-government Integrated Data Center(eGIDC) တည်ဆောက်ခြင်းစီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (Economic Development Cooperation Fund-EDCF)ချေးငွေ အမေရိကန်ဒေါ်လာ ၉၃.၇၇၉ သန်းဖြင့် တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်း စီမံကိန်းကို ၁၈.၁၂.၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ဒသမပုံမှန်အစည်းအဝေး ဒသမနေ့၌ တင်ပြအတည်ပြုခဲ့ပြီး ၃.၉.၂၀၁၉ ရက်နေ့တွင် နှစ်နိုင်ငံ ချေးငွေသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ဖြစ်ပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်မည့်ကာလမှာ ၃၃ လ ကြာမြင့်မည်ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင်  Consultant ခန့်အပ်ခြင်း၊ တင်ဒါခေါ်ယူခြင်း၊ စိစစ်ခြင်းနှင့် တင်ဒါရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ဆက်သွယ်ရေးဆိုင်ရာ Infrastructure များကိုလည်း တိုးချဲ့ဆောင်ရွက်ခဲ့သည့်အတွက်            ၂၀၁၉  ခုနှစ် စက်တင်ဘာလကုန်အထိ အချက်အလက်များအရ မြန်မာနိုင်ငံတွင် မိုဘိုင်းကွန်ရက်ဖြင့် လူဦးရေလွှမ်းခြုံမှု(Population Coverage) သည် ၉၄ ရာခိုင်နှုန်းခန့်နှင့် မိုဘိုင်း SIM Card သိပ်သည်းဆမှာ ၁၃၅ ရာခိုင်နှုန်းခန့်သို့ ရောက်ရှိခဲ့ပြီး အင်တာနက်အသုံးပြုမှုမှာ သုံးစွဲသူများ အားလုံး ၈၄ ရာခိုင်နှုန်းခန့်ရှိနေပြီဖြစ်ပါကြောင်း၊  ထို့အပြင် နိုင်ငံတော်ကချမှတ်ထားသည့် စီးပွားရေးမူဝါဒ(၁၂) ရပ်တွင် Data ID Card System, Digital Government Strategy နှင့် e-Government System ကို ဆောင်ရွက်သွားရန်ဟူသော အချက်ပါရှိပြီး ကုလသမဂ္ဂ၏ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် SDG Target(16.9)တွင် သက္ကရာဇ် ၂၀၃၀ တွင် မွေးစာရင်း အပါအဝင် လူတိုင်းတရားဝင်မှတ်ပုံတင်တစ်ခုရရှိရေး ရည်မှန်းချက်လည်းပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းကို Digital စနစ်ဖြင့် ပြောင်းလဲဆောင်ရွက် နိုင်ရန်အတွက် ဆန်းစစ်မှုများပြုလုပ်ခဲ့ရာ တွေ့ရှိချက်များအရ နိုင်ငံတွင်းနေထိုင်သူများ၏ Biographic နှင့် Biometric Data များကောက်ယူ၍ Database တွင် သိမ်းဆည်းထားပြီး Unique  ID နံပါတ်တစ်ခုစီ သတ်မှတ်ပေးသည့် လုပ်ငန်းစဉ်ကို ဦးစားပေးအစီအစဉ်အနေဖြင့် ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းကို Digital စနစ်ဖြင့်ပြောင်းလဲပြီး နိုင်ငံသားကတ်ကို Smart Card ဖြင့် ထုတ်ပေးမည့်အစီအစဉ်ကို ဒုတိယအဆင့်အနေဖြင့် ဆောင်ရွက်သွားရန် e-Government ဦးဆောင် ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ပါကြောင်း၊

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို Digital စနစ်ဖြင့် မှတ်ပုံတင်သည့်စနစ်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန်အတွက် e-Government ဦးဆောင်ကော်မတီ၏ ၁၂-၆-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၁/၂၀၁၈)ဖြင့် e-ID စနစ်လုပ်ငန်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက် ဆပ်ကော်မတီခြောက်ခု၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်ဦးဆောင်ကြီးကြပ်မှုအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုတို့တွင် လုပ်ငန်းအဖွဲ့အဆင့်ဆင့်ဖွဲ့စည်းတာဝန် ပေးအပ်ထားပါကြောင်း၊ e-ID စနစ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဩစတြေးယား နိုင်ငံနှင့် G to G ပူးပေါင်းဆောင်ရွက်ခြင်းအရ ဩစတြီးယားနိုင်ငံမှ တင်ပြလာသည့် စီမံကိန်း အဆိုပြုလွှာအပေါ် လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရပြီး ယခုအခါ လုပ်ငန်းစာချုပ်ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင် ယာဉ်အစီးရေ များပြားလာမှုကြောင့် ဖြစ်ပေါ်လာ သည့်စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်နှင့် ယာဉ်လမ်းကြောင်း ကြပ်မတ်မှု ဆောင်ရွက်နိုင်ရန်အတွက် ကြိုးမဲ့လျှပ်စစ်သံလိုက်လှိုင်းစနစ်ကိုအသုံးပြု၍ ၎င်းစနစ် တပ်ဆင်ထားသောယာဉ်များကို ခြေရာခံ ပြီး သက်ဆိုင်ရာအချက်အလက်များကို အလိုအလျောက် ဖော်ထုတ်ပေးနိုင်သည့် Radio Frequency Identification(RFID)စနစ်စီမံကိန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း Ministry Specific Application များကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဥပမာ မြင်သာသော Application များမှာ Company Registration ပြုလုပ်နိုင်သည့် myco website, Myanmar Automated Cargo Clearance System(MACCS), Electronic Data Interchange(EDI), Vehicle Registration Management System, ပြည်ထောင်စုလွှတ်တော်တွင်သုံးသည့် Online Application for Visitor Services စသည်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊

e-Government လုပ်ငန်းဆောင်ရွက်ရာတွင် Online Application များ အသုံးပြုနိုင်ရန်အတွက် ကွန်ပျူတာသုံးမြန်မာစာကို စံစနစ်ဖြစ်စေရန် ၂၁-၂-၂၀၁၉ ရက်နေ့တွင် အမျိုးသားစံချိန်စံညွှန်း ကောင်စီက အမိန့်ကြော်ငြာစာအမှတ်(၂၂/၂၀၁၉)ဖြင့်ISO(International Standard Organization) 10646 အရ ကိုက်ညီသည့် မြန်မာ Unicode ကို စံစနစ်အဖြစ် ထုတ်ပြန်ခဲ့ရာ ISO အရ ကိုက်ညီသည့် မြန်မာ Unicode စနစ်ဖြစ်သော Pyidaungsu Font ကို အစိုးရဌာန အဖွဲ့အစည်းအသီးသီးက ၁.၄.၂၀၁၉ ရက်နေ့တွင်စတင်၍ အသုံးပြုလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးအနေဖြင့် ၁.၁၀.၂၀၁၉ ရက်နေ့မှစ၍ မြန်မာ Unicode စနစ်ကို အသုံးပြုနေကြပြီဖြစ်ပါကြောင်း၊ e-Government Master Plan တွင်ပါဝင်သည့် တိုင်းရင်းသားဘာသာစကားများအတွက် အဆင်သင့်ဖြစ်ရန်နှင့် စံသတ်မှတ် ခြင်း လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့့် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းစဉ်များ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရန် အစိုးရဌာန အသီးသီးမှ လွှင့်တင်ထားသော Website များ၊ e-service များအား တစ်နေရာတည်းတွင် စုစည်း၍ ပြည်သူလူထုသို့ လွယ်ကူလျင်မြန်ထိရောက်ကောင်းမွန်သော Single Window Public Services ပေးနိုင်ရန်ရည်ရွယ်၍ Myanmar National Portal အား တည်ဆောက်ခဲ့ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ သက်ဆိုင်ရာကဏ္ဍအလိုက် သတင်းအချက်အလက်များ နှင့် ဝန်ဆောင်မှုများကို Myanmar National Portal ပေါ်တွင် လွှင့်တင်ပေးနေပြီ ဖြစ်ပါကြောင်း၊ ပိုမိုအသုံးပြုမှုတွင်ကျယ် လာစေရေးကိုလည်း တွန်းအားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊

e-Government Master Plan ပါ လမ်းပြမြေပုံပါ အဆင့်(၄)ဆင့်တွင် ပါဝင်သည့်အဆင့်များ အလိုက် စီမံအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းပြမြေပုံတွင် ကနဦး၊ ကာလ တို၊ ကာလလတ်နှင့် ကာလရှည်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ပါရှိရာ အထက်ဖော်ပြပါအတိုင်း လုပ်ငန်းစဉ်အများစု(ကာလလတ်အဆင့်အထိ) ကို အကောင်အထည်ဖော် ‌ဆောင်ရွက်လျက်ရှိပြီး ဥပဒေမူဝါဒပိုင်းဆိုင်ရာချမှတ်နိုင်ရေးအတွက် ဆိုက်ဘာလုံခြုံရေးဥပဒေ (မူကြမ်း)နှင့် e-Commerce ဥပဒေ(မူကြမ်း)ပြုစုနိုင်ရေးကိုလည်း e-Government ဦးဆောင် ကော်မတီ၏ လမ်းညွှန်ဖြေကြားမှုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ e-Government စနစ်အား အတိုင်းအတာတစ်ခုအထိ ရောက်ရှိ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ထားရှိနိုင်ပြီး လိုအပ်ချက်များကိုလည်း စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ UN e-Government Development Index(EGDI) အရ ၂၀၁၆ ခုနှစ် တွင် မြန်မာနိုင်ငံ၏အဆင့်သည် ၁၆၉ တွင်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အဆင့် ၁၅၇ သို့ တိုးတက် ရောက်ရှိခဲ့ပါကြောင်း၊ ထိုသို့ကြိုးစားဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများမှ PPT ဟု အတိုကောက်ခေါ်သည့် People, Process and Technology ဖြစ်ပါကြောင်း၊ Technology ဟုခေါ်သည့် နည်းပညာသည် အဓိကစိန်ခေါ်မှုမဟုတ်ဘဲ People ဖြစ်သည့် (ဝန်ဆောင်မှုပေးသူ ဝန်ထမ်းများနှင့် ဝန်ဆောင်မှုရယူသူပြည်သူများ)၏ ကျွမ်းကျင်မှု၊ လိုက်ပါနိုင်မှုနှင့် Process ဖြစ်သည့် စီမံခန်ခွဲမှုလုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ဖွဲ့စည်းမှုပုံစံများက ပြောင်းလဲ တိုးတက်နေသည့် နည်းပညာနှင့် ပေါင်းစပ်အသုံးပြုနိုင်ရန် အဓိကစိန်ခေါ်မှုဖြစ်ပါကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် e-Government ဦးဆောင်ကော်မတီ၊ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီတို့မှ ပူးပေါင်းညှိနှိုင်းအဖြေရှာ ဆောင်ရွက်လျက် ရှိပါကြောင်း၊

e-Government စနစ်သည် အစိုးရ၏ရုံးလုပ်ငန်းစဉ်များနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းစဉ်များကို သတင်းအချက်အလက်နည်းပညာအားအသုံးပြု၍ ပိုမိုထိရောက်အကျိုးရှိစေရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ခြင်းကြောင့် မည်သည့်အခါမျှ ပြီးဆုံးသည်ဟူ၍မရှိဘဲ နည်းပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ပြောင်းလဲဖြစ်ပေါ်လာသည့် လိုအပ်ချက်များအတွက်ကိုလည်း အမြဲတမ်းဆက်လက်ဆောင်ရွက်နေရမည်ဖြစ်သောကြောင့် e-Government ဦးဆောင်ကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံတွင် e-Government စနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြား ပါသည်။

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး