Skip to main content

 

ပြည်သူများအကြားတွင် တရားစီရင်ရေး စနစ်အပေါ်တွင် ပိုမိုယုံကြည်ကိုးစားမှု ရှိပြီး ထိုကဲ့သို့ ယုံကြည်ကိုးစားမှု ရှိခြင်းမှ မိမိတို့ တရားဥပဒေ စိုးမိုးရေးကို အထောက်အကူ ဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် မိမိမေးမြန်းရခြင်းဖြစ်ပါကြောင်း၊ တရားစီရင်ရေး စနစ်အပေါ် ပြည်သူများ၏ ယုံကြည်ကိုးစားမှုသည် များစွာအရေးပါပါကြောင်း၊ ဘက်မလိုက်သည့်၊ အမှီအခိုကင်းသည့် လွတ်လပ်စွာ စီရင်ဆုံးဖြတ်ခြင်းများဖြင့် ဆောင်ရွက်သည်ကို ပွင့်လင်းမြင်သာစွာ သိရှိနိုင်မှသာလျှင် အထက်ပါ ယုံကြည်ကိုးစားမှုမျိုးကို ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ယုံကြည်ကိုးစားနေမှသာ လူ့အဖွဲ့ အစည်းအတွင်း တရားမျှတမှုရှိသည်ဟု ခံစားရပြီး ထိုကဲ့သို့ခံစားရသည်နှင့်အမျှ တရားရုံး၏ အဆုံးအဖြတ်ကို ယုံယုံကြည်ကြည်ခံယူပြီး တရားဥပဒေစိုးမိုးရေး ဖြစ်ပေါ်တိုးတက်မည် ဖြစ်ပါကြောင်း၊ တရားရုံးများသည် တရားမျှတစွာ၊ ဘက်မလိုက်စွာဖြင့် အမှီအခိုကင်းစွာဖြင့် ဆောင်ရွက်သည်ကို လုပ်ထုံးလုပ်နည်း၊ ဥပ‌ဒေ၊ နည်းဥပဒေများနှင့်အညီ တိတိကျကျ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပြီး သက်သေထူနိုင်ကြရပါမည် ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအတွင်းတွင် မည်ကဲ့သို့ ဆွေးနွေးဆုံးဖြတ် သုံးသပ်ခဲ့ကြကြောင်း၊ အပြီးအပြတ် မဟုတ်ပါကြောင်း၊ နောက်ဆုံးတွင် တရားရုံး၏ အဆုံးအဖြတ်ကိုသာ အမှန်ဖြစ်သည်ဟု ခံယူရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အထက်ပါ ဖော်ပြထားသည့် လုပ်ဆောင်မှုများကို လုပ်ဆောင်ခြင်းအားဖြင့် တရားစီရင်ရေးစနစ်သည် မိမိ၏ အခြေခံစံတန်ဖိုးများကို ထိန်းသိမ်းရမည် ဖြစ်ပါကြောင်း၊

တရားစီရင်ရေး စနစ်ကြီးတွင် အမှုတည်ဆောက်ခြင်း၊ ဥပဒေ အကြံပြုခြင်း၊ နှစ်ဖက်သက်သေများ စစ်ဆေးခြင်း၊ စီရင်ဆုံးဖြတ်ခြင်းစသည်ဖြင့် ရှိရာတွင် နှစ်ဖက်သက်သေစစ်ဆေးခြင်း၊ စီရင်ဆုံးဖြတ်ခြင်း အဆင့်များတွင် နှစ်ဖက်သက်သေ ထွက်ချက်များကို မှတ်တမ်းတင်ခြင်း၊ အမှုတွဲနေ့စဉ် လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ခြင်းများသည် အဓိကကျပါကြောင်း၊ တရားရုံးများတွင် အမှုစစ်ဆေးသည့်အချိန်တွင် အမှုစစ် တရားရုံးတော်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး တရားမျှတမှု မရှိကြောင်း၊ မမှန်မကန် ဆောင်ရွက်ထားသည်ဟု အငြင်းပွားမှုများ ပေါ်ပေါက်လာပါက ဥပဒေနှင့်အညီ ကျိုးကြောင်းဆီလျော်စွာ ဆောင်ရွက်ထားမှု ရှိ/မရှိကို အထက်တရားရုံးတော်များ၊ တရားလွှတ်တော်ချုပ်က ပြန်လည်စိစစ်ရာတွင် အမှုတွဲနေ့စဉ် မှတ်တမ်းများနှင့် နှစ်ဖက်သက်သေ ထွက်ချက်များသည် အရေးပါပါကြောင်း၊ အမှုတွဲနေ့စဉ်မှတ်တမ်းပါ ရေးသွင်းချက်များကို ဖတ်ရှုသုံးသပ်ပြီး မှန်ကန်စွာ ဆောင်ရွက်ထားမှု ရှိ/မရှိကို တရားသူကြီးများက သုံးသပ်ကြသည်ဟု  သိရှိရပါကြောင်း၊

အမှုတွဲနေ့စဉ် မှတ်တမ်းများ၊ တရားလို/တရားခံ ထွက်ဆိုချက် မှတ်တမ်းများကို ရေးသွင်းရာတွင် အမှုစစ်တရားရုံးတော်မှသာ တာဝန်ယူရေးသွင်းပါကြောင်း၊ နှစ်ဖက်အမှုသည်များ မြင်သာစေရန် ရေးသွင်းခြင်းမျိုး အားနည်းသည့် အတွက် ပွင့်လင်းမြင်သာ မှန်ကန်စွာ မှတ်တမ်းတင်ခြင်း ရှိ/မရှိကို သိရှိနိုင်သည့် အခွင့်အရေးများ နှစ်ဖက်အမှုသည်များတွင် ဆုံးရှုံးရပါကြောင်း၊ ထို့အချိန်တွင် အထက်တွင် တင်ပြထားသည့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ထားမှု ရှိ/မရှိဆိုသည့် အပေါ်တွင် တရားရုံးတော်အပေါ် ထားရှိသည့် ယုံကြည်ကိုးစားသည့် အမှုသည်များ၏ ယုံကြည်ကိုးစားသည့် စံတန်ဖိုး လျော့နည်းသွားနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပွင့်လင်းမြင်သာစွာ တရားစီရင်ရေး အခြေခံမူ (Open Code Principle) အရ တရားရုံး နေ့စဉ်မှတ်တမ်းများ၊ တရားလို/တရားပြိုင် ထွက်ဆိုချက် မှတ်တမ်းများ မှန်ကန်စွာ ရေးသွင်းထားခြင်း ကိစ္စအပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က မည်ကဲ့သို့ ထိန်းကျောင်းလျက် ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ရွှေကျင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောသလေးစော မေးမြန်း သိရှိလိုသည့် တရားရုံးနေ့စဉ် မှတ်တမ်းများသည်  အမှုတွဲအသီးသီးတွင် ပထမဦးဆုံး စက္ကူရပ်ဖြစ်သည့် အမှုတွဲနေ့စဉ် မှတ်တမ်းများကို ဆိုလိုသည်ဟု မှတ်ယူရရှိပါကြောင်း၊ အမှုတွဲ နေစဉ်မှတ်တမ်းများ ရေးသားရခြင်းသည် အမှုအဆင့်ဆင့် တိုးတက် ဆောင်ရွက်ချက်များကို အကျဉ်းမှတ်သားသည့် မှတ်တမ်းဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်ပါကြောင်း၊ အမှုတွဲ နေ့စဉ်မှတ်တမ်းတွင် ရှည်လျားသည့် အမိန့်များကိုဖြစ်စေ၊ အရေးကြီးသည့် အမိန့်များကိုဖြစ်စေ၊ ရေးသွင်းရန် ရည်ရွယ်ခြင်း မဟုတ်သည့်အပြင် တိုတောင်းသည့် လုပ်ရိုးလုပ်စဉ်ကိုသာ ရေးသွင်းရန် ရည်ရွယ်ပါကြောင်း၊

ထို့ပြင် နေ့စဉ်မှတ်တမ်းများ ရေးသားရာတွင် အမှုစစ်ဆေးသည့် တရားသူကြီး၊ ဥပဒေအရာရှိနှင့် ရှေ့နေများ လာရောက်ခြင်း၊ အမိန့်ဆင့်စာ စသည်များ ထုတ်ဆင့်ခြင်း၊ အမှုသည်များနှင့် သက်သေများ လာရောက်ခြင်း၊ သက်သေစရိတ် ထုတ်ပေးခြင်း၊ စွဲချက်ငြင်းချက်များ စီစဉ်ထုတ်ပေးခြင်း၊ စာအမှတ်စာတမ်းများ တင်သွင်းခြင်း၊ သက်သေများ စစ်ဆေးခြင်း၊ ကြားဖြတ်အမိန့်များ ချမှတ်ခြင်းနှင့် စီရင်ချက် ချမှတ်ခြင်းမှစပြီး အမှုကို အဆင့်ဆင့် တိုးတက်ဆောင်ရွက်ရန်နှင့် ဒဏ်ငွေကို ဘီလစ်ထံ ပေးဆောင်ပြီးစီးခြင်း၊ ဘီလစ်က ဘဏ်သို့ ပေးသွင်းခြင်း၊ သက်သေခံ ပစ္စည်များနှင့်ပတ်သက်ပြီးဆောင်ရွက်ခြင်း စသည့် ဆောင်ရွက်ပုံများကို အကျဉ်းချုပ်ရေးမှတ် မှတ်တမ်းတင်ထားခြင်းတို့ ဖြစ်ပါကြောင်း၊

နေ့စဉ်မှတ်တမ်းကို အမှု၏ ပထမအဆင့်စတင်ဆောင်ရွက်သည့်အချိန်တွင် ဆောင်ရွက်ပါက ရေးဖွင့်ခြင်းဖြစ်ပြီး ရေးသွင်းချက် အသီးသီးကို အမှုစစ်တရားသူကြီးက မိမိကိုယ်တိုင် ရေးသွင်းသည် ဖြစ်စေ၊ မိမိကိုယ်တိုင် မရေးသွင်းလျှင်ဖြစ်စေ မှန်ကြောင်း တာဝန်ယူ လက်မှတ်ရေးထိုး ရပါကြောင်း၊ ၎င်းနေ့စဉ်မှတ်တမ်းကို နေ့တစ်နေ့၏ ဆောင်ရွက်ချက်များ ပြီးဆုံးသည့်အချိန်တွင် ရေးသွင်းမှတ်တမ်း တင်ရခြင်းဖြစ်သော်လည်း ရုံးဖွင့်သည့် နေ့တိုင်း ရုံးအလုပ်ခန်း၌ အမှုစစ် တရားသူကြီး၏ ခွင့်ပြချက်ဖြင့် သတ်မှတ်ထားသူ၏ ရှေ့မှောက်တွင် ရှေ့နေများ၊ အမှုသည်များက တရားရုံး လက်စွဲအပိုဒ် ၁၀၃ နည်းဥပဒေများအပိုဒ် ၄၃ မှ ၄၈ တို့နှင့်အညီ ကြည့်ရှုခွင့် ရှိပါသဖြင့် ပွင့်လင်းမြင်သာစွာ မှတ်တမ်းတင်ထားသည့် မှတ်တမ်းဖြစ်ပါကြောင်း၊ အမှုတွဲနေ့စဉ် မှတ်တမ်း ရေးသားခြင်းနှင့်စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်ရန် တရားရုံး လက်စွဲအပိုဒ် ၁၁၁၅ နှင့် ၁၁၁၆ တို့သည် မူလကတည်းက ပြဋ္ဌာန်းချက် ရှိပြီးဖြစ်ကြောင်း၊

သက်သေအသီးသီးကို စစ်မေးခြင်းနှင့်ပတ်သက်ပြီး သက်သေအသီးသီးကို လူသိရှင်ကြား တရားခွင်များတွင် နှုတ်တိုက် စစ်မေးခြင်းဖြစ်ပြီး မှတ်တမ်းတင်ရန် မှတ်တမ်း တင်သွင်းချက်များကို နှုတ်တိုက် အများသိစေရန် ကြေညာပြီး ရေးသွင်းမှတ်တမ်းတင်ခြင်း ဖြစ်ပါကြောင်း၊ တရားခံ တစ်ယောက်အား သို့မဟုတ် တရားခံတစ်ယောက်ကို ကိုယ်တိုင်လာရောက်ခြင်းမှ ကင်းလွတ်ခွင့် ပြုထားလျှင် တရားခံ၏ ရှေ့တွင်ဖြစ်စေ ယင်းတို့ဆောင်ရွက်ရန် တရားရုံးလက်စွဲ အပိုဒ် ၆၀၉ တွင် ပြဋ္ဌာန်းချက်ရှိပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် သက်သေခံချက်ကို ပြည့်စုံစေရန် ရယူပြီးသည်နှင့် သက်သေခံချက် ရေးမှတ်သူက နှစ်ဖက်အမှုသည်များ၊ ၎င်း၏ ရှေ့နေများနှင့် တရားသူကြီး၏ ရှေ့မှောက်တွင် သက်သေထွက်ဆိုသူ သက်သေကိုယ်တိုင် စိစစ်ပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရသည့် မှတ်တမ်းဖြစ်ပါကြောင်း၊ မှတ်တမ်းတွင် မိမိထွက်ဆိုသည့်အတိုင်း ထွက်ဆိုချက်တွင် ကျန်ရစ်ခဲ့သည်၊ လွဲမှားနေသည် ဆိုပါက ချက်ခြင်းပြောနိုင်ပြီး တရားသူကြီး ကိုယ်တိုင် လက်မှတ်ရှည်ရေးပြီး ပြန်ပြင်ပေး၍ ရပါကြောင်း၊

ထို့ကြောင့် ထိုကဲ့သို့ စစ်ဆေးပြီးသည့်နောက် သက်ဆိုင်ရာ သက်သေက မှန်ကန်သည်ဟု မှတ်ယူသည့်အချိန်တွင် သက်သေကိုယ်တိုင် လက်မှတ်ထိုးပါကြောင်း၊ ၎င်းသက်သေ လက်မှတ်ထိုးသည့် အောက်မှ အမှုစစ်ဆေးသည့် တရားသူကြီးက လက်မှတ်ထိုးရပါကြောင်း၊ ထို့ကြောင့် သက်သေထွက်ချက်များသည်  ရုံးအရှေ့တွင် မှတ်တမ်းတင်ရမည့် မှတ်တမ်းတင်ချက်များကို နှုတ်တိုက်အော်ခေါ်ပြီး တရားခွင်တစ်ခုလုံး ကြားစေရန် အော်ပြီးမှ သက်သေခံ မှတ်တမ်းတင်ခြင်း ဖြစ်ပါကြောင်း၊ မှတ်တမ်းတင်ပြီးပါက သက်သေက သက်သေခံချက် ပြီးဆုံးသွားသည့်အချိန်တွင် မိမိ၏ သက်သေထွက်ချက်ကို ယူပြီး စစ်ဆေးနိုင်ပြီး လက်မှတ်ရေးထိုးရပါကြောင်း၊ တစ်ချို့သက်သေများသည် ဖတ်ပြပါဟု ပြောသည့်အတွက် သတ်မှတ်ထားသည့် ဝန်ထမ်းနှင့် ၎င်းသက်သေကို ပြန်ဖတ်ပြရပါကြောင်း၊ ဖတ်ပြပြီးမှ သက်သေများက မှန်ကန်သည်ဟု ယူဆပြီး လက်ခံသည့်အချိန်တွင် ၎င်းမှလက်မှတ်ထိုးပေးခြင်းဖြစ်ကြောင်း၊ လက်မှတ် ထိုးပြီးမှ တရားသူကြီးများက အောက်ရှိ အမှုစစ်တရားသူကြီးက လက်မှတ်ထိုးရသည့် ထွက်ချက်မှတ်တမ်းများ ဖြစ်သည်ကို မိမိအနေဖြင့် တင်ပြလိုပါကြောင်း၊ ထို့ကြောင့် သက်သေထွက်ချက်များ ရယူခြင်းသည် တရားခွင်တစ်ခုလုံး၏ရှေ့တွင် ပွင့်လင်းမြင်သာစွာရယူသည့် မှတ်တမ်းများဖြစ်ကြောင်း  ဦးစွာတင်ပြလိုပါကြောင်း၊ ၎င်းသက်သေ ထွက်ချက်နှင့် နေ့စဉ်မှတ်တမ်းများ မှန်ကန်စွာ ရေးသွင်းခြင်း ရှိ/မရှိနှင့်ပတ်သက်ပြီး မိမိတို့ ရှိရင်းစွဲ တရားရုံးလက်စွဲနှင့် တရားရုံး ညွှန်ကြားချက်များအရ အထက်ရုံး အဆင့်ဆင့်ကလည်း ကြီးကြပ်ကွပ်ကဲလျက် ရှိပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော်များ၊ ခရိုင် တရားရုံးများနှင့် မြို့နယ် တရားရုံးအသီးသီးမှ နှစ်စဉ်၊ လစဉ် ရုံးစစ်ဆေးရန် တာဝန်ပေးအပ်ခြင်းခံရသူများသည် သက်ဆိုင်ရာတရားရုံးများသို့ ရုံးစစ်ဆေးရန် သွားရောက်သည့်အခါ တရားရုံးလက်စွဲအပိုဒ် ၉၉၇ နှင့်အညီ အမှုတွဲ အသီးသီးတွင် နေ့စဉ်မှတ်တမ်းများကို နေ့ချင်းပြီး ရေးသားခြင်း ရှိ/မရှိ၊ နေ့စဉ်မှတ်တမ်း ပြတ်တောက်ခြင်း ရှိ/မရှိ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ရေးသားထားခြင်း ရှိ/မရှိ၊ အမှုစစ် တရားသူကြီးများ လက်မှတ်ပြည့်စုံစွာ ရေးထိုးခြင်း ရှိ/မရှိ တို့နှင့်စပ်လျဉ်းပြီး ကြည့်ရှု စစ်ဆေးကြပ်မတ်ရန် ဖြစ်ကြောင်းကို ပြည်သူ့တရားသူကြီးအဖွဲ့၏ ညွှန်ကြားချက်အမှတ် ၂၅ နှင့် ၃၇ တရားရုံးချုပ်၏ ညွှန်ကြားချက်အမှတ် ၆/၉၈ တို့ဖြင့် ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါကြောင်းနှင့် ရုံးစစ်ဆေးချက် အစီရင်ခံစာများ ရရှိသည့်အပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စိစစ်ကြပ်မတ်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။


ဦးစောသလေးစော (ရွှေကျင် မဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

တရားလွှတ်တော်ချုပ်တရားသူကြီးအနေဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှုအခြေအနေကို ဖော်ပြပေးသည့်အတွက် မိမိတို့အနေဖြင့် ဗဟုသုတများစွာ ရပါကြောင်း၊ လုပ်ထုံးလုပ်နည်းအရ၊ ညွှန်ကြားချက်များအရ လုပ်ဆောင်နေမှုအပေါ်တွင် ပြောဆိုသည့်အပေါ်တွင် မိမိတို့ ဗဟုသုတရရှိပါကြောင်း၊ မိမိအနေဖြင့် မေးမြန်းလိုသည်က  အမှုတွဲနေ့စဉ် မှတ်တမ်းကို တရားရုံးများ လက်စွဲ (BCL)တွင် မည်ကဲ့သို့ ဖော်ပြထားသည်ကို မိမိတို့ ဖတ်ရှုလေ့လာ သိရှိရပါကြောင်း၊

မိမိတို့ပြောလိုသည်က BCL နှင့် ကိုက်ညီခြင်း မရှိသည့် လုပ်ဆောင်သည့် ကိစ္စရပ်မျိုးများ ဥပမာအားဖြင့် မိမိသည် တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီမှ ဖြစ်ကြောင်း၊ တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီကို တိုင်ကြားလာသည့် ကိစ္စရပ်များတွင် အချို့ကိစ္စရပ်များသည် တရားရုံးမှ အဆိုလွှာပြင်ရန်ဆိုသည့် တစ်ဖက်တင်လာသည့် လျှောက်လွှာကို လက်ခံလိုက်ကြောင်း၊ လက်ခံပြီးမှ နှစ်ဖက်လျှောက်လွှဲချက် ကြားနာပြီး အမိန့်ချလိုက်သည်ဟု ပြောကြောင်း၊ ထို့ကြောင့် မိမိကို တိုင်ကြားလာသည့် ပုဂ္ဂိုလ်က တိုင်ကြားသည့် ကိစ္စတွင် နှစ်ဖက်လျှောက်လွှဲချက် မပေးခဲ့ရပါကြောင်း၊ တစ်ဖက်တွင် လျှောက်လွှာတင်သည်ကို ၎င်းတို့ မသိခဲ့ရပါကြောင်း မိမိတို့ကို ပြောလာခြင်း ရှိပါကြောင်း၊

သို့သော် မိမိ အမှုတွဲနေ့စဉ်မှတ်တမ်းကို ကြည့်လိုက်သည့်အချိန်တွင် အမှုသည် နှစ်ဖက်လုံးလာကြောင်း၊ လျှောက်လွှဲချက်ပေးသည်ဆိုပြီး ရေးသွင်းထားကြောင်း၊ ကာယကံရှင်မှ ပြောသည်က ၎င်းတို့ လျှောက်လွှဲချက် မပေးခဲ့ရကြောင်း၊ သို့သော် မည်ကဲ့သို့ ဖြစ်နေပါစေ မိမိတို့သည် တရားရုံးနေ့စဉ် မှတ်တမ်းကို အတည်ကောက်ယူရခြင်း ဖြစ်သည့်အတွက်၊ တရားရုံးက စီရင်ဆုံးဖြတ်ခြင်း ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ပြောရန်ခက်ပါကြောင်း၊ သို့သော် ပထမတင်ပြခဲ့သည့်အတိုင်း တကယ်မှန်မှန်ကန်ကန် ရေးသွင်းထားခြင်း ရှိ/မရှိကို ၎င်းကိစ္စရပ်မျိုးတွင် တရားလွှတ်တော်ချုပ်အနေဖြင့် မည်ကဲ့သို့ ထိန်းကျောင်းမည်နည်း၊ BCL အရ မည်ကဲ့သို့ လုပ်ရမည်ဆိုသည်ကို စာထဲတွင် ရေးထားသည်ကို မိမိတို့ သိပါကြောင်း၊ သို့သော် ၎င်းအတိုင်းကို တကယ်လုပ်သည် ဆိုသည့်အချက်ကို သံသယဖြစ်စရာ ကိစ္စရပ်မျိုးများ ရှိလာသည့်အချိန်တွင် တရားရုံးချုပ်အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်သနည်း၊ တိုင်ကြားသည့်အချိန်တွင် မည်ကဲ့သို့ အရေးယူမှု၊ ဆောင်ရွက်မှုများ ရှိပါသနည်း၊ ထို့အပြင် ဒုတိယတစ်ချက်  နှစ်ဖက်အမှုသည်များ၏ ထွက်ချက်များသည် တင်ပြခဲ့သည့်အတိုင်း ပွင့်လင်းမြင်သာစွာ ထွက်ဆိုခြင်း မှန်ကြောင်း၊ သို့သော် တိုင်ကြားလာသည့် တချို့ကိစ္စရပ်များတွင်  ထွက်ချက်များကို ပြန်ဖြတ်ပြီးမှ အမှုလမ်းကြောင်းလွဲစေရန် ရေးထားခြင်းများ ရှိတတ်သည်ဆိုသည့် ကိစ္စများကို မိမိတို့ကို ဖော်ပြခြင်းများ ရှိပါကြောင်း၊

စနစ်ကြီးက ထိုကဲ့သို့ ဖြစ်သည်ဟု မိမိကပြောခြင်း မဟုတ်ကြောင်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီတွင် တစ်ခါတစ်ရံ ရှိတတ်သည် ဆိုသည့်အချက်ကို ဖော်ပြခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရှိလာပါက ရှိသည်ဟု သက်သေပြနိုင်ပြီး ရှိသည်ဟု သက်သေပြပြီး တိုင်စာပို့နိုင်သည်ဆိုပါက မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ပြီး မည်ကဲ့သို့ ထိန်းကျောင်း မည်ဆိုသည့် အချက်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမျိုးတင့်

မေးမြန်းသည့်အချက်နှင့် ပတ်သက်ပြီး မိမိကြားသိရသည့် အတိုင်းဆိုပါက အဆိုလွှာ၊ အချေလွှာ တစ်ခုခုကို ပြင်သည့် ကိစ္စဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုလွှာ၊ အချေလွှာ ပြင်ပြီးသည့်နောက် အမှု အရှုံး/အနိုင်အထိ ထွက်ဆိုရန် တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် ကြာပါကြောင်း၊ အရှုံး/အနိုင်အထိ ရောက်ပြီးမှ အဆိုလွှာ၊ အချေလွှာ ပြင်ခဲ့သည့်အချိန်က ၎င်းတို့ မသိဘူးဆိုသည့် အချက်သည် မိမိတို့ အပေါ်ရုံးအနေဖြင့် မည်သည့်အတွက်ဆိုပါက နှစ်ဖက်အမှုသည် ရှိကြောင်း၊ ရှေ့နေရှိကြောင်း၊ မည်သည့်အတွက် ဆိုပါက ၎င်းတွင် အမှုတွဲကို နောက်တစ်နေ့ ရုံးချိန်း အမှုစစ်သည့် အချိန်တွင် မည်သူမဆို တောင်းကြည့်နိုင်ကြောင်း၊ အဆိုလွှာ၊ အချေလွှာ ပြင်သည်ဆိုကတည်းက အဆိုလွှာကို ပြင်ခွင့်ပေးလျှင် အချေလွှာကို ပြင်ခွင့်ပေးရမည်၊ ၎င်းသည် မိမိတို့ တရားမကျင့်ထုံး၏၊ တစ်ဖက်က တရားစွဲသည့် သူ၏ အဆိုလွှာကို ပြင်ဆင်ခွင့်ပေးပါက အချေလွှာကို ပြင်ဆင်ခွင့် ပေးရမည်ဖြစ်ကြောင်း၊ အဆိုလွှာကို ပြင်ဆင်ခွင့်ပေးသည့်အတွက် တစ်ဖက်က အဆိုလွှာ ပြင်ဆင်ခွင့်ကို မကျေနပ်ဘူးဆိုပါက တရားမကျင့်ထုံးတွင် လုပ်ထုံးလုပ်နည်းများ ရှိပါကြောင်း၊ အဆင့်မြင့်ရုံးကို အကုန် ၎င်းအမိန့်ကို ချက်ချင်းတက်၍ ရပါကြောင်း၊ မိမိက ပြင်ဆင်ခွင့်ကို ခွင့်မပြုနိုင်ကြောင်း၊ တရားရုံးက ခွင့်ပြုလိုက်ပါက ၎င်းဥပဒေနှင့်အညီ အယူခံပြင်ဆင်တက်ခွင့် ရှိသည်ဖြစ်ကြောင်း၊

သို့သော် အမှုကြီး တစ်ခုဆုံးဖြတ်ပြီး ရှုံးခြင်း နိုင်ခြင်း နှစ်ခုလုံးဖြစ်နိုင်ကြောင်း၊ ထိုအချိန်တွင် အဆိုလွှာ၊ အချေလွှာကို မည်သည့်အချိန်က ပြင်ထားပါကြောင်း၊ ၎င်းတို့ မသိပါဘူးဆိုသည့် ကိစ္စမျိုးသည် ကြားထဲတွင် ပွင့်လင်းမြင်သာ ပါက ၎င်းအမှုတစ်လျှောက်လုံး ၎င်းအမှုတွဲကြီးသည် အမှုစစ်သည်ဆိုပါက ရှေ့တွင် ချပေးထားခြင်း၊ ၎င်းအမှုတွဲ၏ နေ့စဉ်မှတ်တမ်းများသည် အကုန် မြင်သာပါကြောင်း၊ တကယ်ပြင်သည့် ကိစ္စမျိုးရှိ၊ မရှိဆိုသည်ကို မိမိအနေဖြင့် တပ်အပ် မပြောနိုင်ပါကြောင်း၊ သို့သော် ထိုကဲ့သို့ ချပေးထားပြီး အမှု အရှုံး/အနိုင်ဖြစ်မှ အဆိုလွှာ၊ အချေလွှာတွင် ပြင်သည်ဟု သက်သေထွက်ချက် ကျန်သည်ဆိုခြင်းသည် အမှုရှုံးပြီးမှ သက်သေထွက်ချက် တစ်ခုကို ၎င်းက ကျန်နေသည် ဟုပြောသည့် အချိန်တွင် ပထမပြောခဲ့သလို ဖြစ်ကြောင်း၊ အများပြည်သူရှေ့တွင် တစ်ဖက်ရှေ့နေသည် ရှိမည်၊ သက်သေများ ရှိမည်၊ ကြားထဲတွင် လာနားထောင်သည့် လူများ၏ ရှေ့တွင် ၎င်းတို့၏ ထွက်ချက်ကို ပြန်ကြည့်မည်၊ ကျန်ခဲ့ပါသည်ဟု ပြောပါက ထို့အချိန်တွင် တစ်ခြားတစ်ဘက်မှ ဖြေစဉ်က ကျန်သည်၊ မကျန်သည်ကို ချက်ချင်းပြောခွင့် ရှိပါကြောင်း၊ စစ်ပြီးမှ နောက်နှစ်ရက်၊ သုံးရက်နေမှ မိမိထွက်ချက်တွင် ကျန်ခဲ့သည်ဟု တစ်ဖက်က ကန့်ကွက်သည်အချိန်တွင် သူကျန်ခဲ့သည့် အချက်သည် တစ်ဖက်တွင် အခွင့်အရေး ဖြစ်ချင်ဖြစ်နိုင်ကြောင်း၊ ၎င်းထပ်ဖြည့်ချင်သည့် အချက်သည် တစ်ဖက်တွင် နစ်နာချင် နစ်နာနိုင်ကြောင်း၊

ထိုကြောင့် မိမိတို့ On the sport အမှုစစ်ပြီးနှင့် လက်မှတ်ထိုးခိုင်းပါကြောင်း၊ ဖတ်ပြတယ်၊ ဖတ်ကြည့်ပြီးမှ မှန်ကြောင်း အောက်တွင် ဆိုရိုးလေးအတိုလေး ရှိပါကြောင်း၊ ၎င်းသည် မိမိတို့ တရားရုံးတိုင်းက “ဖတ်ပြ မှန်ကန် ဝန်ခံ” ဆိုပြီး ၎င်းကို လက်မှတ်ထိုးခိုင်းပြီးမှ တရားသူကြီးက ထိုးလိုက်ကြောင်း၊ ထို့ကြောင့် နောက်နှစ်ရက်၊ သုံးရက်နေမှ ၎င်းက ၎င်းထွက်ချက်ကို ပြန်သတိရပြီး ကျန်သည်ဖြစ်ဖြစ်၊ အဆိုပြုသည့်အချိန်တွင် တစ်ဖက်အမှုသည်နှင့် အငြင်းပွားစရာများ၊ တစ်ဖက်အမှုသည်နှင့် ၎င်းအချက်ကို မိမိတို့၏ ပြင်ဆင်ပေးနိုင်ပါကြောင်း၊ ၎င်း စစ်ပြီး ၎င်းတို့ကို ပေးပြီး လက်မှတ်မထိုးမီ ကြည့်ပြီး ပြင်ပါက ချက်ချင်းဖြေရှင်းနိုင်ကြောင်း၊ အဆိုလွှာကို ပြင်သည်ဆိုသည့် ကိစ္စသည် အဆိုလွှာကို ပြင်ပါက အချေလွှာကို ပြင်ဆင်ခွင့် မဖြစ်မနေ ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိကိုယ်တိုင် အချေလွှာကို ပြင်ဆင်ခွင့် အခွင့်အရေး ယူရသည်ဆိုပါက အဆိုလွှာကို ပြင်ဆင်ခွင့်ပေးသည့်အတွက် ဆိုသည့်အချက်ကို သာမန်အားဖြင့် သိနိုင်ပါကြောင်း၊ ၎င်းမှ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သို့သော် ကြာပြီးသည့်ကိစ္စကို အဆိုလွှာ၊ အချေလွှာသည် အမှု၏ အစဖြစ်ကြောင်း၊ ၎င်းအစတွင် ပြင်ဆင်ခွင့်ပေးခြင်းသည် မိမိတို့ တစ်ခါတစ်ခါတွင် ၎င်းအချိန်များတွင် ပြောသည့်အချိန် သက်သေအချက်အလက် ဌာနဆိုင်ရာ Inquiry လုပ်ရန် အလွန် ခက်ပါကြောင်း၊ ခိုင်မာသည့် အကြောင်းများ ပေါ်ပေါက်လာသည်ဆိုပါက မိမိတို့ အဆင့်မြင့်ဆုံး တရားရုံးချုပ်က လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူလျက် ရှိပါကြောင်း ဖြေကြားပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမျိုးတင့်