Skip to main content

(ဂ)-၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏အရ အသုံးခန့်မှန်းခြေငွေစာရင်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ OA စာရင်းလက်ကျန် အခြေအနေများ ကို မည်သို့ ရှင်းလင်းဆောင်ရွက်သည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်  ပြည်ထောင်စု၏အရ /အသုံးခန့်မှန်း ခြေငွေစာရင်းများနှင့် စပ်လျဉ်းသည့်စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင်ပါရှိသည့်နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏အုပ်စုအလိုက်OAလက်ကျန်များအားမည်ကဲ့သို့စာရင်း ရှင်းလင်းထား သည်ကို သိရှိလိုပါကြောင်း၊

၃၁-၃-၂၀၁၈ ရက်နေ့အထိ OA စာရင်းပိတ်လက်ကျန် Credit Balance မှာ ငွေကျပ် ၁၂,၇၇၅.၅၇၅ ဘီလီယံကျန်ရှိကြောင်း တွေ့ရပါကြောင်း၊ OA(Other Accounts)  လက်ကျန်များနှင့်ပတ်သက်ပြီး ၂၉-၇-၂၀၁၉ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Other Accounts အားလုံးပိတ်သိမ်းပြီး SEE Accounts တစ်ခုတည်း ဖြင့်ဆောင်ရွက်မည် ဖြစ်ကြောင်း Other Accounts များသည် ၂၀၁၉-၂၀၂၀ တွင်မရှိတော့ ကြောင်း Other Accounts ကလည်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအရ ခွဲပြီး လုပ်ထားကြောင်း ဘတ်ဂျက်ထဲတွင်အကုန်ပါဝင်ကြောင်း၊ ၎င်းပိုက်ဆံများသည် ၎င်းစာရင်း အရသာ ဖြစ်ပေါ်နေကာ ငွေသုံးစွဲသည့် နေရာတွင် သုံးစွဲပြီးသားများ အကုန်လုံး ၎င်းဘတ်ဂျက်များထဲတွင် ထည့်သွင်းပြီး သုံးစွဲပြီးသားများပါဟု ပြောကြားခဲ့ပါကြောင်း၊ အထက်ပါဖော်ပြခဲ့သည့်အတိုင်း  စာရင်းစစ်ဆေးပြီး ၃၁-၃-၂၀၁၈ ရက်နေ့ စာရင်းစစ် OA လက်ကျန်ကျပ် ၁၂,၇၇၅.၅၇၅ ဘီလီယံသည် မည်သည့်အချိန်၊ မည်သည့်ခုနှစ်၊ မည်သည့်ငွေစာရင်းခေါင်းစဉ်များသို့ လွှဲပြောင်းကျခံသုံးစွဲထားသည် ကိုသိရှိလိုပါ၍ မေးမြန်းပါသည်။

 


 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း

 

 ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်  ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း များနှင့်စပ်လျဉ်းသည့် စစ်ဆေး တွေ့ရှိချက်အစီရင်ခံစာပါ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ OA စာရင်း လက်ကျန် အခြေအနေများကို မည်သို့ရှင်းလင်း ဆောင်ရွက်သည် ကိုသိရှိလိုကြောင်း မေးမြန်းထားချက်အပေါ်တွင် ပြန်လည်ရှင်းလင်း ဖြေကြားမည် ဖြစ်ပါကြောင်း၊

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်း၊ အခြားစာရင်းရှင် Union Fund Account(Other Account)-UFA(OA)နှင့်ပတ်သက်ပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်း(Union Fund Account)ထဲ တွင်ပါဝင်ပုံ၊ စာရင်းလည်ပတ်ဆောင်ရွက်ပုံနှင့် အစိုးရ၏ ငွေစာရင်း ထိန်းသိမ်းမှုစနစ် (Government Accounting System) UFA(OA)စာရင်းများကို စီမံခန့်ခွဲပုံ၊ UFA(OA) စာရင်းများနှင့် ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းမှု၊ ဆက်နွှယ်နေမှုများကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများ၊ နိုင်ငံပိုင်သတင်းစာများ၊ မီဒီယာများ၊ စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲများတွင် မိမိတို့အသီးသီး ရှင်းလင်းတင်ပြခဲ့ပါကြောင်း၊ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စပြီး UFA(OA)စာရင်းများကို ပိတ်သိမ်းပြီး UFA(SE) အကောင့်တစ်ခု တည်းဖြင့့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းတစ်ခုချင်းစီ၏ OA လက်ကျန်စာရင်းများနှင့် နိုင်ငံတော်စာရင်းတို့အကြားတွင် စာရင်းချေရှင်းလင်းသည့်နည်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်းတို့ကို ၁၅-၇-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင်ရှင်းလင်းပြောကြား တင်ပြခဲ့ပါကြောင်း၊

ကွဲပြားသွားသည်မှာSEE တွင် နှစ်ခုခွဲပြီး UFA(SEE) နှင့် UFA(OA) ဆိုပြီး ရငွေ/သုံးငွေများခွဲခြားပြီးဖော်ပြခြင်းဖြစ်ပါကြောင်း၊ မည်သို့ပင်ခွဲခြားပြီး ဖော်ပြသော်လည်း မိမိတို့ အားလုံးသည် Union Fund Account ထဲမှ ဆောင်ရွက်နေကြောင်း တင်ပြခြင်းဖြစ်ပါကြောင်း၊  ဝန်ကြီးဌာန၊ အဖွဲ့အစည်းများဖြစ်သည့် MMD များ၏ ရငွေ/ သုံးငွေများ၊ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ ဖြစ်သည့် SEE များ၏ SEE Account၊ OA Account နှင့် ရငွေ/သုံးငွေ များအားလုံးသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်း၏ အရအသုံးစာရင်းများတွင် ပါဝင်ပြီး ဘတ်ဂျက်လိုငွေများကိုတွက်ချက်သည့်အခါမှာတွင်မိမိတို့ထည့်သွင်းတွက်ချက်ထားပြီးဖြစ်ပါ ကြောင်း၊

သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် ၃၁-၃-၂၀၁၈ ရက်နေ့တွင် ရှိသည့် UFA(OA)စာရင်းပိတ်လက်ကျန် ကျပ် ၁၂,၇၇၅.၅၇၅ ဘီလီယံဆိုသည်မှာ စာရင်းအရပေါ်လွင် နေသည့်လက်ကျန်များဖြစ်ပြီးနိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းတစ်ခုချင်းစီနှင့် နိုင်ငံတော် စာရင်း တို့အကြားတွင် ရရန်ရှိ/ပေးရန်ရှိအဖြစ်နှင့် စာရင်းတင်ဖော်ပြထားသည့်စာရင်းများသာ ဖြစ်ပါ ကြောင်း၊ ၎င်းတို့ကို စာရင်းချေသည့် နည်းလမ်းနှင့်ပိတ်သိမ်းသွားမည်ဖြစ်ပါကြောင်း၊ လက်ရှိ အခြေအနေတွင် UFA(OA) လက်ကျန်စာရင်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူ အတည်ပြုချက်ဖြင့် စာရင်းများပိတ်သိမ်းပြီးပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းထဲကို စာရင်းပြောင်း ရွှေ့ညှိနှိုင်းမှု၊ ယခင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏  ၈-၁၀-၂၀၁၉ ရက်စွဲပါ စာအမှတ်၊ စဘ/ဘဏ္ဍာ-၄/၁/၉(၃၉၀၉/၂၀၁၉)ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူ အတည်ပြုချက်နှင့် ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ ၎င်းညွှန်ကြားချက်နှင့်အညီ ဆက်လက်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ညွှန်ကြားချက်တွင်  နိဒါန်း၊ အခြေခံမူ၊ စတင်မည့့်် ကာလ၊ OA လက်ကျန်ရှိသည့် SEE ၂၀ ခု၏စာရင်း၊  နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်း များက ဆောင်ရွက်ရန်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ဆောင်ရွက်ရန်၊ မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆောင်ရွက်ရန်၊ ငွေတိုက်ဦးစီးဌာန ကဆောင်ရွက်ရန်နှင့် နိဂုံးတို့အပါအဝင် ဆောင်ရွက်ရမည့်် လုပ်ငန်းစဉ်များကို အသေးစိတ်ဖော်ပြ ညွှန်ကြားထားပါကြောင်း နှင့် အဆိုပါစာရင်းရှင်းလင်း ညှိနှိုင်းပိတ်သိမ်း ဆောင်ရွက်မှုများကို ၂၀၂၀ ခုနှစ်၊ မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး အသေးစိတ်ဖော်ပြရန်ညွှန်ကြားထားပါကြောင်း ပြန်လည်ဖြေကြားပါသည်။