Skip to main content

 

ရှမ်းပြည်နယ်၊ တောင်ကြီး ခရိုင်၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စုသည် ရပ်စောက်မြို့နယ်မီးသတ် စခန်းနှင့် မိုင် ၆၀ ခန့်ကွာဝေးပြီး စတုရန်းမိုင်ပေါင်း        ၃၂၈.၀၄ မိုင် ကျယ်ဝန်းပါကြောင်း၊ ကျောက်ဂူ ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၂၆ ရွာ၊ အိမ်ခြေ ၂၈၉၀၊ အိမ်ထောင်စု ၃၁၅၀ စုနှင့် လူဦးရေ ၁၇၈၅၀ ဦးနေထိုင်လျက်ရှိပါကြောင်း၊ ကျောက်ဂူကျေးရွာတွင် အထက်တန်းကျောင်းအပါအဝင် စာသင်ကျောင်းသုံးကျောင်း၊ စက်ရုံအလုပ်ရုံသုံးရုံ၊ ဈေး၊ တိုက်နယ်ဆေးရုံ၊ ရဲစခန်း၊ တပ်ရင်းတပ်ဖွဲ့၊ ဌာနဆိုင်ရာရုံးများ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ၊ ဆန်စက်၊ ဆီစက်၊ ဆိုင်ကယ်ဝပ်ရှော့၊ ကားဝပ်ရှော့ စသည့်လုပ်ငန်းပေါင်းစုံရှိပါကြောင်း၊ ရပ်စောက်မြို့နယ်၊ အင်တောနယ်မြေတွင် မီးသတ် စခန်းတစ်ခုဖွင့်လှစ်ထားလျက်ရှိပြီး လက်ရှိတပ်ဖွဲ့အင်အား      ခြောက်ဦးနှင့် ယာဉ်နှစ်စီး ရှိပါကြောင်း၊ ရပ်စောက်မြို့နယ်၊ အင်တောနယ်မြေ၊ မီးသတ်စခန်းအနေဖြင့် မီးဘေးလုံခြုံရေးနှင့် မီးငြိမ်းသတ်ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော်လည်း အင်တောမြို့တွင် မြို့အဆင့်ဌာနဆိုင်ရာ အဆောက် အအုံ များ၊ အိမ်ခြေလူဦးရေ ထူထပ်ခြင်းများ ဖြစ်နေပြီးအင်တောမြို့ အတွက်ပြည့်စုံပါကြောင်း၊  ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်ဂူကျေးရွာတွင် ဆန်စပါး၊ ပဲ၊ ပြောင်း၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ သိုလှောင်ထားရှိမှုများကြောင့် မီးဘေးအန္တရယ်စိုးရိမ်ဖွယ်ရာရှိပါက ကူညီ ဆောင်ရွက်ပေးနိုင်ရန် ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်ဂူကျေးရွာတွင် နယ်မြေမီးသတ်စခန်း၊ ထပ်မံဖွင့်လှစ်၍ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကျောက်ဂူကျေးရွာတွင် မီးသတ်စခန်း ဖွင့်လှစ်နိုင်မည့်မြေနေရာ၊ ရွေးချယ်သတ်မှတ်ပြီးသောမြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ လည်းရှိပြီး ဖြစ်ပါကြောင်း၊ ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်ဂူကျေးရွာတွင် နယ်မြေမီးသတ်စခန်း ထပ်မံ ဖွင့်လှစ် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ကျေးရွာ၏မီးဘေးလုံခြုံရေးနှင့် မီးငြိမ်းသတ်ရေး လုပ်ငန်းများအား လျင်မြန်စွာလုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ပါ၍ နယ်မြေမီးသတ်စခန်းလိုအပ်ပါ ကြောင်းတင်ပြလိုပါကြောင်း၊ သို့ဖြစ်ပါ၍ ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်ဂူကျေးရွာတွင် နယ်မြေမီးသတ်စခန်းဖွင့်လှစ်၍ မီးသတ်ယာဉ်များ ခွင့်ပြုချထားပေးနိုင်မည့် အစီအစဉ်များ ရှိ၊ မရှိ မေးမြန်းပါသည်။


 

 

 ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် အတွင်းရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးနှင့် မြို့နယ်မီးသတ်စခန်းတို့မှာ မီးသတ်ဦးစီးအရာရှိတပ်ဖွဲ့ဝင် ၂၀ဦး၊ မီးငြိမ်းသတ်ယာဉ်နှစ်စီး၊ မီးသတ်ရေသယ်ယာဉ်နှစ်စီး၊ မီးသတ်စက်ယာဉ်တစ်စီး စုစုပေါင်း မီးသတ်ယာဉ်လေးစီး ဖြင့်လည်းကောင်း၊ အင်တောနယ်မြေမီးသတ်စခန်းမှာ လက်ထောက်မီးသတ် ဦးစီးတပ်ဖွဲ့ဝင် ခြောက်ဦး၊ မီးငြိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီး စုစုပေါင်း မီးသတ်ယာဉ် နှစ်စီးတို့ဖြင့် လည်းကောင်း၊ ကောင်းပုန်နယ်မြေ မီးသတ်စခန်းမှာ လက်ထောက် မီးသတ်ဦးစီး တပ်ဖွဲ့ဝင်ရှစ်ဦး၊ မီးငြိမ်းသတ်ယာဉ်နှစ်စီးတို့ဖြင့်လည်းကောင်း မြို့နယ်မီးဘေးလုံခြုံ ရေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စုမှာ အိမ်ခြေ ၂၉၈၀ လုံး၊ အိမ်ထောင်စု ၃၁၅၀ စု၊ ရဲစခန်းတစ်ခု၊ ကျေးလက်ဆေးပေးခန်းတစ်ခု၊ အထက် တန်း ကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်းသုံးကျောင်း၊ မူလတန်းကျောင်း ၂၆ ကျောင်းရှိပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးတို့ဖြင့် ကျေးရွာအုပ်စု၏မီးဘေးလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၁၀ နှစ်အတွင်းမီးလောင်မှုမရှိကြောင်း၊ ကျောက်ဂူကျေးရွာအုပ်စုမှာ အရေးပေါ် မီးလောင်မှုဖြစ်ပွားပါက ရပ်စောက်မြို့နယ်မီးသတ်စခန်းမှမီးသတ်ယာဉ်ငါးစီး၊ အင်တောနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ ကောင်းဘို့နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး စုစုပေါင်း မီးသတ်ယာဉ်ကိုးစီးဖြင့် သွားရောက်ငြိမ်းသတ်နိုင်ပါကြောင်း၊ မီးသတ်ဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ဗဟိုမီးသတ် သင်တန်း ကျောင်း (ပြင်ဦးလွင်)နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်(ရန်ကုန်)တို့အတွက် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိဖွဲ့စည်းပုံခွင့်ပြုပြီးသော မီးသတ်စခန်းများတွင်မီးသတ်စခန်းအဆောက်အအုံများဆောက်လုပ်ခြင်း၊ ဝန်ထမ်းနေအိမ် ဆောက် လုပ်ခြင်း၊   မီးသတ်ယာဉ်များဖြည့်တင်းပေးခြင်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေ ဖြင့်လည်းကောင်း အသီးသီးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ရှမ်းပြည်နယ်အတွင်း ပြည်နယ်မီးသတ်ဦးစီးမှူးရုံးတစ်ရုံး၊ ခရိုင်မီးသတ် ဦးစီးမှူးရုံး  ၁၃ ရုံး၊ ခရိုင်မီးသတ်စခန်း ၁၃ ခု၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး      ၅၅ ရုံး၊ မြို့နယ်မီးသတ်စခန်း ၅၅ ခု၊ နယ်မြေ မီးသတ်စခန်း ၇၀ ခုတို့ဖြင့် ဖွင့်လှစ်သွားရန်ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိပြီးဖြစ်ရာ ပြည်နယ်မီးသတ်ဦးစီး မှူးရုံးတစ်ရုံး၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးငါးရုံး၊ ခရိုင်မီးသတ်စခန်းငါးခု၊ မီးသတ်ဦးစီးမှူးရုံး ၄၉ ရုံး၊ မြို့နယ်မီးသတ်စခန်း ၄၉ ခုနှင့် နယ်မြေမီးသတ်စခန်း ၅၄ ခု တို့အတွက် မီးသတ်စခန်းနှင့် ဝန်ထမ်း အိမ်ရာများကိုသာ      ဆောက်လုပ်ပေးနိုင်ခဲ့ပြီး ခရိုင်မီးသတ်ဦးစီးမှူးရုံး ရှစ်ရုံး၊ ခရိုင်မီးသတ်စခန်း ရှစ်ခု၊ မြို့နယ်ဦးစီးမှူးရုံးခြောက်ရုံးနှင့် မြို့နယ်မီးသတ်စခန်းခြောက်ခု၊ နယ်မြေမီးသတ် စခန်း ၁၆ ခု တို့အားဆောက်လုပ်ပေးရန်ကျန်ရှိလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဖွဲ့စည်းပုံခွင့်ပြုပြီး မီးသတ်စခန်းများအတွက်မြေနေရာရရှိရေး၊ မီးသတ်အဆောက်အအုံ၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နိုင် ရေး မီးသတ်ယာဉ်များဖြည့်တင်းနိုင်ရေးအတွက် ဆောင်ရွက်နေရခြင်း၊ အရေးပေါ် မီးသတ်လုပ်ငန်းဖြစ်ပွားပါကရပ်စောက်မြို့နယ်မီးသတ်စခန်းမှမီးသတ်ယာဉ်ငါးစီး၊ အင်တောနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီးတို့နှင့် ကောင်းဘို့နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး စုစုပေါင်း ကိုးစီး တို့ဖြင့်သွားရောက်ငြိမ်းသတ်နိုင်ခြင်းတို့ကြောင့် လက်ရှိကျောက်ဂူကျေးရွာအုပ်စုမှာ နယ်မြေမီးသတ် စခန်းဖွဲ့စည်းပုံမရှိသေးခြင်းတို့ကြောင့် ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်ဂူ ကျေးရွာမီးသတ်စခန်းနှင့် မီးသတ်ယာဉ်များချထားပေးရန် အစီအစဉ်လောလောဆယ် မရှိသေးပါကြောင်း၊ သို့သော်နယ်မြေလိုအပ်ချက်အရ၊ ဖွဲ့စည်းပုံအရ ထပ်မံဆောင်ရွက်မည်ဆိုလျှင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ထောက်ခံချက်နှင့်တင်ပြပြီးမှ မိမိတို့ဆက်လက် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်အောင်သူ