Skip to main content

 

မင်းကင်းမြို့နယ်သည် ဧရိယာ စတုရန်းမိုင် ၁၅၂၇.၀၃ ခန့်ကျယ်ဝန်း၍ မြို့နယ်၏လူဦးရေသည် တစ်သိန်းကျော်ရှိပါကြောင်း၊ မင်းကင်းမြို့နယ်ကို အကြမ်းဖျင်းအားဖြင့် မြစ်ရိုးအထက်ပိုင်း၊ မြစ်ရိုးအောက်ပိုင်း တောင်တွင်းဒေသ၊ အနောက်လက်၊ တောင်လက်နှင့် မြို့မဟု ပိုင်းခြားထား ပါကြောင်း၊ မင်းကင်းမြို့နယ်တွင် မြို့နယ်ရဲစခန်းတစ်ခုရှိသလို တောင်တွင်းဒေသနှင့် မြစ်ရိုး အောက်ပိုင်းဒေသ တို့မှာ ရဲအုပ်ဦးစီးသည့် ရဲစခန်းများရှိပါကြောင်း၊ သို့သော်ကျေးရွာ ၃၃ ရွာ၊ လူဦးရေ နှစ်သောင်းခွဲခန့် မှီတင်းနေထိုင်ကြသည့် မြစ်ရိုး အထက်ပိုင်းဒေသတွင် ရဲစခန်းတစ်ခုမှ မရှိပါကြောင်း ရဲစခန်းမရှိသော်လည်း ကြွေရွာတွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က နယ်မြေရဲကင်း တစ်ခုရှိခဲ့ပြီး ဒု-ရဲအုပ်ဦးစီးသည့် ရဲအင်အား ငါးယောက်ခန့်ရှိပါကြောင်း၊ ရဲကင်းအဆောက်အအုံနှင့် ခြံဝင်းများ ယခုထိရှိနေသော်လည်း ရဲကင်းကိုတော့ ပိတ်သိမ်းသွားခဲ့ ပါကြောင်း၊ ကြွေရွာတွင် တိုက်နယ်ဆေးရုံတစ်ခုရှိသလို အခြေခံပညာအထက်တန်းကျောင်းလည်း ရှိပြီး  အိမ်ခြေ ၄၀၀ ခန့်နှင့် လူဦးရေ ၃၀၀၀ ခန့် မှီတင်းနေထိုင်လျက်ရှိပါကြောင်း၊ အလားတူ ကြွေရွာ နှင့် ငါးမိုင်ခန့်ကွာဝေးပြီး ချင်းတွင်းမြစ်တစ်ဖက်ကမ်းတွင်လည်း ရှမ်းတောဆိုသည့်ရွာတွင် အထက် တန်းကျောင်း ရှိပါကြောင်း၊ ၎င်းဒေသသည် လူဦးရေမနည်းသလို ပညာရေးလည်း မနိမ့် ကျကြောင်း၊ လူဦးရေများလာသည်နှင့် အမျှ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေးသည် လည်း ပိုမိုပြီး ရှေ့တန်းကျကျ အရေးကြီးပါကြောင်း၊ လူဦးရေ နှစ်သောင်းခွဲ၊ သုံးသောင်းခန့်ရှိနေသည့် ဒေသတစ်ခုအတွက် ရဲစခန်းတစ်ခုဖွင့်လှစ်ပေးရန် မဖြစ်မနေ လိုအပ်လျက်ရှိပါကြောင်း၊ ထို့အတူမြစ်ရိုးအထက်ပိုင်းဒေသတွင် အထက်တန်းကျောင်း နှစ်ကျောင်းရှိသော်လည်း ၁၀ တန်း စာစစ်ဌာနမရှိပါကြောင်း၊ မိမိတို့က လွှတ်တော်ကိုတင်ပြသော်လည်း ရဲစခန်း မရှိဘူးဆိုသည့် အကြောင်းပြချက်ဖြင့် မေးခွန်းလုံခြုံရေးစိတ်မချရလို့ ခွင့်ပြုမပေးသည့်အဖြေပဲ ရရှိခဲ့ပါကြောင်း၊ ထို့ကြောင့်လည်း ရှားတောနှင့်ကြွေရွာများတွင်ရှိသည့် အထက်တန်းကျောင်းများတွင်တက်နေ ကြသည့်  ၁၀ တန်းကျောင်းသားများသည် မိုင် ၃၀ ခန့်ဝေးသည့် မင်းကင်းမြို့တွင် သွားရောက်ပြီး စာမေးပွဲ ဖြေကြရသည့်အတွက် နေထိုင်စားသောက်ရေးအဆင်မပြေမှုများနှင့် အတူ ကုန်ကျစရိတ်များပြားခြင်း၊ အောင်ချက်ထိခိုက်ခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများကို ကြုံတွေ့နေရပါကြောင်း၊ နိုင်ငံတော်၏ ဘတ်ဂျက်အခက်အခဲကို မိမိတို့ နားလည်ပါကြောင်း၊ သို့သော်လည်း ကြွေရွာတွင် ရဲစခန်းတစ်ခု ဖွင့်လှစ်ပေးမည်ဆိုလျှင် ဒေသ၏တည်ငြိမ်ရေး၊ လုံခြုံရေး၊ တရာဥပဒေစိုးမိုးရေးသာမက ရဲစခန်း ရှိလျှင် စာစစ်ဌာနဖွင့်ရန် အတွက် လမ်းစတစ်ခုပွင့်လာပြီး ဒေသခံကလေးများ၏ ပညာရေးကဏ္ဍ ကိုလည်း ကြီးမားစွာ အကျိုးပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ သို့ပါ၍ မိမိ၏မေးခွန်းပါ ကြွေကျေးရွာတွင် ယခင်ရှိခဲ့ဖူးသည့် နယ်မြေရဲကင်းကို တိုးချဲ့ပြီး ရဲစခန်းတစ်ခုဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

 

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်သည် ဧရိယာစတုန်းရန်းမိုင် ၁၅၂၇.၀၃၄ ကျယ်ဝန်းပြီး မြို့ပေါ်ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စု ၆၂ စု၊ ကျေးရွာ ၁၈၉ ရွာ၊ အိမ်ခြေ ၂၁၄၅၅ အိမ်၊ အိမ်ထောင်စု ၂၂၈၁၉ စု၊ လူဦးရေ ၁၀၇၇၃၉ ဦး နေထိုင်လျက်ရှိပါကြောင်း၊ မင်းကင်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ မောက်ကတော်နယ်မြေရဲစခန်း၊ ကြာပင်ရဲစခန်းတို့ ဖွင့်လှစ်ထားရှိပြီး အရာရှိ ၁၄ ဦး၊ အခြားအဆင့် ၆၄ ဦး၊ စာရေးဝန်ထမ်း ၂ ဦး စုစုပေါင်း ၈၀ ဦးဖြင့် မြို့နယ်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မင်းကင်းမြို့နယ်၊ ကြွေကျေးရွာတိုက်နယ်သည် ကြွေကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ ကျောက်ပန်းကုန်းကျေးရွာ၊ ခုရုအင်းကျေးရွာ၊ ယုန်ချောင်း ကျေးရွာတို့ပါဝင်ပြီး မြို့မရဲစခန်းအပိုင်နယ်မြေအတွင်းတွင် တည်ရှိပါကြောင်း၊  အိမ်ခြေ ၅၈၇ အိမ်၊ အိမ်ထောင်စု ၆၀၉ စု၊ လူဦးရေ ကျား ၁၆၉၁ ဦး၊ မ ၂၁၂၃ ဦး စုစုပေါင်း ၃၈၁၄ ဦး နေထိုင်လျက်ရှိပြီး ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ အထက်တန်းကျောင်းခွဲတစ်ကျောင်းနှင့် တိုက်နယ်ဆေးရုံတစ်ရုံ တို့ တည်ရှိပါကြောင်း၊ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ပြီး စိုက်ပျိုးရေးကိုသာ အဓိကထားလုပ်ကိုင်ပါ ကြောင်း၊ ကြွေကျေးရွာတိုက်နယ်အတွင်း ၂၀၁၇ ခုနှစ်မှ ၂၀၁၉ အောက်တိုဘာလအထိ အမှုကြီးဖြစ်ပွားမှုမရှိဘဲ အခြားအမှု သုံးမှုသာဖြစ်ပွားခဲ့ပြီး ကြိုတင်ကာကွယ်မှုသုံးမှုကို ဖမ်ဆီးအရေးယူထားပါကြောင်း၊ လမ်းပန်းဆက်သွယ်မှုအနေဖြင့် မင်းကင်းမြို့နှင့် ကြွေကျေးရွာသည် ၂၈ မိုင်ခန့်ကွာဝေးပြီး မြေသားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ၁ နာရီ ၁၅ မိနစ်ခန့်၊ စက်လှေဖြင့် သုံးနာရီခန့် သွားရောက်နိုင်ပြီး ကျန်ကြွေကျေးရွာတိုက်နယ်အတွင်းရှိ ကျေးရွာများသို့ ကုန်းလမ်းခရီး မြေသားလမ်းဖြင့်လည်းကောင်း၊ ရေလမ်းခရီး စက်လှေဖြင့်လည်းကောင်း သွားလာနိုင်သောကြောင့် မင်းကင်းမြို့မရဲစခန်းရှိ တပ်ဖွဲ့ဝင်များမှ ရွာစင်ကြယ်လှည့်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါး သတင်းရရှိပါက ရှောင်တခင်သွားရောက်ပိတ်ဆို့ ရှာဖွေစစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်နိုင်သဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရာဥပဒေစိုးမိုးရေးလုပ်ငန်းများအား နိုင်နင်းစွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်သွယ်ရေးအနေဖြင့် MPT Telenor Mytel စသည့် ဆက်သွယ်ရေးကွန်ရက်များ အသုံးပြုနိုင်ပါကြောင်း၊

သို့ပါ၍ မင်းကင်းမြို့နယ်၊ ကြွေကျေးရွာတိုက်နယ်တွင် မှုခင်းဖြစ်ပွားမှုနည်းပါးခြင်း၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ခြင်း၊ မှုခင်းဖြစ်ပွားပါက မင်းကင်းမြို့မရဲစခန်းမှ လုံခြုံရေးစုဖွဲ့၍ အချိန်မီသွားရောက်နိုင်ခြင်း၊ ဆက်သွယ်ရေးကွန်ရက်ကောင်းမွန်၍ သတင်းများ အချိန်မီရရှိနိုင်ခြင်း၊ လှည့်ကင်းများဖြင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ရဲစခန်းဖွင့်လှစ် ပေးနိုင်ခြင်းအစီအစဉ် မရှိသေးပါကြောင်း၊ ရဲစခန်းတစ်ခုဖွင့်လှစ်မည်ဆိုပါက ဖွင့်လှစ်နိုင်ရေး နယ်မြေဒေသလိုအပ်ချက်ရှိခြင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အနီးဆုံးရဲစခန်းမှ ဆောင်ရွက်ရန် အလှမ်းကွာဝေးခြင်း၊ မှုခင်းဖြစ်ပွားမှုများပြားခြင်း စသည့် အခြေအနေပေါ်မူတည်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်မှ ထောက်ခံတင်ပြချက် လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်တင်ပြပြီး ပြည်ထောင်စုအစိုးရခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွင့်လှစ်မည်ဆိုလျှင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့် ထောက်ခံချက်ဖြင့် ပြန်လည်တင်ပြဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 ဦးမောင်မြင့်(မင်းကင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကြွေကျေးရွာအပါအဝင် မြစ်ရိုးအထက်ပိုင်းရှိ မင်းကင်းမြို့၏အထက် ချင်းတွင်းမြစ်ဘေးတွင် ၃၃ ရွာရှိသဖြင့် ထိုရွာများအားကိုယ်စားပြုပြီး ကြွေကျေးရွာတွင် ရဲစခန်းတစ်ခုဖွင့်လှစ်ပေးရန် တင်ပြခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျေးရွာတစ်ရွာတည်းတွင်ဖြစ်သည့် အမှုခင်းနည်း၍ တရားဥပဒေစိုးမိုးနိုင်သည်ဟု အယူအဆမျိုးသည် အဖြေနှင့် မဆီလျော်ပါကြောင်း၊ ကြွေကျေးရွာနှင့် မင်းကင်းသွားသည့်အခါ ရေမိုင် ၃၃ မိုင်ရှိပြီး ထိုခရီးကို အမြန်ယာဉ် ရှပ်ပြေးယာဉ်နှင့် သွားလျှင် အနည်းဆုံး သုံးနာရီလောက်ကြာပါကြောင်း၊ ဒေသခံများသွားလျှင် အင်မတန်သေးငယ်သည့် လှေလေးပေါ်မှာ စက်တပ်သဗ္ဗန်ဖြစ်သည့်အတွက် လေး၊ ငါးနာရီလောက်ကြာပါကြောင်း၊ မိုးတွင်းလေးလတွင် ရေများသည့်အတွက် အခက်အခဲရှိပါကြောင်း၊ ဆိုင်ကယ်နှင့်သွားလျှင် ၁ နာရီ ၁၅ မိနစ်ကြာပြီး ဆိုင်ကယ်လည်း တိုက်ရိုက်မပေါက်ပါကြောင်း၊ ထိုဆိုင်ကယ်လမ်းသည် မိမိဖောက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ခြောက်မိုင်လောက်သည် ကားလမ်းလေးများ ဖြစ်လာပြီး ဆိုင်ကယ်လည်း သွား၍ ရသော်လည်း အကုန်လုံး သွား၍ မရပါကြောင်း၊ သက်ဆိုင်ရာမြို့နယ်မှတစ်ဆင့် တင်ပြသည့်လမ်းကြောင်းရှိသလို လွှတ်တော်မှတစ်ဆင့် တင်ပြသည့် လမ်းကြောင်းလည်း ရှိသည့်အတွက် မိမိတင်ပြခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်မှ တင်ပြသည်ကို လုပ်မပေးနိုင်လျှင် သက်ဆိုင်ရာလမ်းကြောင်းမှ ဆက်ပြီးလုပ်မည်ဖြစ်ပါကြောင်း၊ ထိုသို့လုပ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

မိမိရှင်းပြသည့်အထဲတွင် အမှုဖြစ်ပွားမှုမှာ ကြွေကျေးရွာအုပ်စုတစ်ခုတည်းမဟုတ်ကြောင်း၊ ရဲစခန်းတစ်ခုဖွင့်လှစ်နိုင်ရေးအတွက် စောစောက ဖြေကြားသည့်အထဲတွင် ပါပြီးသားဖြစ်သည့်အတွက် သက်ဆိုင်ရာမှ အဆင့်ဆင့်ထောက်ခံတင်ပြသည့်အခါ မိမိတို့ ပြန်လည်စိစစ်ပြီး ခွင့်ပြုချက်ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ