Skip to main content

 (က)ကျောက်ဖြူခရိုင်တရားရုံး တရားမကြီးအမှုအမှတ်(၁၁/၂၀၀၅)အမှုတွင် သက်သေခံ(ဈ-၁)၌ တင်ပြ ထားသည့် ကျူးကျော်မှုကို တာဝန်ရှိပုဂ္ဂိုလ်များကိုယ်တိုင် ကွင်းဆင်းစစ်ဆေး ပေးကြပါမည်လား၊ တရားဝင်မြေပုံ အထောက်အထား နှင့် မြေပြင်ရှိ ပကတိ အနေအထားများကို တိုက်ဆိုင် စစ်ဆေးပေး ကြပါမည်လားနှင့် ကွင်းဆင်း စစ်ဆေးကြသည့်အခါ မေးခွန်းမေးမြန်းသူ မိမိအား လိုက်ပါခွင့်ပြုပါ မည်လားတို့ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

 

အခင်းဖြစ်မြေသည် ကျောက်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်တွင် ရှိပါကြောင်း၊ ဦးပိုင်အမှတ် ၁၁၇၊ ဦးပိုင်အမှတ် ၁၁၈၊ ဦးပိုင်အမှတ် ၁၁၉ ဟူ၍ မြေကွက်သုံးကွက်သည် ဖြတ်လမ်း သုံး နှင့် ဗိုလ်ချုပ်လမ်းထောင်တွင် ရှိပါကြောင်း၊ ကျူးကျော်သည် ဆိုသည့် ဦးသန်းမြင့် မြေသည် ဘယ်ဘက်၊ ကျူးကျော်ခံရသည်က ညာဘက်မှ ဦးမျိုးသိန်းမြေဖြစ်ပါကြောင်း၊

ကျောက်ဖြူခရိုင်တရားရုံး တရားမကြီးအမှုအမှတ်(၁၁/၂၀၀၅)တွင် စွဲဆိုခဲ့သည့် အမှုတွင် တရားလို ဦးမျိုးသိန်းမှ တရားပြိုင် ဦးသန်းမြင့်ကို တရားစွဲသည့်အခါ မြေပုံ အထောက်အထားများ မပါပါကြောင်း၊ မပါသည့်အတွက် ခရိုင်တရားသူကြီးမှ မြေစာရင်း တိုင်းခိုင်းကြောင်း၊ မြို့နယ် မြေစာရင်းဦးစီးမှူးအား မြေတိုင်းခိုင်းသည့်အချိန်တွ၍် ဦးပိုင်အမှတ် ၁၁၇(ဃ) မြေကွက်ထဲသို့ ကျူးကျော်ထားကြောင်း သက်သေခံ(ဈ-၁)မြေပုံကို ရေးဆွဲကြောင်း၊ ၎င်းမြေပုံအတိုင်း ဒီကရီချပေး လိုက်ပါကြောင်း၊  ချပေးလိုက်၍ မြေပြင်တွင် တွေ့ရမည်ဆိုလျှင် ညာဘက်အပေါ်ပိုင်းတွင် ကျူးကျော် ထားကြောင်း၊ သို့သော် ၁၄-၅-၂၀၁၇ ရက်နေ့ ဒီဂရီကို အတည်ပြုသည့်အခါ ညာဘက်အောက်တွင် ဖော်ပြထားသည့်အတိုင်း ဦးသန်းမြင့်၏ မြေကို ကျူးကျော်ပြီး ဦးသန်းမြင့် အိမ်ကို ဖြို။ ဦးသန်းမြင့်မှ မြေကိုလုပြီး ၎င်းကို အတည်ပြုသည့် တရားရုံး ဝန်ထမ်းများ၊ မြေစာရင်းဌာနမှ ဝန်ထမ်းများ၊ ထွေ/အုပ်မှ ဝန်ထမ်းများ၊ ရဲဝန်ထမ်းများမှ စသည်ဖြင့် ဌာနဆိုင်ရာများ ပါပြီး လုပ်ထားကြောင်း၊ ထို့ကြောင့် ယခုအမှု ပေါ်လာရခြင်း ဖြစ်ကြောင်း၊ ဦးပိုင်အမှတ် ၁၁၇(ဃ)မြေသည် ၁၁၈ မြေထက်ကို မြေပြင်တွင် ကျူးကျော်နေပါကြောင်း၊ ဦးပိုင်အမှတ် ၁၁၇ နှင့် ၁၁၈ အပြာလိုင်း ပေ ၁၃၀ ခန့် ရှိသည့် တရားဝင် စာချုပ်တွင် မျဉ်းသည် တဖြောင့်တည်း။ တရားမဝင် မြေပြင်တွင် ကျူးကျော်ထားသည်မှာ တရားရုံး အရှိန်အဝါကို သုံးထားကြောင်း၊ ထို့ကြောင့် မိမိမှ ကွင်းဆင်းကြည့်ပါ။ ကွင်းဆင်းကြည့်သည့်အချိန်တွင် မိမိကိုလည်း ခေါ်ပါ။ ထိုကဲ့သို့ မေးခွန်းမျိုး ဖြစ်ပါကြောင်း၊ ၎င်းကို မိမိတို့သည် လူ့အခွင့်အရေး ရှုထောင့်၊ တရားမျှတမှု ရှုထောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များ နှင့် ၎င်းတို့အားလုံးကို ခြုံငုံပြီး အဆုံးအဖြတ် ပေးနိုင်စေရန် မေးခွန်းကို တင်သွင်းခဲ့ခြင်း ဖြစ်ပါကြောင်း၊

 

ကျောက်ဖြူ မဲဆန္ဒနယ်မှ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် မေးမြန်းသည့် မေးခွန်းနှင့် သက်ဆိုင်သည့် အမှုသည် ကျောက်ဖြူခရိုင် တရားရုံး၊ တရားမကြီး အမှုအမှတ်(၁၁/၂၀၀၅)နှင့် ကျောက်ဖြူမြို့နယ် တရားရုံး တရား မဇာရီမှု အမှတ်(၉/၂၀၁၁)တို့ ဖြစ်ပါကြောင်း၊   အဆိုပါ တရားမကြီး အမှုအမှတ် (၁၁/၂၀၀၅)တွင် တရားလို ဦးမျိုးသိန်းအား အချင်းဖြစ်မြေကို လက်ရောက်ပေးအပ်စေရန် ချမှတ်ခဲ့သည့် ဒီကရီကို အယူခံ တရားရုံး အဆင့်ဆင့်က အတည်ပြုခဲ့ပြီး ၂၈-၅-၂၀၀၈ ရက်နေ့တွင် နောက်ဆုံးအပြီးသတ် ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ တရားပြိုင် ဦးမျိုးသိန်းက ကျောက်ဖြူမြို့နယ် တရားရုံး တရားမဇာရီ အမှတ်(၉/၂၀၁၁)မှာ အဆိုပါ အနိုင်ဒီဂရီကို အတည်ပြုရာတွင် ၁၄-၅-၂၀၁၂ ရက်နေ့တွင် အပ်ဝရမ်း အတည်ပြုပြီးဖြစ်သည့် ဇာရီအမှုကို ပိတ်သိမ်းခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ပါ၍ တရားမကြီးအမှု အမှတ်(၁၁/၂၀၁၅)တွင် လွန်ခဲ့သည့် ၁၁ နှစ်က လည်းကောင်း၊ တရားမဇာရီ အမှုအမှတ်(၉/၂၀၁၁)တွင် လွန်ခဲ့သော ၇ နှစ်ကလည်းကောင်း စီရင်ဆုံးဖြတ် အတည်ပြု ဆောင်ရွက်ပြီးသော အမှုများ ဖြစ်ပါကြောင်း၊

တရားရုံး တစ်ရုံးရုံး၏ ဆုံးဖြတ်ချက်၊ အမိန့်၊ ဒီဂရီများကို အထက်တရားရုံး အဆင့်ဆင့်က ၎င်းဆုံးဖြတ်ချက်၊ အမိန့်၊ ဒီကရီများအပေါ် တင်သွင်းသည့် အယူခံ၊ ပြင်ဆင်မှုများတွင် ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ၊ တရားမျှတ မှန်ကန်မှု ရှိ/မရှိ စိစစ်ဝေဖန် သုံးသပ်ဆုံးဖြတ်ခွင့် ရှိပါကြောင်း၊ ထိုမှတစ်ပါး ပြောင်းလဲပြင်ဆင် ဆောင်ရွက်ခွင့် မရှိပါသဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး မေးမြန်းသည့် အမှုများနှင့်ပတ်သက်ပြီး ယခင်အမြင့်ဆုံး တရားရုံး ဖြစ်သည့် တရားရုံးချုပ်က စီရင်ဆုံးဖြတ်ပြီးဖြစ်ပါ၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ကွင်းဆင်းစစ်ဆေးပိုင်ခွင့် မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ယခုမေးမြန်းသည့် မေးခွန်းနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးမှ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအကြိမ်၊ ပဉ္စမအကြိမ်၊ ဆဋ္ဌမအကြိမ်၊ သတ္တမအကြိမ်၊ နဝမအကြိမ်နှင့် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများတွင် ကြယ်ပွင့်ပြမေး ခွန်းများအဖြစ် မေးမြန်းခဲ့သဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပြည့်စုံစွာ ရှင်းလင်းဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုမေးမြန်းထားသည့် မေးခွန်း(က)သည် ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးမြန်းသည့် မေးခွန်းနှင့် သဘောထားချင်း တူညီသည့် မေးခွန်းဖြစ်ပါကြောင်း တင်ပြပါသည်။

 

ဦးဘရှိန်(ကျောက်ဖြူမဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ကျေးဇူးတင်ပါကြောင်း၊ ၎င်းသည် စာအုပ်ထဲတွင် ရှိသည်များကို ရှိသည့်အတိုင်း ပြောသွားခြင်း ဖြစ်ပါကြောင်း၊ မိမိတို့သည် ယခု မေးခွန်းနံပါတ်(၁)တွင် ပါသည့် သက်သေခံ(ဈ-၁)ကို မြေပြင်ဆင်းပြီး ကြည့်ရန်ဆိုသည့် အချက်သည် မဖြစ်နိုင်ကြောင်း၊ မိမိ လက်ခံပါကြောင်း၊။ ဒါပေမဲ့ တရားရုံးတွင် သက်သေခံ(ဈ-၁)ကို မဟုတ်သည့် အတွက် တရားသူကြီက ငြင်းမည်းနည်း၊ ၎င်း(ဈ-၁)တွင် ဦးပိုင်အမှတ် ၁၁၇(ဃ)အတွင်းသို့ ကျူးကျော်ထားသည်ဟု မြေပုံတွင် ရေးထားပါကြောင်း၊ ၎င်းအတိုင်း ဒီကရီချခြင်း မဟုတ်ဘူးဟု ပြောမည်လား။ ၎င်းကို ဆက်စပ်ပြီး မေးချင်ပါကြောင်း၊ ၎င်း (ဈ-၁)ကို ဘယ်ဘက်ရှိ ပုံကို မြေပြင်တွင် ဖြန့်ကြည့်ပါက ညာဘက်ရှိ ပုံအတိုင်း ကျူးကျော်ထားသည့် အကြောင်းကို ဖော်ပြမည် မဟုတ်ဘူးလား ဆိုသည်ကို ဆက်ပြီး မေးချင်ပါကြောင်း၊

ဦးပိုင်အမှတ် ၁၁၇ နှင့် ၁၁၈ ကြားတွင် ဦးပိုင်ကြီး တစ်ခုလုံး ၁၁၇-(ဃ)ဆိုသည့် ညာဘက်အစွန်ဆုံးရှိ မြေကွက်တွင် ယခုဒီကရီ အတည်ပြုထားသည့် ညာဘက်သို့ ပေ ၅၀ ခန့် တွင် တောင်ဘက်ကို စွန်းပြီး ချိုးထွက်နေကြောင်း၊ ၎င်းမြေပြင်တွင် တကယ်ရှိသည့် အချက်ကို အရပ်စကားဖြင့် ပြောရမည် ဆိုပါက နယ်ခြားမြစ်၏ မြောက်ဘက်ကို ကျူးကျော်ထားသည်ဟု ဒီကရီတွင် မြေပုံဆွဲပေး လိုက်ကြောင်း၊ ၎င်းတိုင်း ဒီကရီ ချပေးလိုက်ကြောင်း၊ ဒီကရီကို အတည်ပြုလိုက်သည့်အခါ ၁၁၈ ဦးပိုင်အထက်တွင် ကျူးကျော်ပြီး ဒီကရီ အတည်ပြုထားတယ်ဟု မြေပုံတွင် တင်ပြထားကြောင်း၊ ၎င်းကို တရားလွှတ်တော်ချုပ်အနေဖြင့် ငြင်းမည်လား။ ၎င်းအချက်ကို ပြန်ဖြေပေး စေချင်ပါကြောင်း၊ မြေပြင်တွင် တကယ်ဖြစ်နေသည့် ကိစ္စဖြစ်ကြောင်း၊ ထို့ကြောင့် ဆက်စပ်မေးခွန်း မေးအပ်ပါသည်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမျိုးတင့်

မိမိတို့ သက်ဆိုင်ရာ တရားရုံးသည် အမှုတွဲမှတ်တမ်းများအရ အနိုင်ဒီဂရီချ ပြီးသည့်နောက်တွင်  ဇာရီအမှုကို အတည်ပြုသည့်အချိန်တွင် သက်ဆိုင်ရာ မြေဆွဲ မြေကြီးမြေပုံများသည် တရားသူကြီးများက၊ သက်ဆိုင်ရာ မြေစာရင်း မှတ်တမ်းဌာနများက ညွှန်းကြားတဲ့အတိုင်း ၎င်းတို့ ထောက်ပြပြီး ကျူးကျော်သည်ဆိုသည့်အတိုင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ ပါကြောင်း၊ မြေစာရင်းမှ ၎င်းသည် ကျူးကျော်သည် ဟုဆိုသည့်အတွက် မိမိတို့ ဘိလစ်က အတည်ပြုကြကြောင်း၊ မိမိတို့ တရားရုံးက ကိုယ့်ဘာသာ ကိုယ်တိုင်းပြီး‌အပ်ပေးသည့် ကိစ္စမျိုး မဟုတ်ပါကြောင်း၊ လက်တွေ့တွင် မြေကြီး မြေပုံ သက်ဆိုင်ရာ မြေစာရင်းဌာနအဖွဲ့များမှ လိုက်ပြီး တိုင်းပေးပြီး အပ်ပေးသည့် ဖြစ်စဉ်များ ဖြစ်ပါကြောင်း၊

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမျိုးတင့်