Skip to main content

 

(က)-ရှမ်းပြည်နယ်တွင် လက်နက်နှင့် သက်ဆိုင်သော ဥပဒေများအား မည်သို့ ကျင့်သုံးလျက်ရှိသည်ကို ရှင်းလင်းစွာ ဖြေကြားပေးရန်နှင့် နိုင်ငံတော်တစ်ဝန်းလုံး တစ်ပြေးညီ အာဏာသက်ရောက်စေမည့် လက်နက်နှင့် သက်ဆိုင်သော ဥပဒေတစ်ရပ်ကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများမှ အသစ်ရေးဆွဲ ပြဋ္ဌာန်းသွားရန် အစီအစဉ် ရှိ/မရှိတို့နှင့်စပ်လျဉ်းသည့် မေးခွန်း

ရှမ်းပြည်နယ်အတွင်းတွင် လက်ရှိ ကျင့်သုံးလျက်ရှိသည့် လက်နက်နှင့် သက်ဆိုင်သည့် ဥပဒေ၊ စည်းမျဉ်းဥပဒေ၊ အမိန့်များနှင့်စပ်လျဉ်းပြီး ကြယ်ပွင့်ပြမေးခွန်း မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းတွင် လက်ရှိအာဏာ သက်ရောက်လျက်ရှိသည့် လက်နက်နှင့် သက်ဆိုင်သည့် ဥပဒေ၊ စည်းမျဉ်း ဥပဒေ၊ အမိန့်များသည် The Arms Act, 1878၊ The Kachin Hill-Tribes Regulation, 1895၊ The Shan State Arms Order, 1924 စသည်တို့ ဖြစ်ပါကြောင်း၊ ၎င်းဥပဒေများ အားလုံးသည် အင်္ဂလိပ်ကိုလိုနီ လက်ထက်တွင် ပြဋ္ဌာန်းကျင့်သုံးခဲ့သည့် ဥပဒေများ ဖြစ်ကြကြောင်း၊ လက်နက်များ အက်ဥပဒေသည် ၁၈၇၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင် အာဏာတည်ပြီး ရှမ်းပြည်နယ်တွင် ရှိသည့် Notified Areas များတွင် အာဏာ သက်ရောက် ပါကြောင်း၊ ကချင်တောင်တန်းဒေသ မျိုးရိုးတူစုများဆိုင်ရာ စည်မျဉ်းဥပဒေသည် လားရှိုးခရိုင်၊ မြောက်သိန္နီနယ်နှင့် မိုးမိတ်နယ် ကိုးတောင် တောင်တန်းဒေသများအတွင်းတွင် နေထိုင်သည့် တောင်တန်းဒေသ မျိုးရိုးတူစုများအပေါ်တွင် အာဏာသက်ရောက်ပါကြောင်း၊ ရှမ်းပြည်နယ် လက်နက်အမိန့်သည် ၁၉၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်အာဏာတည်ပြီး ရှမ်းပြည်နယ်အတွင်းတွင် The Arms Act အရ အာဏာသက်ရောက်သည်ဟု ကြေညာထားသည့် Notified Areas များမှတစ်ပါး အာဏာသက်ရောက်သည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ The Arms Act ပုဒ်မ ၄ တွင် ပါသည့် အမြောက်၊ လက်နက်၊ ခဲယမ်းမီးကျောက်၊ စစ်ပစ္စည်းနှင့် လိုင်စင်ဆိုသည့် စကားရပ်များတွင် လက်နက်ကို အဓိပ္ပာယ်ဖွင့်ဆိုထားပါကြောင်း၊ ၎င်းအဓိပ္ပာယ် ဖွင့်ဆိုချက်အရ ရှမ်းပြည်နယ်အတွင်းတွင် ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာအရ ကိုင်ဆောင်သွားလာနေသည့် ဓားများ၊ တူမီးသေနတ်များလည်း အကျုံးဝင်နေသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊

လက်ရှိ အာဏာသက်ရောက်လျက်ရှိသည့် ဥပဒေ၊ စည်းမျဉ်းဥပဒေ၊ အမိန့် သုံးခုသည် အင်္ဂလိပ်ကိုလိုနီ လက်ထက်ကတည်းက ပြဋ္ဌာန်းခဲ့သည့် ဥပဒေများ ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံကျင့်သုံးနေခြင်း ဖြစ်သည့်အတွက် ကိုလိုနီခေတ်က နိုင်ငံတော် ဖွဲ့စည်းပုံနှင့် ယခုနိုင်ငံတော် ဖွဲ့စည်းပုံသည် တူညီခြင်း မရှိပါကြောင်း၊ ထို့ပြင် ဥပဒေပါ ပြစ်မှုနှင့် ပြစ်ဒဏ်များသည် တစ်ပြေးညီ ပြဋ္ဌာန်းထားခြင်း မရှိသည်ကို လေ့လာ တွေ့ရှိရပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၄၇ တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကို လည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် လက်ရှိကျင့်သုံးနေသည့် လက်နက်နှင့် သက်ဆိုင်သည့် ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါသည့် အချက်များနှင့် ဆန့်ကျင်ကွဲလွဲလျက် ရှိပါကြောင်း၊ ထို့ပြင် လက်ရှိကျင့်သုံးနေသည့် လက်နက်နှင့် သက်ဆိုင်သည့် ဥပဒေများကြောင့် ရှမ်းပြည်နယ်ရှိ ပြည်သူလူထုများအား ဥပဒေအရ ခွဲခြားဆက်ဆံ ခံနေရသည့် သဘော ဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ မိဘပြည်သူများ ကိုယ်စား  ရှမ်းပြည်နယ်တွင် လက်နက်နှင့် သက်ဆိုင်သည့် ဥပဒေများကို မည်သို့ကျင့်သုံးလျက် ရှိသည်ကို ရှင်းလင်းစွာ ဖြေကြားပေးရန်နှင့် နိုင်ငံတော်တစ်ဝန်းလုံး တစ်ပြေးညီ အာဏာသက်ရောက်စေမည့် လက်နက်နှင့်သက်ဆိုင်သည့် ဥပဒေတစ်ရပ်ကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ အသစ်ရေးဆွဲ ပြဋ္ဌာန်းသွားရန် အစီအစဉ် ရှိ/မရှိဆိုတာကို သိရှိလိုကြောင်း မေးမြန်းပါသည်။


ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးလျက် ရှိသည့် လက်နက်နှင့် သက်ဆိုင်သည့် ဥပဒေများ၊ စည်းမျဉ်း ဥပဒေများနှင့် အမိန့်များသည် ၁၈၇၈ ခုနှစ်၊ လက်နက်များ အက်ဥပဒေ၊ ၁၈၉၅ ခုနှစ်၊ ကချင်တောင်တန်းဒေသ မျိုးရိုးတူစုများဆိုင်ရာ စည်းမျဉ်း ဥပဒေ၊ ၁၉၂၄ ခုနှစ်၊ ရှမ်းပြည်နယ် လက်နက်အမိန့်၊ ၁၉၄၈ ခုနှစ်၊ ချင်းပြည်နယ် လက်နက်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ၁၉၄၉ ခုနှစ်၊ လက်နက်(အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ်၊ လက်နက်(ယာယီ ပြင်ဆင်ချက်) အက်ဥပဒေတို့ ဖြစ်ပါကြောင်း၊ ၁၉၇၈ ခုနှစ်၊ လက်နက်များ အက်ဥပဒေကို ရှမ်းပြည်နယ်တွင် တောင်ကြီး၊ ကလော၊ လားရှိုး၊ သီပေါ၊ အောင်ပန်း၊ ညောင်ရွှေ၊ လွိုင်လင်၊ ကျောက်မဲ၊ ပင်လုံ၊ မိုးနဲနှင့် ကျိုင်းတုံ မြူနီစပါယ် အက်ဥပဒေပုဒ်မ ၂၄၆ အရ ကြေညာပြီး ဒေသများ (ကျိုင်းတုံမြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်း)၊ မီးရထားဌာနပိုင် နယ်မြေများနှင့် လွယ်မွေ မြို့မဒေသများတွင် ၁-၁၀-၁၈၇၈ ရက်နေ့က စတင်အာဏာ သက်ရောက်ခဲ့ပါကြောင်း၊

၁၈၉၅ ခုနှစ်၊ ကချင်တောင်တန်းဒေသ မျိုးရိုးတူစုများဆိုင်ရာ စည်းမျဉ်းဥပဒေတွင် လားရှိုးခရိုင်၊ မြောက်သိန္နီနယ်နှင့် မိုးမိတ်နယ် ကိုးတောင် တောင်တန်းဒေသအတွင်း နေထိုင်သည့် မျိုးရိုးတူစုများ ဖြစ်ကြသည် ကချင်၊ ယောရင်၊ နုံ၊ မရူး၊ လရှီး၊ အဇီး၊ ချင်း(နာဂ)၊ ရှမ်း၊ ဂေါ်ရခါးစသည့် မျိုးနွယ်စုများအပေါ် အာဏာသက်ရောက်သည်ဟု ပါရှိပါကြောင်း၊ ၁-၉-၁၉၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်လက်နက် အမိန့်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ထိုအမိန့်အရ ၁၈၇၈ ခုနှစ်တွင် လက်နက်ဥပဒေ အာဏာသက်ရောက်ပြီး ဖြစ်သည့် တောင်ကြီး၊ ကလော၊ လားရှိုး၊ သီပေါ၊ အောင်ပန်း၊ ညောင်ရွှေ၊ လွိုင်လင်၊ ကျောက်မဲ၊ ပင်လုံ၊ မိုးနဲနှင့် ကျိုင်းတုံ ၁၁ မြို့နယ်မှအပ ကျန်မြို့နယ် ၃၉ မြို့နယ်ကို အာဏာ သက်ရောက်စေခဲ့ပါကြောင်း၊ ထို့ကြောင့် တောင်ကြီး၊ ကလော၊ လားရှိုး၊ သီပေါ၊ အောင်ပန်း၊ ညောင်ရွှေ၊ လွိုင်လင်၊ ကျောက်မဲ၊ ပင်လုံ၊ မိုးနဲနှင့် ကျိုင်းတုံ ၁၁ မြို့နယ်အတွင်း ဖြစ်ပွားသည့် လက်နက်မှုများနှင့်ပတ်သက်၍ ၁၈၇၈ ခုနှစ်၊ လက်နက်ဥပဒေအရ လည်းကောင်း၊ ကျန်မြို့နယ် ၃၉ မြို့နယ်တွင် ဖြစ်ပွားသည့် လက်နက်မှုများ နှင့်ပတ်သက်၍ ရှမ်းလက်နက်ကိုင် အမိန့်ဖြင့်လည်းကောင်း အရေးယူ ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ် တစ်ဝန်းလုံး အစိုးရပိုင် သို့မဟုတ် ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသူပိုင် လက်နက်၊ ခဲယမ်းများ ခိုးယူလျှင် သို့မဟုတ် ခိုးယူရန် ကြံစည်လျှင် သို့မဟုတ် ရောင်းချလျှင် ၁၉၄၉ ခုနှစ်၊ လက်နက် အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီအက် ဥပဒေအရလည်းကောင်း၊ နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်ရန် အကြံဖြင့် သေနတ်ကြီးများ၊ ပေါက်ကွဲပစ္စည်းများနှင့် ကျည်များ လက်ဝယ်ထားရှိလျှင် ၁၉၅၁ ခုနှစ်၊ လက်နက် ယာယီပြင်ဆင်ချက် အက်ဥပဒေအရ လည်းကောင်း အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊

ထို့ကြောင့် မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးလျက်ရှိသည့် လက်နက်နှင့် သက်ဆိုင်သည့် ဥပဒေများအား လက်ရှိအခြေအနေများနှင့် ကိုက်ညီမှုရှိသော်လည်း ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် တစ်ပြေးညီ အာဏာသက်ရောက်စေရန် လက်နက်ဥပဒေအသစ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရေးဆွဲလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။