Skip to main content

 

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန် နယ်မြေရဲစခန်း ဖွင့်လှစ်ပေးရန်အတွက် မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ လှိုင်သာယာမြို့နယ်တွင် စက်မှုဇုန် ၁၂ ဇုန် တည်ရှိပြီး လူဦးရေ ၁၀ သိန်းကျော် နေထိုင်သည့် မြို့နယ်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ပြည်သူများ အလုပ်အကိုင် ရရှိရေးအတွက် ရွှေ့ပြောင်း နေထိုင်ကြသူများ၊ စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်များ၊ ပြည်ပ နိုင်ငံခြားသားများ၊ ကာယဉာဏ လုပ်သားများ စုပေါင်းနေထိုင်သည့် မြို့နယ် ဖြစ်ပါကြောင်း၊ လှိုင်သာယာမြို့နယ် နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရာဇဝတ်မှုများ၊ ဒုစရိုက်မှုများ လျော့နည်း ပပျောက်စေရန်အတွက် နယ်မြေရဲစခန်း နှစ်ခု ဖွင့်လှစ်ထားရှိပြီး အရာရှိ ၂၈ ဦး၊ အခြား အဆင့်တပ်ဖွဲ့ဝင် ၁၆၀ ဦးဖြင့် တာဝန်ထမ်းဆောင်နေကြသော်လည်း မြို့နေပြည်သူများနှင့် တပ်ဖွဲ့ဝင် အင်အားအချိုး မျှတမှု မရှိသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးလျှင် ပြည်သူ ၇၀၀၀ ကျော်နှုန်းဖြင့် တာဝန် ထမ်းဆောင်နေကြရပါကြောင်း၊

ထို့ကြောင့် ၂၀၁၉ ခုနှစ်တွင် မူးယစ်မှု ၃၄၄ မှု၊ လူသတ်မှု ၂၄ မှု၊ လောင်းကစားမှု ၁၀၁ မှု၊ လက်နက်မှု ၅၅၄ မှု ဖြစ်ပွားခဲ့ပါကြောင်း၊၂၀၁၉ ခုနှစ် တစ်နှစ်လုံးတွင် အမှုကြီး ၅၃ မှု၊ အခြားအမှု ၁၅၆၆ မှု၊ ကြိုကာမှု ၁၀၁၄၁ မှု စုစုပေါင်း ၁၁၇၆၀ မှု ဖြစ်ပွားခဲ့ပါကြောင်း၊ တစ်ချို့ ပြည်သူများသည် အမှုဖွင့်လိုသည့် ဆန္ဒမရှိသည့်အတွက် အမှုမဖွင့်ခဲ့သည့် အမှုများလည်း ရှိနေပါကြောင်း၊ တရားဥပဒေစိုးမိုးပြီး ရာဇဝတ်မှုများ၊ ဒုစရိုက်မှုများ လျော့နည်း ပပျောက်စေရန်နှင့် လှိုင်သာယာ မြို့နေပြည်သူများ လူမှုဘဝလုံခြုံပြီး အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နယ်မြေရဲစခန်း အသစ် ထပ်မံ ဖွင့်လှစ်ပေးရန် လိုအပ်နေပါကြောင်း၊

လှိုင်သာယာမြို့နယ်တွင် ရွှေလင်ဗန်း စက်မှုဇုန်နယ်မြေ ရဲစခန်း ဖွင့်လှစ်နိုင်ရန်အတွက် ရွှေလင်ဗန်း စက်မှုဇုန် ဒီပဲယင်း ဝန်ထောက် ဦးမြဲလမ်းတွင် မြေဧရိယာ ၀.၃၀၄ ဧကအား ရဲတပ်ဖွဲ့ပိုင် မြေအမည်ပေါက် ရရှိထားပြီးဖြစ်သည့် မြေနေရာတွင် ဖွဲ့စည်းပုံအရ ခွင့်ပြုထားပြီဖြစ်သည့် ကစင် နယ်မြေရဲစခန်းအား ရွှေလင်ဗန်း နယ်မြေရဲစခန်းအဖြစ် အမည်ပြောင်းလဲ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ပေးပြီး ရဲစခန်းတွင် ဝန်ထမ်းအိမ်ရာများအတွက် အထပ်မြင့် အဆောက်အဦများ တည်ဆောက်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။


                                                                  

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်းနှင့် တောင်ကြီးနယ်မြေရဲစခန်းတို့ တည်ရှိပါကြောင်း၊ လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် အရာရှိငါးဦး၊ အခြားအဆင့် ကိုးဦး၊ စာရေး နှစ်ဦး မြို့မရဲစခန်းမှာ အရာရှိ ၂၃ ဦး၊ အခြားအဆင့် ၁၀၃ ဦး တောင်ကြီး နယ်မြေရဲစခန်းမှာ အရာရှိ ၁၁ ဦး၊ အခြားအဆင့် ၄၈ ဦးတို့ရှိပြီး အရာရှိ ၃၉ ဦး၊ အခြားအဆင့် ၁၆၀ ဦး၊ စာရေးနှစ်ဦး စုစုပေါင်း ၂၀၁ ဦးဖြင့် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

လှိုင်သာယာမြို့နယ်သည် စက်မှုဇုန်များ တည်ရှိပြီး စက်ရုံ၊ အလုပ်ရုံများစွာ တည်ရှိသဖြင့် အခြေခံ လူတန်းစားများ အများဆုံး နေထိုင်သည့် မြို့နယ်ဖြစ်ပါကြောင်း၊ ဒေသအသီးသီးမှ ဝင်/ထွက် သွားလာသူများနှင့် ပြောင်းရွှေ့ အခြေချလုပ်ကိုင်သည့် အလုပ်သမားများ များပြားသည့်အတွက် မှုခင်းဖြစ်ပွားမှုများ ရှိသည့်အတွက် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နိုင်ရန် နယ်မြေရဲစခန်း တစ်ခု ဖွင့်လှစ်ရန် လိုအပ်ပါကြောင်း၊ ရွှေလင်ဗန်း စက်မှုဇုန် နယ်မြေ ရဲစခန်း ဖွင့်လှစ်မည့် မြေနေရာသည် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း ကျေးရွာအုပ်စု ဒီပဲယင်း ဝန်ထောက် ဦးမြဲလမ်းနှင့် ကန်ပတ်လမ်းအကြား မြေထဲရပ်ကွက် အမှတ် (ရလပ-၂၅)၊ မြေကွက်အမှတ် (၄၇၈/အေ)၊ မြေအမျိုးအစား (အစိုးရမြေ)ဖြစ်ပြီး မြေဧရိယာ အကျယ်အဝန်းမှာ ၀.၃၀၄ ဧကရှိပါကြောင်း၊

ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေး ကော်မတီ မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၏ ၇-၁-၂၀၁၉ ရက်နေ့တွင် မြေပိုမြေရာဇဝင် မှတ်တမ်းအရ တပ်ဖွဲ့ပိုင်အမည်ပေါက် ရရှိပြီး ဖြစ်ပါကြောင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းကျေးရွာအုပ်စု ကစင်ကျေးရွာရှိ အင်းစိန်အမှတ်(၂)နယ်မြေရဲစခန်း (ကစင်)သည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ ၁၈-၆-၁၉၈၇ ရက်စွဲပါစာဖြင့် ဖွင့်လှစ်ခွင့်ပြုပြီး ဖြစ်ရာ ဖွင့်လှစ်ရန် ကျန်ရဲစခန်းဖြစ်ပါကြောင်း၊ ၎င်းဖွင့်လှစ်ရန် ကျန်ရဲစခန်းအား ရွှေလင်ဗန်း စက်မှုဇုန် နယ်မြေရဲစခန်းအဖြစ် ခုနှိမ်ပြောင်းရွှေ့ ဖွင့်လှစ်ခွင့်ပြုပါရန် ပြည်ထဲရေးဌာန ပြည်ထောင်စုဝန်ကြီး ရုံးမှ ၂၈-၉-၂၀၁၉ ရက်စွဲပါစာဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန စီမံကိန်းနှင့် ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့သို့ တင်ပြထားရှိပြီး  သဘောတူခွင့်ပြုပါက ရ/သုံး ခန့်မှန်းခြေ ငွေစာရင်းဦးစီးဌာနသို့ ပေးပို့နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ထို့ကြောင့် လှိုင်သာယာမြို့နယ်တွင် ဖွဲ့စည်းပုံအရ ခွင့်ပြုပြီးဖြစ်သည့် နယ်မြေရဲစခန်း (ကစင်) အား ရွှေလင်ဗန်း စက်မှုဇုန် နယ်မြေရဲစခန်းအဖြစ် အမည်ပြောင်း ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ဖွင့်လှစ်ခွင့် ရရှိပါက တပ်ဖွဲ့ပိုင် အမည်ပေါက် ရရှိထားသည့် မြေဧရိယာ ၀.၃၀၄ ဧကပေါ်တွင် နယ်မြေစခန်းရုံးနှင့် ဝန်ထမ်းအိမ်ရာများ အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် လျာထား တင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဝင်းမင်း(လှိုင်သာယာမဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့ လှိုင်သာယာမြို့နယ်သည် အရှေ့၊ အနောက် နှစ်မြို့နယ်ခွဲပြီး ဖြစ်ပါကြောင်း၊ လှိုင်သာယာ မြို့နယ် လူဦးရေ အချိုးအစားနှင့် တပ်ဖွဲ့ဝင်အင်အား အချိုးအစားသည် မျှတမှု မရှိပါကြောင်း၊ ထို့ကြောင့် ဝန်ကြီး ဖြေကြားချက်ရှိ အနီးစပ်ဆုံး ဆိုသည် နေရာတွင် ၎င်း ၂၀၂၀ ပြည့်နှစ်တွင် အဆောက်အဦ တည်ဆောက်ရန် လိုပါကြောင်း၊ ထို့ကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် လျာထားပြီး ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။

 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

မိမိ ဖြေသည့် အဖြေတွင် ပါပြီး ဖြစ်ပါကြောင်း၊ မိမိတို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန စီမံကိန်းနှင့် ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့သို့ တင်ပြထားရှိပြီး သဘောတူ ခွင့်ပြုပါက မိမိတို့ ရသုံးခန့်မှန်းခြေ ငွေစာရင်း ဦးစီးဌာနသို့ ဆက်လက်ပေးပို့ရမည် ဖြစ်ပါကြောင်း၊ ၎င်းမှရပါက မိမိတို့ လျာထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တင်ပြဖြေကြားပါသည်။