Skip to main content

 

မိမိ၏ မဲဆန္ဒနယ်မြေအတွင်းရှိ ပျက်စီးယိုယွင်းလျက်ရှိသည် လယ်ယာ ချောင်းမြောင်းများအား စီမံကိန်းဖြင့် နှစ်အပိုင်းအခြား တစ်ခုအတွင်း မူလအနေအထား ပြန်လည် ရောက်ရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းပြီး တင်ပြမေးမြန်းသွားမည် ဖြစ်ပါကြောင်း၊

ကလေးမြို့နယ်သည် အားလုံးသိပြီး ဖြစ်သည့်အတိုင်း ၂၀၁၅ ခုနှစ်တွင် သဘာဝဘေးဒဏ်ကို ကြီးမားစွာ ကြုံတွေ့ခဲ့ရပါကြောင်း၊ ၎င်းဖြစ်စဉ်၏ နောက်ပိုင်း ကလေးလွင်ပြင်ဒေသ၏ သဘာဝပတ်ဝန်းကျင်သည် များစွာ ပြောင်းလဲလျက် ရှိပါကြောင်း၊ သိသားထင်ရှားသည့် လက္ခဏာများ အနေဖြင့် မိုးရေချိန် အနည်းငယ်ရွာသည်နှင့် ချောင်းရေ လျှံတက်ခြင်း၊ လယ်မြေ ရေတိုက်စား ခံရခြင်း၊ လယ်မြေများအတွင်း သဲနုန်းများ ဖုံးလွှမ်းခြင်း၊ ရပ်ကွက်ကျေးရွာများအတွင်း ရေလျှံ ဝင်ရောက်ခြင်း၊ တံတားငယ်များပျ က်စီးခြင်း၊ ကျေးရွာချင်းဆက် လမ်းများ ရေတိုက်စား ခံရခြင်း၊ လယ် ရေသွင်းရေထုတ် မြောင်းပျက်စီးခြင်းများ ဖြစ်ပါကြောင်း၊ ၎င်းပျက်စီးမှု ဖြစ်စဉ် များသည် ယခင် ၁၀ စုနှစ်များတွင် ဖြစ်ခဲ့ခြင်းများ ရှိသော်လည်း ယခုနှစ်ပိုင်းတွင် မိုးသည်းတိုင်း စိုးရိမ်နေရသည့် အခြေအနေမျိုး မဟုတ်ခဲ့ပါကြောင်း၊။ မိမိယခုလို တင်ပြခြင်းသည် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ မိမိ၏ မဲဆန္ဒနယ်မြေကို ပစ်ထားသည်ဟု ဆိုလိုခြင်း မဟုတ်ပါကြောင်း၊ အုပ်ချုပ်ရေးဘက်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ တပ်မတော်သားများနှင့် လူမှု အဖွဲ့အစည်းများကပါ တတ်စွမ်းသမျှ ကြိုးစားပြီး သက်သာရာ သက်သာကြောင်း ဝိုင်းဝန်းလုပ်ဆောင်ခဲ့ပါကြောင်း၊။ ၎င်းအတွက် အလွန်ကျေးဇူးတင်ကြောင်းကို အလေးအနက် ပြောကြားလိုပါကြောင်း၊

ဘေးဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်း၏ အကြောင်းတရားများသည် နှစ်ချက် ရှိပါကြောင်း၊ တစ်ချက်သည် လူ့ပယောဂကြောင့် ဖြစ်ရခြင်းနှင့် နောက်တစ်ချက်သည် လူသားများ ရွေးချယ်ခွင့် မရှိသည့် မြေမျက်နှာသွင်ပြင် ပထဝီ အနေအထားကြောင့်သာ ဖြစ်ပါကြောင်း၊ လူ့ပယောဂ အကြောင်းပြောရမည်ဆိုပါက ယခင်က လုပ်ခဲ့သည်များကို ပြောလိုစိတ် မရှိပါကြောင်း၊ လက်ရှိဖြစ်နေသည့် အိမ်နီးချင်း ချင်းပြည်နယ်၏ ဖွံ့ဖြိုးရေးအတွက် တူးထုတ်ထားသည့် စွန့်ထုတ်မြေစာများသည် မိမိတို့၏ လယ်ထဲ၊ ချောင်းထဲ၊ မြောင်းများထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခြင်း ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၏ တစ်နေ့တခြား ဖွံ့ဖြိုးတိုးတက်လာသည့် ရုပ်ဝတ္တုများအပေါ် မိမိ၏ ဒေသခံပြည်သူများမှ များစွာ ကျေနပ်ဝမ်းသာရပါကြောင်း၊ ယခု တင်ပြရခြင်းသည် မိမိတို့ဒေသ၏ ရွေးချယ်ခွင့် မရှိသည့် အခြေအနေကို ပေါ်လွင်စေလိုသည့် စိတ်ဖြင့် ပြောရခြင်း ဖြစ်ပါကြောင်း၊

မိမိ၏ ဒေသသည် ကျွန်း၊ မြောင်း တောင်ကြား လွင်ပြင်ဒေသ ဖြစ်ပါကြောင်း၊ မြစ်သာမြစ်ကြား ဧရိယာ အားလုံးနှင့် ချင်းပြည်နယ် (မြောက်ပိုင်း)ဒေသတစ်ခုလုံး၏ မိုးရေနှင့် နုန်းများသည် ကလေးလွင်ပြင်တွင် လာရောက်စုပုံပြီး ထွက်ပေါက်အနေဖြင့် ကျဉ်းမြောင်းသည့် မြစ်သာမြစ် ထွက်ပေါက် တစ်ခုသာ ရှိပါကြောင်း၊ မြစ်ဝကျွန်းပေါ်ဒေသတွင် အနယ်အနှစ်များကြောင့် မြေဧရိယာ ကျယ်ဝန်းလာနိုင်သည့် ဒေသ မဟုတ်ပါကြောင်း၊ သဲနုန်း ပို့ချမှုကြောင့် မြစ်ချောင်းများ၏ ကြမ်းပြင် မြင့်တက်လာပြီး ရေတိုက်စားမှုများ မျိုးစုံတက်လာသည့်အပြင် မကြာခင် ၂၀၁၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် ရာဇဂြိုလ် ဘက်စုံရေလှောင်တမံသည် သဲနုန်းများနှင့် ပြည့်မောက်လာပြီး ငွေကြေးများစွာ အကုန်အကျခံ ပြုပြင်ရမည့် အနေအထားထိ ဖြစ်နေပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခဲ့သည့် အကျိုးဆက်ကြောင့် ဝန်နှင့် အားမမျှ ဖြစ်နေခြင်းကို အလေးအနက်ထား တင်ပြလိုပါကြောင်း၊

၎င်းအခြေအနေသည် ဒေသခံပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသရှိ ဝန်ထမ်းများ၏ တင်ပြချက်ကို ဖြည့်ဆည်းပေးရုံဖြင့် မလုံလောက်ပါကြောင်း၊ နိုင်ငံတော်အတွက် ရေရှည် အကျိုးစီးပွားကို မျှော်တွေးပြီး လုံလောက်သည့် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်သည့်အတွက် ကလေးမြို့နယ်အတွင်းရှိ ပျက်စီးယိုယွင်းလျင်ရှိသော လယ်ယာ ချောင်းမြောင်းများအား မူလအနေ အထား ပြန်လည် ရောက်ရှိရေးအတွက် နှစ်အပိုင်းအခြား တစ်ခုအတွင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီး၏ မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဖြေကြားပေးမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးသည် ကလေးမြို့နယ်အတွင်း ပျက်စီးယိုယွင်း သွားသည့် လယ်ယာ ချောင်းမြောင်းများကို မူလအနေအထားအတိုင်း ပြန်လည် ရောက်ရှိစေရန် အတွက် နှစ်အပိုင်းအခြား တစ်ခုအတွင်းတွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုသည့် မေးခွန်းဖြစ်ပါကြောင်း၊ ၎င်းမေးခွန်းအပေါ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ပေါင်းစပ် ဖြေကြားမည် ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများ နည်းတူ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များ၏ သက်ရောက်မှုကြောင့် သဘာဝဘေးများ ကြုံရသည်ကို အားလုံးအသိ ဖြစ်ပါကြောင်း၊ ၎င်းအခင်းဖြစ်စဉ်များအနက် ပုံမှန်မဟုတ်သည့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ပြီး ရေကြီးရေလျှံမှုများ ရှိခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် မေးခွန်းတွင် ပါသည့် ၂၀၁၅ ခုနှစ်၊ မိုးရာသီတွင် ကြုံတွေ့ခဲ့ရသည့် ကိုမန်ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် ချင်းတောင် တန်းဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းနှင့်အတူ ချင်းတောင်တန်း၏ အခြေတွင် ရှိသည့် ကလေး လွင်ပြင်ဒေသအတွင်းတွင် ရှိသည့် မြို့ရွာများ၊ လယ်ယာမြေများ၊ ချောင်းမြောင်း များသည် မိုးရေနှင့် အတူမျောပါလာသည့် အနေအထားကြောင့် သဲနုန်းများ ဖုံးလွှမ်းမှု ဖြစ်ပေါ်ခဲ့ပါကြောင်း၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနသည် ၎င်းဖြစ်စဉ်အပေါ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်အထိ ကလေးမြို့နယ်အတွင်း ရေပေးမြောင်း၊ ရေနုတ်မြောင်း ၁၉ ခုကို အလျားမိုင် ၈၀ ကျော် ပေအားဖြင့် ၄၃၀၀၀၀ ကျော်၊ မြေကြီးကျင်းပေါင်း ၁၆၈၀၀၀ ခန့်ကို တူးဖော် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကလေးမြို့နယ်အတွင်း ရေပေးမြောင်း၊ ရေနုတ်မြောင်းနှစ်ခုကို အလျားမိုင် ၄၀ ခန့်၊ ပေအားဖြင့် ၂၁၀၀၀၀ ကျော် ဆောင်ရွက်သွားရန်အတွက် လျာထား စီမံထားရှိမှု ရှိပါကြောင်း၊ ထို့အပြင် စက်မှု လယ်ယာ ဦးစီးဌာနသည် သဲနုန်းနှင့် သစ်တုံးများ ဖုံးလွှမ်းသွားသည့် လယ်ယာမြေများ ပြန်လည် ဖော်ထုတ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သဲနုန်းနှင့် သစ်တုံးများ ဖယ်ရှားခြင်း ကိုင်းတောများ ရှင်းလင်းပြီး မြေညှိခြင်းနှင့်ကန်သင်းတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါကြောင်း၊ စုစုပေါင်း လယ်ယာမြေဧက ၄၆၀၀ ခန့် ဖော်ထုတ် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနသည် တူးဖော်ပေးလျက်ရှိသည့် ရေပေးမြောင်း၊ ရေနုတ်မြောင်းများသည် လယ်ယာမြေ စိုက်ပျိုးလျက်ရှိသည့် ဧရိယာအတွင်းရှိ ချောင်းငယ်၊ မြောင်းငယ်များ ဖြစ်ကြပါကြောင်း၊ ကလေးလွင်ပြင်ဒေသ ရေကြီးနစ်မြုပ်မှုမှ လျော့ပါး သက်သာစေရန်အတွက် အဓိကအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည့် တူးဖော်ရမည့် ချောင်းကြီး နှစ်ခု ရှိပါကြောင်း၊ ၎င်းတို့သည် ချင်းတောင်မှအစပြုပြီး စီးဆင်းလာခြင်း ဖြစ်ပါကြောင်း၊ ဒေသတွင်း ဖြတ်သန်းစီးဆင်းပြီး မြစ်သာမြစ်အတွင်း စီးဝင်သည့် ဆည်ကြီးချောင်းနှင့် ဇီးချောင်းတို့ ဖြစ်ကြပါကြောင်း၊ ၎င်းချောင်းများကို တူးဖော်ရန်နှင့်စပ်လျဉ်းပြီး ၎င်းလုပ်ငန်း အစီအမံကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ စီမံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနသည် ကလေးလွင်ပြင် ဒေသအတွင်းရှိ ရေပေးမြောင်း၊ ရေနုတ်မြောင်းများ သဲနုန်းတူးဖော်ခြင်း လုပ်ငန်းများကို ရေရှည်အကျိုး မျှော်ကိုးပြီး ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ရန်ပုံ‌ငွေ ခွဲဝေရရှိမှု အခြေအနေပေါ် မူတည်ပြီး ဦးစားပေးအလိုက် လျာထားသတ်မှတ် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသတွင်း ရေလျှံမှုများ လျော့နည်း သက်သာစေရန် ရေထုတ်ပေးနိုင်ရန် အဓိကကျသည့် ဆည်ကြီးချောင်းနှင့် ဇီးချောင်း တူးဖော်ခြင်း လုပ်ငန်းအပါအဝင် ကလေးလွင်ပြင်ဒေသ အတွင်းတွင် ရှိသည့် လယ်ယာချောင်းမြောင်းများတွင် မူလအနေအထားအတိုင်း ပြန်လည် ရောက်ရှိစေရေး အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကလေးခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဦးဆောင်ကြီးကြပ်မှုဖြင့် ပတ်သက်ဆက်နွယ်သည့် ဌာနဆိုင်ရာများ ပေါင်းပြီး ကွင်းဆင်းလေ့လာ ဆောင်ရွက်သွားမည့် အခြေအနေ ရှိပြီး ဖြစ်ပါကြောင်း၊ ကွင်းဆင်းလေ့လာသိရှိရသည့် ဆောင်ရွက်နိုင်ရမည့် လုပ်ငန်း အစီအမံများအပေါ်တွင် မူတည်ပြီး ဘဏ္ဍာရန်ပုံငွေကို အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် တောင်းခံခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။