Skip to main content

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ထဲတွင် ပါဝင်သည့် ဆားတောင်မြို့သည် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၃-၁-၂၀၁၇ ရက်နေ့ အမိန့်အမှတ် (၁၀/၂၀၁၇)အရ ဆားတောင် ကျေးရွာအုပ်စု တစ်စုနှင့် ကျေးရွာ ၁၁ ရွာကို စုစည်းပြီး ရပ်ကွက် ၁၁ ရပ်ကွက်ပါဝင်သည့် ဆားတောင်မြို့ဟု ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဆားတောင်မြို့သည် အပူပိုင်း မိုးနည်းရပ်ဝန်း ဒေသတွင် ပါဝင်ပြီး သောက်သုံးရေ ရေချို လုံးဝမထွက်သည့် ရေကန်များ တူးဖော်ပြီး မိုးရေကိုသာ သောက်သုံးရေအဖြစ် အဓိကထား အသုံးပြုရပြီး သုံးရေကို ရေငန်များကိုသာ အသုံးပြုနေရသည့် ဒေသ ဖြစ်ပါကြောင်း၊ မြို့နေလူထုအတွက် ရေအရင်းအမြစ်အနေဖြင့် ဆားတောင်မြို့၊ ရေကြည် ရပ်ကွက်အတွင်းရှိ ၁၆ ဧကခန့် အကျယ်အဝန်း ရှိသည့် ပြည်တော်သာကန်နှင့် သင်းတွဲရပ်ရှိ ၁၂ ဧကခန့် ကျယ်ဝန်းသည့် ကန်မကြီး ရေလှောင်ကန် တစ်ခုတို့မှ သောက်ရေကို ရယူသုံးစွဲလျက် ရှိပါကြောင်း၊ ဆားတောင်မြို့ရှိ ရပ်ကွက် ၁၁ ခုတွင် မြို့သူ မြို့သား၊ မိဘ ပြည်သူ ၁၅၀၀ ကျော် နေထိုင်လျက် ရှိပါကြောင်း၊ မြေအောက်ရေ တူးဖော်သုံးစွဲရန် အတွက်လည်း  ပေ ၁၅၀ မှ ပေ ၄၀၀ ခန့် အထိ တူးဖော်သော်လည်း ဆားငန်ရေများသာ ထွက်ရှိသော ရေများသာ ဖြစ်ပါကြောင်း၊ ရေချို လုံးဝ မထွက်ပါကြောင်း၊ ပူပြင်းခြောက်သွေ့သည့် နွေရာသီကို ရောက်ပါက မိုးရေလှောင်ကန်များ ခန်းခြောက်ပြီး သောက်ရေအတွက် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့သည်မှာ နှစ်စဉ်နွေရာသီ ရောက်တိုင်း ဖြစ်ပေါ်နေပါကြောင်း၊ အလှူရှင်များ လှူဒါန်းသည့် ရေနှင့် ရေသန့်ဗူးများ ဝယ်ယူ သောက်သုံးခြင်းဖြင့် ပြဿနာကို ဖြေရှင်းနေကြရပါကြောင်း၊

ဆားတောင်မြို့၏ မြောက်ဘက် သုံးမိုင်ခန့်အကွာတွင် မူးမြစ်တည်ရှိပြီး ဝက်လက် မြို့နယ်မှ စစ်ကိုင်းမြို့နယ်ကို ဖြတ်ပြီး မူးမြစ်အတွင်း စီးဆင်းလျက်ရှိသည့် သိမ်ချောင်းဆိုသည့် ချောင်းတစ်ခု တည်ရှိပါကြောင်း၊ ၎င်းသိမ်ချောင်းမှ တစ်ဖက်ပိတ် ဆည်ပိတ်ပြီး ဆားတောင်မြို့တွင်းသို့ သောက်သုံးရေ ပေးဝေမည်ဆိုလျှင် မြို့နေပြည်သူများ သောက်သုံးရေ ဖူလုံမည်ဖြစ်ပြီး မြို့၏ သဘာဝ ပတ်ဝန်းကျင်လည်း ပိုမိုစိမ်းလန်း စိုပြည်လာမည် ဖြစ်သည့်အတွက် ပြည်သူများကိုယ်စား ‌မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ သောက်သုံးရေ ရရှိရေးအတွက် မူးမြစ်အတွင်း စီးဝင်သည့် သိမ်ချောင်းမှ တစ်ဖက်ပိတ် ဆည်ပိတ်၍ သောက်သုံးရေချို လုံးဝမထွက်သည့် ဆားတောင်မြို့သို့ စက်ဖြင့် သို့မဟုတ် လျှပ်စစ်ကို အသုံးပြု၍ သောက်သုံးရေ တင်ပို့နိုင်ရေး နိုင်ငံတော်အစိုးရ၏ သက်ဆိုင်ရာ ဌာနမှ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်းနှင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်း၏ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၏ သောက်သုံးရေ ရရှိရန် မူးမြစ်အတွင်း စီးဝင်နေသည့် သိမ်ချောင်းမှ တစ်ဖက်ပိတ် ဆည်ပိတ်ပြီး ဆားတောင်မြို့ကို စက်ဖြင့် သို့မဟုတ် လျှပ်စစ်သုံး ရေတင်ပို့နိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်နှင့်စပ်လျဉ်းသည့် မေးခွန်းအပေါ် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပေါင်းစပ်ဖြေကြား ပေးမည် ဖြစ်ပါကြောင်း၊

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ ပြည်သူများ သောက်သုံးရေ ရရှိရေး လုပ်ငန်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆားတောင်မြို့ သောက်သုံးရေ ရရှိရန် မူးမြစ်အတွင်း စီးဝင်နေတဲ့သိမ်ချောင်းမှ တစ်ဖက် ပိတ်ဆည်ပိတ်ပြီး ဆားတောင်မြို့ကို သောက်သုံးရေ ပေးပို့ရေး လုပ်ငန်းအတွက် စည်ပင်သာယာရေး ရန်ပုံငွေတွင် မူလက ထည့်သွင်းလျာထားခဲ့ခြင်း မရှိကြောင်း၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီသည် ဆားတောင်မြို့ ရေပေးဝေရေး လုပ်ငန်းအတွက် မြို့၏ဝင်ငွေအပေါ်တွင် ပြန်လည်သုံးစွဲပေးနိုင်မည့် လုပ်ငန်းများကို ခွဲဝေချထား ဆောင်ရွက်သည့်အချိန်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် လေးလက်မ PVC ပိုက် ၃၁၈ လုံးအတွက် ရန်ပုံငွေကျပ် ၁၀ သန်း ခွင့်ပြုဆောင်ရွက် ခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လေးလက်မ PVC ပိုက် ဝယ်ယူရေးအတွက် ငွေကျပ်သန်း ၂၀ ထည့်သွင်းလျာထားကြောင်းတို့ကို သိရှိရပါကြောင်း၊

မူးမြစ်အတွင်း စီးဝင်နေသည့် သိမ်ချောင်းတွင် တစ်ဖက်ပိတ် ဆည်ပိတ်ပြီး ဆားတောင်မြို့ကို သောက်သုံးရေ ပေးပို့မည့် လုပ်ငန်းနှင့်ပတ်သက်ပြီး မိမိတို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိအပေါ်တွင် ဦးစွာကွင်းဆင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးရရှိသည့် အခြေအနေပေါ်တွင် မူတည်ပြီး စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တိုင်းဒေသကြီး ရန်ပုံငွေတွင် လျာထားကြီးကြပ် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် အနေအထားဖြစ်ပြီး မိမိတို့ ဝန်ကြီးဌာနသည် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။