Skip to main content

 

(ဆ)-မင်းဘူး(စကု)မြို့နယ်၊ ပန်းတောင်းကျေးရွာ ဒေသခံပြည်သူများ ဓားမဦးချ လုပ်ကိုင်ခဲ့သော မြေများ တွင် စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် ဒေသခံတောင်သူများ စိုက်ပျိုးလုပ်ကိုင်ခွင့် ရရှိရေးနှင့် အကယ်၍ ဒေသခံမဟုတ်သူများမှ အလားတူ လုပ်ကိုင်ခွင့် လျှောက်ထားမှုများ ပေါ်ပေါက်လာပါက ဒေသခံ  ပြည်သူများအား ပွင့်လင်းစွာ ချပြအသိပေးကာ သဘောတူညီမှု ရယူပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဦးဝင်းဝင်း ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ ဓားမဦးချ လုပ်ကိုင်ခဲ့သည့် မြေများတွင် ဆက်လက် စိုက်ပျိုးလုပ်ကိုင်ခွင့် ရရှိရန်အတွက် ‌မေးခွန်းမေးမြန်းသွားမည် ဖြစ်ပါကြောင်း၊  မိမိတို့ မင်းဘူး (စကု) မြို့နယ်၊ ပန်းတောင်းကျေးရွာ အနီးတွင် ရှိသည့် ဒေသခံပြည်သူများ ဓားမဦးချ လုပ်ကိုင်ခဲ့သည့် ဘိုးဘွားပိုင်မြေများပေါ်တွင် ဒေသခံမဟုတ်သည့် သူများက လုပ်ကိုင်ခွင့် လျှောက်ထားလုပ်ကိုင် နေကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများ၏ တင်ပြချက်အရ ကွင်းဆင်း ကြည့်သည့်အချိန်တွင် ၎င်းမြေနေရာများတွင် ဒေသခံများ အမှန်တကယ် လုပ်ကိုင်ခဲ့ကြောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေး၊ လယ်ယာမြေ စီမံခန့်မှုအဖွဲ့မှ ဒေသခံများကို ပွင့်လင်းမြင်သာစွာ ချပြမှု မရှိခြင်းတို့ကြောင့် ဒေသခံတောင်သူများ နစ်နာနေကြောင်းကို လေ့လာတွေ့ရှိ ခဲ့ရပါကြောင်း၊

မူလ၌ ဒေသခံတောင်သူများ လုပ်ကိုင်ခဲ့သည့် ဓားမဦးချ လုပ်ကိုင်ခဲ့သည့် ယာမြေများ ဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းတို့ကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ ဟုဆိုပြီး ဒေသခံ မဟုတ်သည့် သူများမှ လျှောက်ထားပြီး လုပ်ကိုင်နေကြခြင်း ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများနှင့်  နီးစပ်သည့် ရွာနှင့် အနီးအနားတွင် ရှိသည့် ဒေသခံများ ဓားမဦးချ လုပ်ကိုင်ခဲ့သည့် ယာမြေပေါ်တွင် ပုဂ္ဂလိက သစ်မာစိုက်ခင်းများ၊ ထိုအပြင် ကျောက်မီးသွေး ထုတ်လုပ်သည့် သူများအတွက် လူများမှ စိုက်ရမည့် သစ်တောများဟုဆိုပြီး စိုက်ထားခြင်းများကို တွေ့ရပါကြောင်း၊ မြေလွတ်၊ မြေလပ်၊ ‌မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၂၅ ပုဒ်မခွဲ(ဂ)တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ပိုင်ခွင့်ကို အသုံးပြုခွင့် ချထားသော မြေဧရိယာပေါ်တွင် ယခင်ကတည်းက လုပ်ကိုင်ခွင့် ရရှိပြီး တောင်သူလယ်သမားများ ရှိပါက ၎င်းတို့၏ သဘောတူညီချက် ရရှိမှသာ ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်ရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားပါကြောင်း၊ နည်းဥပဒေ ၄(က) တွင် ပုံစံ(၁)နှင့် လျှောက်ထားရမည်ဟု ပါရှိပါကြောင်း၊

ထို့ကြောင့် မိမိတို့သည် ၂၀၁၃ ခုနှစ်ကတည်းက ဒေသခံတောင်သူများမှ လျှောက်ထားမည်ဟု စာရင်းဇယား ပြုစုပြီး လျှောက်ထားရန် ပြင်ဆင်ခဲ့သည့် အချက်များ၊ လျှောက်ထားခဲ့သည့် အချက်များ ဖြစ်ပါကြောင်း ရှိပါကြောင်း၊ ထို့ကြောင့် မိမိတိုမှ ရသည့်အချိန်အတွင်း ၎င်းအချက်အလက်အချို့ကို တင်ပြရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ဒေသခံများ လုပ်ခဲ့သည့် အထောက် အထားများကို ခိုင်ခိုင်လုံလုံ တင်ပြနိုင်ခြင်း ဖြစ်ပါကြောင်း၊ ဒေသခံ မဟုတ်သည့်သူများ လျှောက်ထားသည့်အချိန်တွင် နည်းဥပဒေ ၁၀ အရ အမှန်တကယ် စိစစ်ခဲ့သလား၊ ၎င်းမြေလွတ်၊ မြေလပ်၊ မြေရိုင်းဟု လျှောက်ထားခဲ့သည့် မြေပေါ်တွင် မူလ လုပ်ကိုင်ခဲ့သည့် သူများ  သို့မဟုတ် ကျူးကျော်ခဲ့သည့် သူများ ရှိ/မရှိ ကို သေချာစစ်ရမည် ဟု နည်းဥပဒေတွင် ပြဋ္ဌာန်းပြီး ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ စိစစ်ပြီးပါက နည်းဥပဒေ ၉ အရ ၎င်းလုပ်ကိုင်သည့် သူများသည် ၎င်းမြေပေါ်တွင် လျှောက်ထားလာသည့် အပေါ်တွင် ကန့်ကွက်မှု ရှိ/မရှိ၊ အမှန်တကယ် လုပ်ကိုင်နေသည့် သူရှိပါက ကန့်ကွက်နိုင်သည် ဆိုသည့်အကြောင်း ကြေညာချက် ထုတ်ပြန်ရမည်ဟု နည်းဥပဒေ ၉ တွင် ပြဋ္ဌာန်းထားပါကြောင်း၊ သို့သော် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံးများတွင် စာကပ်ရုံဖြင့်  ၎င်းသည် ကြေညာခြင်း မဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် ကြေညာသည်ဆိုပါက ဒေသခံပြည်သူများ သိစေရန် ပွင့်လင်းမြင်သာစွာ ချပြရန် လိုအပ် ပါကြောင်း၊ ဒါ့ကြောင့် ၎င်းဒေသခံတောင်သူများမှ ခိုင်လုံသည့် အထောက်အထားများနှင့် လုပ်ကိုင်ခဲ့ သော်လည်း ဒေသခံမဟုတ်သည့် သူများ၏ လျှောက်ထားလာသည့် အပေါ်တွင် ဒေသခံပြည်သူများ ဓားမဦးချ လုပ်ကိုင်ခဲ့သည့် မြေ‌ပေါ်တွင် ဆက်လက်ပြီး ဒေသခံများ စိုက်ပျိုးလုပ်ကိုင်ခွင့် ရရှိရေးနှင့် အကယ်၍ ဒေသခံ မဟုတ်သည့် သူများသည် အလားတူ စိုက်ပျိုးလုပ်ကိုင်ခွင့် လျှောက်ထား လာမှုများ ပေါ်ပေါက်လာပါက ဒေသခံပြည်သူများအား ပွင့်လင်းစွာ ချပြအသိပေးပြီး သဘောတူညီမှု ရယူပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းပါသည်။


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းပါ ဓားမဦးချဆိုသည့် ကိစ္စကို ဦးစွာ ရှင်းလင်းတင်ပြမည် ဖြစ်ပါကြောင်း၊ အဓိပ္ပာယ် ညွှန်းဆိုချက်အရ ဓားမဦးချ မြေသည် မည်သူမျှ လုပ်ကိုင်ခြင်း မရှိသည့် မြေလွတ်၊ မြေရိုင်းများကို  သက်ဆိုင်ရာ မြေတိုင်းတော်ကဲများထံတွင် တိုင်ကြားပြောဆိုပြီး ခုတ်ထွင်၊  တီကျင်းပြီး ဘေးဘိုးစဉ်ဆက် ဓားမဦးချ စိုက်ပျိုးလုပ်ကိုင်သည့် မြေမျိုး ဖြစ်ပါကြောင်း၊ သားစဉ်မြေးဆက် ပိုင်ဆိုင်ခွင့် ရပါကြောင်း၊ မြန်မာဘုရင်လက်ထက်တွင် ကျင့်သုံးခဲ့သည့် မနုကျက် ဓမ္မသတ်ကျမ်း အရ မည်သူမျှ အတိတကျ မလုပ်ကိုင်သည့် မြေကို မူလ ခုတ်ထွင် အတည်တကျ လုပ်ကိုင်ခဲ့တဲ့သူသည် ၁၀ နှစ်တိုင်တိုင် အဆက်မပြတ် လုပ်ကိုင်လာမည်ဆိုပါက အခြားဘယ်သူမှ ပိုင်ဆိုင်ခွင့် မရှိ လုပ်ကိုင်သူသာ ထာဝရပိုင်ဆိုင်စေသည့် မြေ ဖြစ်ပါကြောင်း၊ ၎င်းနှင့်စပ်လျဉ်းပြီး မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့သည် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်း၊ ကျင့်သုံးလာခဲ့သည့် ဥပဒေအရ ဓားမဦးချမြေ၏ ဖြစ်တည်မှု အခြေအနေကို ဥပဒေအကိုးအကားများဖြင့် ဖြေကြားထားပါကြောင်း၊

ထို့အတူ ၁၉၆၈ ခုနှစ်တွင် ဗဟိုမြေယာကော်မတီ၏ ညွှန်ကြားချက်ဖြင့် မြေလွတ်၊ ‌မြေရိုင်းနှင့် လယ်ရိုင်းများတွင် ယခင်က လုပ်ကိုင်ခဲ့သော်လည်း ယခု မလုပ်ကိုင်ဘဲ လှပ်ထားသည့် မြေလပ်၊ လယ်ရိုင်းများနှင့် လုပ်ကိုင်ခွင့် မရှိသည့် အသစ်ပေါ်ထွက်လာသည့် မြေရိုင်းများ ပါဝင်ပါကြောင်း၊ မြေသစ် ပေါ်လာသည် ဆိုရာတွင် အစိုးရက မြေယာဖော်ထုတ်ပြီး ပေါ်လာသည့် မြေရှိပါကြောင်း၊ အလိုအလျောက် ပေါ်လာသည့် မြေ၊ ပုဂ္ဂလိကက ကြိုတင် ခွင့်ပြုချက် မရှိ ကျူးကျော်ပြီး ဖော်ထုတ်ထားသည့် မြေစသည့် မြေလွတ်၊ မြေလပ်အမျိုးမျိုး ပါဝင်သည်ကို ဖော်ပြထားရှိပါကြောင်း၊ ထို့ကြောင့် ဓားမဦးချ လုပ်ကိုင်ပိုင်ဆိုင်လာသည့် မြေ မရှိတော့ဘဲ ‌မြေလွတ်၊ မြေရိုင်းများသာ ဖြစ်သည်ဟု စိစစ် တွေ့ရှိရကြောင်း မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖြေကြားထားမှု ရှိပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းပါ ပုဂ္ဂိုလ်များ၏ နှစ်ရှည်ပင် စိုက်ပျိုးရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လျှောက်ထားမှုအပေါ်တွင် ခွင့်ပြုခြင်းနှင့်စပ်လျဉ်းပြီး မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်ကို ဆက်လက်တင်ပြမည်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊  မင်းဘူးမြို့နယ်၊  မင်းလှကျင်း ကျေးရွာအုပ်စုအတွင်းရှိ ဦးရဲမျိုးနိုင်သည် ၁၇-၁၁-၂၀၁၇ ရက်နေ့တွင် တောရိုင်းမြေဧက ၂၀ ကို လျှောက်ထား ခဲ့ပါကြောင်း၊ ပန်းတောင်းကျေးရွာအုပ်စု အတွင်းရှိ ဦးယုနိုင်လင်းက ၁၀ ဧက၊ ဦးမင်းသန်းထွန်းက ၂၅ ဧက၊ ဦးအောင်အောင်က ၂၅ ဧက၊ ဦးဆယ်မောင်က ၁၀ ဧက၊ ဦးတင့်လွင်ဦးက ၁၀ ဧက၊ ဦးကျော်ဆွေက ၁၀ ဧကနှင့် ဦးအောင်ဘုန်းလင်းက ၂၅ ဧကကို ၅-၁-၂၀၁၈ ရက်နေ့တွင် လျှောက်ထားခဲ့သည်ကို ဖြေကြားထားပါကြောင်း၊ ပန်းတောင်းကျေးရွာအုပ်စုအတွင်းရှိ ဦးပိုင်သက်ထွန်းက ၂၁-၆-၂၀၁၈ ရက်နေ့ ရက်စွဲနှင့် ၃၈ ဧကကို လျှောက်ထားခဲ့ကြောင်းကို ဖြေကြားထားပါကြောင်း၊ ၎င်းလျှောက်ထားမြေများသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဖြစ်သည့်အတွက် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနက နည်းဥပဒေ ၉(ခ)နှင့်အညီ လုပ်ငန်းစာတွဲ ဖွင့်လှစ်ပါကြောင်း၊ ကန့်ကွက်လိုသူများမှ ကန့်ကွက်နိုင်ရန် ကန့်ကွက်လွှာ ထုတ်ဆင့် ကြော်ငြာခဲ့ကြောင်းနှင့် ၎င်းကန့်ကွက်လွှာ ကြော်ငြာစာကို ပန်းတောင်းကျေးရွာအုပ်စုနှင့် မင်းလှကျင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ကပ်နှိပ်ကြော်ငြာခဲ့ရာတွင် မည်သူ တစ်ဦးတစ်ယောက်မှ ကန့်ကွက်မှု မရှိခဲ့ကြောင်းကို ဖြေကြားထားမှု တွေ့ရပါကြောင်း၊

လျှောက်ထားမှုနှင့် ပတ်သက်ပြီး မင်းလှကျင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ဦးရဲမျိုးနိုင် လျှောက်ထားမှုအပေါ်တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကန့်ကွက်မှု မရှိဟု ထောက်ခံချက် ပေးခဲ့ပါကြောင်း၊ ထို့အတူ ပန်းတောင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးသည် ဦးမင်းသန်းထွန်း၊ ဦးတင့်လွင်ဦး၊ ဦးဆယ်မောင်၊ ဦးအောင်အောင်၊ ဦးကျော်ဆွေ၊ ဦးယုနိုင်လင်းတို့တို့၏ လျှောက်ထားမှု အပေါ် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကန့်ကွက်မှုများ မရှိ ထောက်ခံချက် ပေးခဲ့ပြီး ဦးပိုင်သက်ထွန်း၏ လျှောက်ထားမှုအပေါ်တွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့၌ ထောက်ခံချက် ပေးခဲ့ကြောင်းကို ဖြေကြားထားပါကြောင်း၊ ထို့အတူ မြို့နယ် သစ်တောဦးစီးဌာနက သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ဧရိယာများနှင့် လွတ်ကင်းကြောင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဌာန၏ စိုက်ပျိုးရေး စီမံကိန်း ဧရိယာနှင့် လွတ်ကင်းကြောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက စားကျက်မြေနှင့် လွတ်ကင်းကြောင်း အသီးသီး ထောက်ခံတင်ပြမှု ရှိခဲ့သည်ဟု ဖြေကြားထားမှုများ ရှိပါကြောင်း၊

မင်းဘူးမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနက ၂၀၁၂ ခုနှစ်၊ ‌မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီး ခရိုင်ကနေတစ်ဆင့် တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနကို ပေးပို့ခဲ့သည်ကို တွေ့ရပါကြောင်း၊ ၎င်းကျေးရွာအုပ်စုအလိုက် လျှောက်ထားသူ ကိုးဦးတို့၏ မြေလွတ်၊ မြေရိုင်း အသုံးပြုခွင့် လုပ်ပိုင်ခွင့်နှင့်စပ်လျဉ်းပြီး ၅-၉-၂၀၁၈ ရက်နေ့တွင် ကျင်းပသည့် မကွေးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို တင်ပြခဲ့ပါကြောင်း၊ ၎င်းမှတစ်ဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ နှစ်ရှည်ပင်၊ ဥယျာဉ်ခြံသီးနှံ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှုအတွက် လုပ်ပိုင်ခွင့်ပြုမိန့်ပုံစံ ၁၂(က) ထုတ်ပေးခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်တွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများမှ နှစ်ရှည်ပင်များ စိုက်ပျိုးလျက်ရှိကြောင်း ဖြေကြားထားမှု ရှိပါကြောင်း၊

ထို့ကြောင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ပန်းတောင်းကျေးရွာ  အုပ်စုနှင့် မင်းလှကျင်း ကျေးရွာအုပ်စုအတွင်းရှိ ဦးရဲမျိုးနိုင်ပါ ကိုးဦးတို့မှ မြေလွတ်၊ မြေရိုင်း လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းနှင့်စပ်လျဉ်းပြီး လျှောက်ထားမြေသည် တောရိုင်း မြေဖြစ်ကြောင်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့မှ ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကန့်ကွက်လွှာ ထုတ်ဆင့် ကြေညာခဲ့ပါကြောင်း၊ ၎င်းအပေါ် ကန့်ကွက်သူ မရှိခဲ့သည့်အတွက် ခွင့်ပြုမိန့် ထုတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်းနှင့် ဒေသခံ ဟုတ်သည်ဖြစ်စေ၊ ဒေသခံ မဟုတ်သည်ဖြစ်စေ၊ မည်သည့် နိုင်ငံသားများမဆို ‌မြေအသုံးချခွင့် လျှောက်ထားနိုင်ကြောင်း ဖြေကြားပါသည်။

 

ဦးဝင်းဝင်း(မင်းဘူးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီး‌ ဖြေသွားတွင် ပါပါကြောင်း၊ လျှောက်ထားသည့်အချိန်တွင် ဒေသခံများ ပါသည်ဟု ဖြေသွားသည်ကို မိမိကြားလိုက်ပါကြောင်း၊ ဦးရဲမျိုးနိုင်၊ ဦးကျော်ဆွေ၊ ဦးတင့်လွင်ဦး၊ ဦးအောင်ဘုန်းလင်း၊ ဦးဆယ်မောင်၊ ဦးမင်းသန်းထွန်း၊ ဦးအောင်အောင်၊ ဦးယုနိုင်လင်း၊ ဦးကျော်ကျော်နှင့် ထာဝရဧရာဝတီမှ လုပ်ငန်းရှင်များသည် ဒေသခံများ မဟုတ်ပါကြောင်း၊ ပွင့်ပွင့် လင်းလင်း ပြောရရင် ၎င်းပုဂ္ဂိုလ်များသည် စိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူလယ်သမားများ မဟုတ်ပါကြောင်း၊

ထို့ကြောင့် ဓားမဦးချ လုပ်ကိုင်ခဲ့ခြင်း မဟုတ်သော်လည်း မိမိတို့ တောသူ တောင်သား လယ်လုပ်နေသည့် သူများသည် ဥပဒေကို တိတိကျကျ မည်ကဲ့သို့ လုပ်ရမည်ဆိုသည်ကို မသိပါကြောင်း၊ ထို့ကြောင့် ၂၀၁၃ ခုနှစ်ကတည်းက ပုံစံသစ်ဖြင့် လျှောက်ထား၍ ရပြီဟု ပြောသည့်အချိန်တွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ကို ၎င်းတို့လုပ်ကိုင်နေသည့် ယာမြေများ လုပ်ကိုင်ခွင့်ရရန်အတွက် ကြိုးစားပြီး တင်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့သော် အခြေအနေ အကြောင်းကြောင်းကြောင့် အဆင်မပြေခဲ့ပါကြောင်း၊ သို့သော် တောင်သူ မဟုတ်သည့် သူများမှ လျှောက်ထားလာသည့်အချိန်တွင် နည်းဥပဒေ ၁၀ အရ ၎င်းမြေပေါ်တွင် တကယ်လုပ်သည်ကို သေသေချာချာရော စစ်မှုရှိခဲ့သလား၊ မိမိတင်ပြခဲ့သည့် ထဲတွင် ပါပါကြောင်း၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေး၊ လယ်ယာမြေ စီမံခန့်မှုအဖွဲ့က ဒေသခံပြည်သူများကို ပွင့်လင်းမြင်သာစွာ ချမပြခဲ့သည်ကို မိမိကိုယ်တိုင် ကွင်းဆင်းပြီး မေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ မေးသည့်အချိန်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ရုံးတွင် စာကပ်ပါက ရသည်ဟု ဆိုသည့်အတွက် အုပ်ချုပ်ရေးမှူးရုံးများတွင် စာကပ်ထားခြင်းဟု ပြောကြောင်း၊ ပုဒ်မ ၉ တွင် ပြထားသည်က ကြေညာရမည် ဟုပါကြောင်း၊ စာကပ်ခြင်းဖြင့် ကြေညာ သည်ဟု ပြော၍ မရပါကြောင်း၊ ရုံးထဲတွင် စာကပ်ထားခြင်းဖြင့် မည်သည့် တောင်သူလယ်သမားမျှ သိမည် မဟုတ်ပါကြောင်း၊။ ကြေညာသည်ဆိုပါက အများသိစေရန် ကြေညာချက် ထုတ်ပေးရမည် ဖြစ်ပါကြောင်း၊

ထို့ကြောင့် မည်သည့် နည်းဖြင့် ကြေညာ၊ ကြေညာ ရုံးထဲတွင် စာကပ်ထားခြင်းဖြင့် မိမိတို့ တောင်သူများ မသိနိုင်ကြောင်း၊ မသိသည့်အတွက် မိမိတို့  မကန့်ကွက် ခဲ့ရကြောင်း၊ မကန့်ကွက်သည့် အတွက် မိမိတို့ ဒေသခံတောင်သူများမှ ယခုတိုင်း နစ်နာနေရမည်ဆိုပါက တောင်သူများဘက်မှ ကြည့်မည်ဆိုပါက တရားမည်လာဆိုသည်ကို ပြန်လည်စဉ်းစား ပေးစေလိုပါကြောင်း၊ ထို့အပြင် ဥပဒေသည် ပြည်သူများ၏ အကျိုးကို ကာကွယ်ရန်အတွက် ပြဋ္ဌာန်း ပေးထားခြင်းသာ ဖြစ်ပါကြောင်း၊ ဥပဒေကို မိမိတို့မှ လက်တစ်လုံးခြား လုပ်သည့်အတွက် မသင့်တော်ကြောင်းကို မိမိအနေဖြင့် ရှင်းလင်းတင်ပြလိုပါကြောင်း၊ နည်းဥပဒေတွင် ပြဋ္ဌာန်းပြီး ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီသည် နည်းဥပဒေ ၅၂ (ခ) တွင် ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ချထားပေးသည် မြေဧရိယာသည် ယခင်က လက်ရှိ စိုက်ပျိုးလုပ်ကိုင်နေသည့် ဒေသခံတောင်သူ လယ်သမားများ၏ စိုက်ပျိုးမြေများ ဖြစ်ကြောင်း ခိုင်လုံသည့် အထောက်အထားများဖြင့် တင်ပြနိုင်လျှင် လက်ရှိ စိုက်ပျိုးလုပ်ကိုင်နေသူ နစ်နာမှု မရှိစေရန် ညှိနှိုင်းဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းပါရှိပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်ကိုင်ခဲ့သည့် ဒေသခံ တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေးအတွက် ဗဟိုကော်မတီမှ ညှိနှိုင်း ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိ ‌ မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ဆက်စပ်မေးခွန်း တင်ပြချက်များသည် လျော်ညီပါကြောင်း၊ သင့်မြတ်ပါကြောင်း၊ ယခုဖြစ်ရသည့် အနေအထားကို ဗဟိုအနေဖြင့် ပြန်လည်သုံးသပ်ရမည်ဆိုပါက ဥပဒေအရ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီသည် ၎င်း၏ လုပ်ပိုင်ခွင့်အရ တစ်ကြိမ်တွင် ဧက ၃၀၀ စိစစ်ခွင့်ပြု ချထားပေးနိုင်သည့် အတွက် ၎င်း၏လုပ်ပိုင်ခွင့် ဘောင်အတွင်းတွင် ရှိပါကြောင်း၊ ယခုကိစ္စရပ်များတွင် တစ်ဖက်က အားနည်းချက်ရှိသည်ဟု မိမိတို့ ဝန်ကြီးဌာနမှ သုံးသပ်ရမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့်အတိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကန့်ကွက်လွှာ ကြေညာသည် ဆိုသည့်အချက်သည် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ စီမံခန့်ခွဲမှု အတိုင်းအတာသည် အများကြီး အရေးပါပါကြောင်း၊ ၎င်းဒေသတွင်းတွင် အဆိုပါနေရာများတွင် မည်သည့် အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်များက ဆောင်ရွက်ထားသည် ဆိုသည့်အချက်ကို အသေအချာ စိစစ်ပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ စိစစ်နိုင်သည့် အနေအထားတွင် အားနည်းချက်များ ရှိသည်ဟု ယေဘုယျ သဘောအားဖြင့် သုံးသပ်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခု ပန်းတောင်းကျေးရွာအုပ်စု ဒေသခံများ၏ ယခင်လုပ်ကိုင်ခဲ့သည့် ဧရိယာများအပေါ်တွင် အခြားပုဂ္ဂိုလ်မှ တရားဝင် လုပ်ပိုင်ခွင့် ရရှိထားသည့် အခြေအနေ၊ ၎င်းအပေါ်တွင် ဒေသခံများနှင့် ပြန်လည်ပြီး ၎င်းကိစ္စရပ်အပေါ်တွင် နစ်နာမှု မရှိစေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးမှ မြေပြင် အခြေအနေအပေါ်တွင် ဥပဒေနဲ့အညီ စိစစ်ပြီး အဆင်ပြေစွာ အဖြေရှာရမည့် ကိစ္စဖြစ်သည့်အတွက် မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ညှိနှိုင်း အကြောင်းကြားပေးမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားပါသည်။