Skip to main content

 

အဆိုပါ ကျေးရွာတို့တွင် ရှိသည့် လယ်ယာမြေများကို ၎င်းကျေးရွာတွင် မှီတင်းနေထိုင်ကြသည့် မိဘ ပြည်သူများ၊ မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် ၎င်း၏ ဘိုးဘေးခေတ်မှ ယနေ့တိုင် ၎င်းတို့ မိသားစု၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည်တို့အတွက် စိုက်ပျိုး လုပ်ကိုင်လျက် ရှိကြပါကြောင်း၊

သို့သော် ယခုခေတ် အခြေအနေ အချိန်အခါအရ မြေသိမ်း၊ ယာသိမ်းများ၊ မြေပြဿနာများ များစွာ ပေါ်ပေါက်လာသည့် အတွက်ကြောင့် ဥပဒေအရ ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်ဆိုတဲ့ ပုံစံ(၇)ကို ပြုလုပ်ပေးရန် လိုအပ်လျက်ရှိလာသည့် တောင်သူများ၊ ပြည်သူများသည် ၎င်းတို့၏ လယ်ယာမြေကို ပုံစံ(၇) ပြုလုပ်ပေးနိုင်ရန် သက်ဆိုင်ရာသို့ လျောက်ထားခဲ့ကြသော်လည်း အချို့သော အနည်းစု တောင်သူများသာ ရရှိခဲ့ကြသည်ကို တွေ့ရပြီး အချို့အများစုသည် ရရှိနိုင်ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါကျေးရွာတွင် မှီတင်း နေထိုင်ကြသည့် ပြည်သူများက ၎င်းတို့၏ လယ်ယာမြေများတွင် ပိုင်ဆိုင်ကြောင်း ပုံစံ(၇)မရှိခြင်းကြောင်း နစ်နာခဲ့ရမည့် အချိန်အခါကာလများ ကြုံတွေ့ဖူးကြပါကြောင်း၊။ ၂၀၁၂ ခုနှစ်တုန်းက ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အဆိုပါ မြေနေရာများတွင် စက်မှုဇုန်၊ ကုန်သွယ်ရေး ဇုန်နှင့် အိမ်တွင်း လက်မှု စီမံကိန်းဇုန်များ ပြုလုပ်ရန် လျာထားခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ထို့နောက် ယခု အစိုးရသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဒုတိယအကြိမ် ၎င်းစက်မှုဇုန် နေရာများကို အကောင်အထည်ဖော်မည် ဖြစ်ကြောင်းကို ဝိုင်းမော် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် အစိုးရ ဝန်ကြီးများ အစည်းအဝေး ပွဲတက်ရောက်ပြီး ပြောကြားလာသည့်အတွက် မဲဆန္ဒရှင်ပြည်သူများ၏ တင်ပြချက်အရ မိမိအနေဖြင့် ၎င်းအစည်းအဝေးတွင် ၎င်းမြေနေရာများတွင် မြေလွတ်၊ မြေရိုင်းများ မရှိကြောင်း ပထမအကြိမ်တွင်လည်း ပြည်သူများ သဘောမတူကြောင်း တင်ပြခဲ့ပါကြောင်း၊ ထိုအခါ သက်ဆိုင်ရာ အစိုးရအဖွဲ့များမှ ၎င်းမြေနေရာ၏ ပိုင်ဆိုင်ကြောင်း အထောက်အထား ပြပါရန် မေးမြန်းတင်ပြလာပါကြောင်း၊ ပိုင်ဆိုင်ကြောင်း အထောက်အထားသည် ၎င်းသက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းက ပြုလုပ်ပေးမှသာ ရရှိနိုင်သည် ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်သူတွေသည် လုပ်ယူ ထုတ်ယူ မရသည့် အရာများ ဖြစ်သည့်အကြောင်းကို မိမိ တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း။

ပြည်သူများသည် ၎င်းတို့လယ်ယာမြေအတွက် ပိုင်ဆိုင်မှုပုံစံ(၇)မရလျှင် မြေသိမ်းခံရမည့် အခြေအနေဖြစ်လာသည့်အတွက် လွှတ်တော်တွေ့ဆုံရှင်းလင်းပွဲလုပ်သည့်အခါတိုင်းတွင် အဆိုပါ ကျေးရွာမှ ပြည်သူများအနေဖြင့် လယ်ယာမြေများကို ပုံစုံ(၇) အမြန်ဆုံးလုပ်ပေးရန် တင်ပြလျက် ရှိပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် သက်ဆိုင်ရာဌာနများသို့ ပေါင်းစပ်ညှိနှိုင်းမေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနတွေအနေဖြင့် ၂၀၁၂ ခုနှစ်တွင် ယခင်အစိုးရထုတ်ထားသည့် စာတစ်စောင်ရှိပါ ကြောင်း၊ ထိုစာပယ်ဖျက်ပြီးမှသာလျှင် ၎င်းမြေနေရာများအတွက် ပုံစံ(၇)ပြုလုပ်ပေးနိုင်မည်ဟု သက်ဆိုင်ရာမှ ဖြေကြားပါကြောင်း၊ ပြည်သူများ ပုံစံ(၇)မထုတ်ပေးနိုင်သည့် စာများ ဖြစ်နေပါ သလား၊ တားဆီးထားသည်ဆိုလျှင် ရုံးသွားရန် ကြောက်သည့်၊ အဆင်မပြေသည့် ပြည်သူများတွင် ပုံစံ(၇)မရှိသည်ကို တွေ့ရှိရသည့်အတွက် တောင်သူများအားလုံး တစ်ပြေးညီရရှိနိုင်ရန် မေးမြန်းပါသည်။


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

ဝိုင်းမော်မြို့နယ်၊ မိုင်းနား၊ နောင်တာလော၊ မဒိန်ကျေးရွာအုပ်စုများနှင့် ရပ်ကွက်(၁)နှင့် ရပ်ကွက်(၂)နှင့် ကျေးရွာအုပ်စုငါးအုပ်စုတို့တွင် ယနေ့ထိ တောင်သူပေါင်း ၂၂၁၅ ဦး၊ ဦးပိုင်ပေါင်း ၂၄၁၅၊ ဧရိယာပေါင်း ၉၃၀၈ ဧကကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များ ထုတ်ပေးပြီးဖြစ်ပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ထုတ်ပေးရန် ကျန်ရှိနေသည့် ဧရိယာ ၄၉၀၄ ဧက ရှိကြောင်း၊ ထို့အနက် ၄၈၆၀ ဧကကို စက်မှုဇုံ၊ အိမ်တွင်းမှုဇုံမြေနေရာအဖြစ် အသုံးပြုဆောင်ရွက်ရန် ၂၀၁၃ ခုနှစ်မှစပြီး စီမံကိန်းနယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါဧရိယာ ၄၈၆၀ ဧက အတွင်းရှိ တောင်သူများ၏ လယ်ယာမြေပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ ယခင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၃ ခုနှစ်တွင် အမှန်တကယ်လိုအပ်နေသူများကို လယ်ယာမြေမှတ်ပုံတင်ပေးရန် မှတ်ချက်ပြုညွှန်ကြား ထားချက်ရှိ သည့်အလျောက် တောင်သူပေါင်း ၂၂၉ ဦး၊ ဦးပိုင်အမှတ် ၂၃၅ ဧရိယာဧက ၁၀၀၀ ကို လယ်ယာ မြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇) ထုတ်ပေးထားပြီးဖြစ်ကြောင်း။

စီမံကိန်းနယ်မြေအဖြစ် သတ်မှတ်ထားရှိသည့် ကျန်လယ်ယာမြေများတွင် စီမံကိန်းနယ်မြေ အဖြစ် ဆက်လက်တည်ရှိနေသည့်အတွက် ပုံစံ(၇)ထုတ်ပေးရန်မသင့်ကြောင်း၊ စိစစ်ချက်အရ ကျန်ရှိနေသော အဆိုပါရပ်ကွက်ကျေးရွာအုပ်စုငါးအုပ်စုတွင်ရှိသည့် စီမံကိန်းနယ်မြေအတွင်း ပါဝင်မှု မရှိသော ပုံစံ(၇)ထုတ်ပေးရန် ဧက ၄၀ ခန့် ကျန်ပါကြောင်း၊ သက်ဆိုင်ရာတောင်သူများ ခရီးလွန်နေခြင်းနှင့် နယ်မြေဒေသအခြေအနေများကြောင့် လျှောက်ထားမှုကျန်ရှိနေခြင်း ဖြစ်ပါ ကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရပ်ကွက်ကျေးအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးလဂန်ဇယ်ဂျုံး(ဝိုင်းမော်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဖြေကြားချက်တွင်ပါသည့် အချို့သောအချက်များသည် မြေပြင်နှင့် ကွဲလွဲနေပါကြောင်း၊ ဖြေကြားချက်တွင် စီမံကိန်းဧရိယာဖော်ဆောင်မည်ဟု ပြောသည့်ဧရိယာမှာ ၄၀၀၀ ကျော်ဖြစ်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့တွင် ၆၀၀၀ ကျော်ပြောပါကြောင်း၊ တောင်သူများ တင်ပြသည့် မြေနေရာများသည် အဆိုပါအဝန်းဝိုင်း၊ ဧရိယာထဲတွင် ကျရောက်နေပါကြောင်း၊ ၎င်းဧရိယာတွင် ကျရောက်နေသည့် တောင်သူများကို ပြီးပြီးသားဆိုသည့် စာရင်းဇယားများသည် လက်တွေ့နှင့် မှားနေပါကြောင်း၊ ကျန်သည့်နေရာများကို မည်သည့်အချိန်ကာလများတွင် လုပ်ဆောင်ပေး နိုင်မည်နည်း၊  တောင်သူတွေများမှ လုပ်ဆောင်ပေးရန်အတွက် အရင်ကတည်းက လည်းတင်ပြခဲ့ပြီး ယခုလည်း တင်ပြထားပြီးဖြစ်ပါကြောင်း၊ ၎င်းတင်ပြချက်များကို သက်ဆိုင်ရာဘက် မှ လုပ်ဆောင် ပေးနိုင်ခြင်းမရှိသည့်အတွက်ကြောင့် အချိန်ကာလလေးသတ်မှတ်ပြီးမှ မည်သည့်အချိန်တွင် လုပ်ပေး နိုင်မည်ကို သိရှိလိုကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဦးလှကျော် ဒုတိယဝန်ကြီး

လွှတ်တော်ကိုယ်စားလှယ်ကြီး ဆက်စပ်မေးမြန်းသည့် အကြောင်းအချင်းအရာ အချက်အလက်သည် အဓိကအားဖြင့် ပြည်နယ်တွင်စီမံကိန်းနယ်မြေ သတ်မှတ်လျာထားသည့် အချက်ကြောင့်ဖြစ် နေသည်ကို သုံးသပ်တွေ့ရပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် လျာထား သည့်နှစ်က ကျန်သည့် ဧက ၃၈၆၀ နှင့်စပ်လျဉ်းပြီး ပြည်နယ်အစိုးရအဖွဲ့က လုပ်ထုံး လုပ်နည်းနှင့်အညီ ပြဋ္ဌာန်းထားသည့် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ ‌ဆောင်ရွက် သွားရမည့်အနေအထားမျိုးရှိနေပြီလည်း ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဗဟိုလယ်ယာ စီမံခန့်ခွဲမှုအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြချက်အရ ၂၅.၉.၂၀၁၉ ရက်နေ့ ရက်စွဲနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များကို ညွှန်ကြား မှုရှိပါကြောင်း၊ စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်ရမည့်လုပ်ငန်းစီမံကိန်းအတွက် အနည်းဆုံး လိုအပ်မည့် ဧရိယာကို စိစစ်တွက်ချက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထောင်စုအစိုးရ အဖွဲ့ကို တင်ပြဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရမည်ဆိုပါက စီမံကိန်း တွင်ပါဝင်သည့် လယ်မြေများအတွက် သက်ဆိုင်သူအားလုံးအတွက် နစ်နာကြေး၊ လျော်ကြေး ပေးနိုင်ရေးကို ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လယ်ယာမြေနည်းဥပဒေများပုဒ်မ ၆၇ တွင် ပြဋ္ဌာန်းချက် နှင့်စိစစ်ပြီး လယ်ယာမြေလျော်ကြေးပေးရန် မိမိတို့၏ ဗဟိုလယ်ယာစီမံခန့်ခွဲရေး အဖွဲ့ကို တင်ပြရမည်ဖြစ်ပါကြောင်း၊

ဗဟိုလယ်ယာစီမံခန့်ခွဲရေးအဖွဲ့သည် မူလလယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏ ဆောင်ရွက် ထားသည့်ကိစ္စများတွင် နစ်နာကြေး၊ လျော်ကြေးပေးရန်အတွက်ကို ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ညှိနှိုင်းဆောင်ရွက်ပြီး လျော်ကြေးပေးပြီးသည့်အချိန်တွင် လယ်ယာမြေ လက်မှတ်ပုံစံ(၇)ကို ပြန်ဖျက်ရမည့်သဘောရှိပါကြောင်း၊ ထိုသို့ လျော်ကြေးပေးပြီး သည့်အထောက်အထားနှင့်အတူ ပုံစံ(၇) ပြန်ဖျက်ပြီးသည့်အခါမှသာလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များကို လယ်ယာ မြေများကို အခြားနည်းအသုံးချနိုင် ရန်အတွက် ဗဟိုလယ်/စီ မိမိတို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့မှ ခွင့်ပြုထားသည့် လုပ်ငန်းအစီအမံ Process ရှိပါကြောင်း၊ စီမံကိန်းဧရိယာအဖြစ် သတ်မှတ်ထားသည့် ၄၈၆၀ ထဲမှ ၁၀၀၀ ကို ပုံစံ(၇)ပေးခဲ့ပြီး ကျန်သည့် ၃၈၆၀ ၏အနေအထားပေါ်တွင် ပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ စိစစ်ပြီး ဆောင်ရွက်သွားရမည့် ကိစ္စဖြစ်သည့်အတွက် ပုံစံ(၇)ပေးနိုင်ရန်အတွက်  မည်သည့်အချိန်တွင် ပေးနိုင်ခြင်းရှိ/မရှိ သည် ပြည်နယ်အစိုးရ အဖွဲ့တွင်ရှိသည့် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြဆောင်ရွက်ပြီးမှသာလျှင် တိကျသည့်အဖြေရရှိနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။