Skip to main content

လယ်ယာစိုက်ပျိုးရေးမှထွက်ရှိလာသော သီးနှံများဈေးနှုန်းတည်ငြိမ်မှုရှိရန်အတွက် သီးနှံထွက်ရှိချိန် တွင် ဝယ်ယူသိုလှောင်ထားရန် လိုအပ်သော ငွေကြေးအရင်းအနီး၊ နည်းပညာ၊ သိုလှောင်ရုံ တည်ဆောက်မှုတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ မိမိတို့နိုင်ငံအတွက် အကျိုးရှိစေမည့် မူဝါဒများ ချမှတ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု၊ ပြည်ပချေးငွေများကိုဖိတ်ခေါ်ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

မေးခွန်းမေးမြန်းရသည့် အကြောင်းအရင်းကို တင်ပြလိုပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်သော်လည်း လယ်ယာလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုနေရသည့် တောင်သူများ သည် ရာသီဥတုကဖျက်၊ ပိုးကဖျက်၊ ဈေးကွက်ကပျက်နှင့် သီးနှံများစုပြုံထွက်ရှိလာသည့်အချိန်တွင် ဈေးနှုန်းမတည်ငြိမ်မှုများကြောင့် ထွက်ရှိလာသော သီးနှံ၏တန်ဖိုးများသည် မိမိတို့ကုန်ကျသော စိုက်ပျိုးစရိတ်ထက်လျော့နည်းပြီး အရှုံးများပေါ်ကာ မိမိတို့၏လယ်ယာလုပ်ငန်းများကို စွန့်ခွာပြီး ပြည်ပကိုသွားရောက်ပြီး အလုပ်လုပ်ကိုင်ကြသူများ များစွာရှိနေကြပါကြောင်း၊ ယခုလို ကိုရိုနာ ဗိုင်းရပ်စ်ကာလတွင် ပြည်ပကိုအလုပ်သွားရောက်လုပ်ကိုင်ကြသူများထဲမှ ပြန်လာကြသူများစွာရှိ ကြပြီး အများစုသည် ကျေးလက်နေတောင်သူများဖြစ်သည့်အတွက် ပြည်တော်ပြန်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးရန် လိုအပ်နေသကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ကာလတွင် ကမ္ဘာ့နိုင်ငံအတော်များများကလည်း စိုက်ပျိုးရေးထွက်ကုန်အတော်များများကို လိုအပ်ပြီး ဝယ်ယူကြ ရသည့်အတွက် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သော စိုက်ပျိုးရေးနိုင်ငံများသည် အသာစီးရနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးမှုအတွက် အလားအလာကောင်းနေကြသည့်အခြေအနေမျိုးတွင် မြန်မာနိုင်ငံ အနေဖြင့် စိုက်ပျိုးရေးကိုဖိလုပ်လိုက်မည်ဆိုပါက တိုင်းပြည်၏စီးပွားရေး တိုးတက်မှုအနေအထား သည်လည်း အတော်လေးကောင်းမွန်သွားမည် ဖြစ်ပါကြောင်း၊

နိုင်ငံ၏ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို ကုစားပေးရန်အတွက် ပြည်ပချေးငွေများဖြင့် အကျိုးရှိစွာအသုံးပြုနေချိန်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင်လည်း လိုအပ်သောဖွံ့ဖြိုး တိုးတက်မှုများကို ပြည်ပချေးငွေများဖြင့် ထိရောက်ကျယ်ပြန့်စွာ အသုံးချနိုင်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ထွက်ကုန်တန်ဖိုးသည် စိုက်ပျိုးစရိတ်ထက်သာနေမှသာ တောင်သူ များသည် အကျိုးစီးပွားဖြစ်ထွန်းမှုများရှိပြီး တိုင်းပြည်စီးပွားရေးတိုးတက်မှုကို အထောက်အကူပြု စေမည်ဖြစ်သည့်အတွက် သီးနှံများစုပြုံထွက်ရှိလာချိန်တွင် ဈေးနှုန်းကျဆင်းပြီး ဈေးနှုန်းမတည်ငြိမ် ဖြစ်မှုကို ကာကွယ်ရန်တောင်သူများအတွက် တွက်ခြေကိုက်သောအခြေခံဈေးနှုန်းများ သတ်မှတ်ပြီး ဝယ်ယူကာ ကြာရှည်ခံသိုလှောင်ထားနိုင်မည့် နည်းပညာများ၊ သိုလှောင်ရုံများ၊ တန်ဖိုးမြင့် ထုတ်လုပ်မည့် စက်ရုံကြီးများဖြစ်သော ခေတ်မီဆန်စက်၊ ဆီစက်၊ ပဲခွဲစက်၊ အခြောက်ခံစက်များ၊ သစ်သီးဝလံများအတွက် အအေးခန်းများ၊ သန့်စင်ဆီသွပ်ဘူးနှင့် ထုပ်ပိုးသည့်စက်ရုံများကို နိုင်ငံတကာမှ အတိုးနှုန်းသက်သာသည့်ချေးငွေရယူပြီး ပုဂ္ဂလိကအစိုးရပူးပေါင်းလုပ်ဆောင်ရန် အရေးတကြီးလိုအပ်နေပြီဖြစ်ပါကြောင်း၊ ထို့အပြင် တောင်သူများ ချေးနေကြသော နှစ်ဆင့်ချချေးငွေ ဆိုသည်ကလည်း တစ်နှစ်လျှင် တစ်ဧကကို တစ်သိန်းခွဲနှုန်းရခြင်းဖြစ်သည့်အတွက်ကြောင့် တောင်သူများအတွက် နှစ်ဆင့်ချချေးငွေများကိုလည်း ပြည်ပချေးငွေများနှင့် ဆောင်ရွက်ပေးရန် အတွက် လိုအပ်နေပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အပါအဝင် ပြည်တွင်းရှိဘဏ်များက လုံလုံလောက်လောက်မချေးပေးနိုင်ပါက နိုင်ငံတကာက အတိုးနှုန်းသက်သာသော ကာလရှည် ချေးငွေများကို လယ်ယာကဏ္ဍအတွက် အထူးဦးစားပေးရယူပေးရန် ညှိနှိုင်းစိစစ်ပြီဟု လိုအပ် နေပြီဖြစ်ပါကြောင်း၊

သို့မှသာ လယ်ယာထွက်သီးနှံကုန်စည်များအား အိမ်နီးချင်းနိုင်ငံဈေးကွက်ကိုသာ မှီခိုနေရပြီး ယင်းနိုင်ငံများ၏ ပေါ်လစီအပြောင်းအလဲက မြန်မာ့ပို့ကုန်များအပေါ် ထိခိုက်နိုင်မည့်အရေးကိုလည်း ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် ကုန်ကြမ်းများကို ကမ္ဘာ့ဈေးကွက်ဝင်တန်ဖိုးမြင့်ကုန်ပစ္စည်းများ Value Added ဖြစ်အောင် ပြည်တွင်းမှာတင်အရည်အသွေးပြည့်မီအောင် ထုတ်လုပ်နိုင်ပြီး နိုင်ငံတကာသို့ ဈေးကွက်ချဲ့ထွင် နိုင်၍ ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း မိမိ၏အဆိုတွင်လည်း အတည်ပြုထားပြီး ဖြစ်သည့်အတွက် ကိုရိုနာဗိုင်းရပ်စ်ကာလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလာရန် ခက်ခဲလာသည့် အချိန်ကာလတွင် ကိုယ့်ပြည်တွင်းက တိုင်းရင်းသားပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့် လယ်ယာကဏ္ဍ တိုးတက်ရေးကို လုပ်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာတိုင်းရင်းသားပုဂ္ဂလိကလုပ်ငန်းရှင် များ အသေးစား၊ အလတ်စား Agriculture MSME များအတွက် အစိုးရပုဂ္ဂလိကပူးပေါင်းဆောင်ရွက် သည့် Public Private Partnership Project များကို ဦးစားပေးအကောင်အထည်ဖော်ပေးရန် အတွက် လိုအပ်သည့်ငွေကြေးကို နိုင်ငံတကာကသက်သာသော အတိုးနှုန်းများဖြင့် ချေးယူပြီး သက်ဆိုင်ရာဝန်ကြီးဌာနမှ မိမိနိုင်ငံအတွက် အကျိုးရှိစေမည့်မူဝါဒများချမှတ်ကာ ပြည်ပချေးငွေများ စာချုပ်ချုပ်ဆိုပြီး ချေးယူနိုင်ရေးအတွက် တောင်သူလယ်သမားအကျိုးစီးပွားရှေးရှုပြီး လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းမှထွက်ရှိလာသော သီးနှံများဈေးနှုန်းတည်ငြိမ်မှုရရှိရန် သီးနှံများစုပြုံထွက်ရှိ လာသည့်ရာသီချိန်တွင် သိုလှောင်ထားရန် လိုအပ်သော ငွေကြေးအရင်းအနှီး၊ နည်းပညာများနှင့် သိုလှောင်ရုံများ တည်ဆောက်ရန်အတွက်  သက်ဆိုင်ရာဝန်ကြီးဌာနများမှ နိုင်ငံအတွက် သင့်တော် သည့်မူဝါဒများချမှတ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု၊ ပြည်ပချေးငွေများ ဖိတ်ခေါ်ပေးရန် အစီအစဉ်ရှိ/ မရှိသိလိုပါကြောင်း မေးမြန်းပါသည်။


 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ဒေါ်ချိုချို၏အကြံပြုချက်များသည် COVID ကာလနှင့် ကိုက်ညီဆီလျော်မှုရှိသည့်အတွက်ကြောင့် ယခုမေးခွန်းကို ကြိုဆိုကြောင်းလည်း မိမိအနေဖြင့် ဦးစွာပထမ ပြောကြားလိုပါကြောင်း၊  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ပီပြင်အောင် ဖွံ့ဖြိုးစေပြီး ကုန်သွယ်မှုနှင့် ပို့ကုန်မြင့်မားစေခြင်းဖြင့် နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းကုန်သွယ်မှုတိုးတက်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကိုဖြစ်တည်စေမည့် ထုတ်လုပ်မှု ကွင်းဆက်များပေါ်ပေါက်လာရေး၊ စားသုံးသူများ အကျိုးစီးပွားကိုကာကွယ်ရေးနှင့် ကုန်သွယ်မှု ချောမွေ့လွယ်ကူစေရေးကို ဆောင်ရွက်လျက်ရှိသည့်အပြင် ပို့ကုန်တိုးတက်စေရန်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာကိုလည်း ချမှတ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ အမျိုးသား ပို့ကုန်မဟာဗျူဟာ ၂၀၁၅-၂၀၁၉ ကို ချမှတ်အကောင်အထည်ဖော်ခဲ့ပြီး ဆက်လက်၍ အမျိုးသား ပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ကိုချမှတ်ထားရှိပြီး ဦးစားပေးကဏ္ဍငါးမျိုး၊ ဝန်ဆောင်မှုတစ်မျိုး၊ ဖွံ့ဖြိုးရန်အလားအလာရှိသော ကဏ္ဍတစ်မျိုး၊ ဦးစားပေးကဏ္ဍများကို အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလေးမျိုးတို့ကို ရွေးချယ်ထားပြီး ပို့ကုန်မြှင့်တင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

မေးမြန်းချက်တွင်ပါသော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများမှ သီးနှံများစုပြုံထွက်ရှိလာချိန်တွင် ဈေးနှုန်းကျဆင်းပြီး ဈေးနှုန်းမတည်ငြိမ်ဖြစ်မှုကို ကာကွယ်ရန် တောင်သူများအတွက် တွက်ခြေ ကိုက်သော အခြေခံဈေးနှုန်းများသတ်မှတ်ပြီးဝယ်ယူရန် မေးမြန်းချက်နှင့်ပတ်သက်၍ တောင်သူ လယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ လယ်ယာ ထုတ်ကုန်များရောင်းချရာတွင် သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်းရရှိစေရေးအတွက် နိုင်ငံတော်ဒုတိယသမ္မတ()ခေါင်းဆောင်သော တောင်သူလယ်သမား အခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်ရေးအဖွဲ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ခေါင်းဆောင်သော လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်ထားပါကြောင်း၊ ၎င်းအဖွဲ့သည် တောင်သူလယ်သမားများအတွက် တွက်ခြေကိုက်သည့် အခြေခံဈေးနှုန်းများ သတ်မှတ်ဝယ်ယူပေးနိုင်ရေးကို ဈေးကွက်နည်းလမ်းများ ကျင့်သုံးဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယင်းအဖွဲ့၏အောက်တွင် ဆန်စပါး၊ ဈေးကွက်နှင့်ဈေးနှုန်းဆိုင်ရာ သုံးသပ် အကြံပြုတင်ပြရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းထားရှိပြီး ယင်းလုပ်ငန်းကော်မတီ တင်ပြချက်နှင့် အညီ ၂၀၁၉ ခုနှစ် မိုးနှင့် ၂၀၂၀ ခုနှစ် နွေစပါးသီးနှံတို့အတွက် အခြေခံရည်ညွှန်းဈေးနှုန်းကို ၄၆ ပေါင် ကိုက်တင်း ၁၀၀ လျှင် ကျပ်ငွေ ငါးသိန်းအဖြစ် ဦးဆောင်အဖွဲ့က သတ်မှတ်ပေးခဲ့ပါကြောင်း၊ ဦးဆောင်အဖွဲ့အနေဖြင့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ ကျပ်ဘီလီယံ ၁၅ ဘီလီယံ ကို ခွင့်ပြုပေးခဲ့ပြီး အခြေခံရည်ညွှန်း ဈေးနှုန်းထက် ကျဆင်းနိုင်သော ပြည်နယ်/တိုင်းဒေသကြီးများတွင် အခြေခံရည်ညွှန်းဈေးဖြင့် ဝယ်ယူစေခဲ့ရာ အခြေခံရည်ညွှန်းစပါးဈေးအောက်ကျဆင်းခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ယင်းလှည့်ပတ်ရန်ပုံငွေမှ  ကျပ် . ဘီလီယံကို အသုံးပြုကာ စပါးတင်းပေါင်း ၁၂.၉၅ သိန်းကို ဝယ်ယူပေးနိုင်ခဲ့ပါကြောင်း၊ နွေစပါးထွက်ပေါ်လာ ချိန်တွင်လည်း ဆက်လက်ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည့်အတွက် လက်ရှိစပါး ဈေးနှုန်းများသည် အခြေခံရည်ညွှန်းဈေးအောက် ကျဆင်းခြင်းမရှိတော့သည်ကို တွေ့ရှိရပါကြောင်း၊  

လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းချက်တွင်ပါရှိသော လယ်ယာစိုက်ပျိုးရေးလုပ်ငန်း များမှထွက်ရှိလာသောသီးနှံများအား ကြာရှည်ခံသိုလှောင်ထားနိုင်မည့် နည်းပညာများ သိုလှောင်ရုံများ တည်ဆောက်ရေးတို့အတွက်  ပြည်ပချေးငွေများဖြင့် လုပ်ဆောင်နိုင်ရေးနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်နေပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍ အာဟာရပြည့်ဝစေပြီး တောင်သူများနှင့် ကျေးလက်နေ ပြည်သူများ လူနေမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်မှန်းချက်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ အဆိုပါ ရည်မှန်းချက်များအတိုင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်ရန်ပုံငွေအပြင် ပြည်ပ အထောက်အပံ့ချေးငွေရင်းနှီးမြှုပ်နှံမှုအစီအစဉ်များဖြင့် စီမံကိန်းများနှင့် လုပ်ငန်းများကိုရေးဆွဲ၍ စနစ်တကျလယ်ယာမြေများဖော်ထုတ်ခြင်း၊ ဆည်ရေသောက်စနစ်ပြုပြင်မွမ်းမံခြင်း၊ ငွေကြေး၊ နည်းပညာ၊ စက်ကိရိယာများထောက်ပံ့ပေးခြင်း၊ စံပြကျေးရွာများ အသိပညာပေးဌာနများ ထူထောင် ခြင်း၊ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်ရန်ဆောင်ရွက်ပေး ခြင်း၊ အသေးစားချေးငွေဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ မျိုးစေ့ခြံများ၊ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်းနှင့် ထူထောင်ခြင်း၊ သတင်းအချက်အလက်နှင့်ကွန်ရက်များ တိုးတက် ဆောင်ရွက်ခြင်း၊ အာဟာရမြှင့်တင်ရေးလုပ်ငန်းများနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပအထောက်အပံ့စီမံကိန်းများဖြင့်လည်း စိုက်ပျိုးရေးဆိုင်ရာ လက်ကားဈေးကွက်ထူထောင်ခြင်း၊ ငါးနှစ်စီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုအေဂျင်စီ၏အထောက်အပံ့ဖြင့် အကောင်အထည်ဖော်လျက်ရှိပြီး နေပြည်တော်တွင် ရှေ့ပြေးလက်ကား ဈေးကွက်ထူထောင်ခြင်းနှင့် ဟဲဟိုးမြို့တွင် ထုတ်ကုန်စုဆောင်းသိုလှောင်နိုင်မည့် အဆောက်အဦတည်ဆောက်ခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေး ငွေတိုးတက်စေရေး ရှစ်နှစ်စီမံကိန်းကို ဂျပန်နိုင်ငံအစိုးရချေးငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်လျက်ရှိပြီး  အရည်အသွေးပြည့်ဝသော မျိုးစေ့ များဖြန့်ဖြူးနိုင်ရန် မျိုးစေ့ပို့ဌာနနှင့်  မျိုးစေ့သိုလှောင်ရုံအဆောက်အဦများတည်ဆောက်ခြင်းနှင့် ကျေးလက်လမ်းများ အကောင်အထည်ဖော်ခြင်းစသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့အပြင် ရာသီဥတုနှင့်လိုက်လျော်ညီထွေဖြစ်စေမည့် စိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းဆိုင်ရာ တန်ဖိုး ကွင်းဆက် ခုနစ်စီမံကိန်းကို မန္တလေးတိုင်းဒေသကြီးတွင် အာရှဖွံ့ဖြိုးရေးဘဏ်ချေးငွေဖြင့် အကောင် အထည်ဖော်လျက်ရှိပြီး ဒေသထွက်သီးနှံများ၊ မျိုးစေ့ခြံများအဆင့်မြှင့်တင်ခြင်း၊ ပိုးသတ် ဆေးစမ်းသပ်ခြင်း၊ စားသောက်ကုန်ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကုန်ပစ္စည်းနှင့် အရည်အသွေး စီမံခန့်ခွဲနိုင်ရေးတို့အတွက် ဓာတ်ခွဲခန်းများထူထောင်ခြင်း သည့်လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ပါ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သီးနှံထွက်ရှိ လာချိန်တွင် ဒေသထွက်သီးနှံများ အရည်အသွေးပြည့်မီပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအား မြင့်မားလာစေရန် လိုအပ်သောငွေကြေးအရင်းအနှီး၊ နည်းပညာ၊ သိုလှောင်ရုံတည်ဆောက်မှု တို့အတွက် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ကုန်သွယ်မှုချောမွေ့ စေရေး၊ ပို့ကုန်မြှင့်တင်ရေးနှင့် သင့်တင့်လျောက်ပတ်သော လယ်ယာထွက်ကုန်ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအပိုင်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း မကြာခင်က COVID ရောဂါ ကျရောက်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော်ကတုံ့ပြန်ဆောင်ရွက်မည့် CERP ဟုခေါ်သော အစီအစဉ်ကို မိမိတို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်း CERP အစီအစဉ်အရ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ E-Commerce လုပ်ငန်းများ၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကိုအာရုံစိုက်ပြီး ဆောင်ရွက်ရန် စီစဉ်လျက် ရှိပါကြောင်း ဖြေကြားပါသည်။

ဒေါ်ချိုချို(အုတ်တွင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီး၏ဖြေဆိုချက်များထဲတွင် ပြည့်စုံမှုများရှိနေသော်လည်း မိမိအနေဖြင့်တစ်ဆက် တစ်စပ်တည်းသိလိုသည်မှာ အဆိုပါတောင်သူများ၏သီးနှံများထွက်ရှိလာသည့်အချိန်တွင် သီးနှံ ဈေးနှုန်းတည်ငြိမ်ရန်အတွက် သင့်တင့်သောအခြေခံဈေးနှုန်းတစ်ခုကို တောင်သူများအတွက် တွက်ခြေကိုက်သောဈေးနှုန်းတစ်ခုကို ချမှတ်ပြီးဝယ်ယူရန်အတွက်ဖြစ်ပါကြောင်း၊ ထိုနေရာတွင် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးက ညွှန်ကြားချက်များထုတ်ပြန်ပြီး လှည့်လည် ငွေရင်း ၁၅ ဘီလီယံဖြင့် တောင်သူများကို အခြေခံဈေးနှုန်းသတ်မှတ်ပြီး ဝယ်ယူမှုများလုပ်ပါကြောင်း၊ သို့သော် ညွှန်ကြားချက်များသာထုတ်ပြန်ပြီး တကယ်လက်တွေ့ဝယ်ယူသည့်အခါ ၁၅ ဘီလီယံဖြင့် မည်သို့မျှအဆင်မပြေနိုင်သည့်အခြေအနေရှိပြီး ညွှန်ကြားချက်များက ထုတ်ပြန်ခြင်းသာရှိပြီး လက်တွေ့အကောင်အထည်ဖော်မှုများသည် များစွာနှောင့်နှေးပြီး တောင်သူများအတွက် အခက်အခဲ များစွာကြုံနေရပါကြောင်း၊ ထို့ကြောင့်တောင်သူများ လယ်ယာလုပ်ငန်းကထွက်ရှိလာသော စပါး၊ ပဲသီးနှံအမျိုးမျိုးကို ပြည်ပချေးငွေများဖြင့် တောင်သူများလယ်ယာလုပ်ငန်းမှ သီးနှံများထွက်ရှိ လာသည့်အချိန်တွင် အခြေခံဈေးနှုန်းသတ်မှတ်ပြီး ဝယ်ယူရန်အတွက် ပုဂ္ဂလိကနှင့်အစိုးရပူးပေါင်းပြီး နိုင်ငံအတွက်သင့်လျော်သည့်မူဝါဒချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ CERP အစီအစဉ်တွင်ပါဝင်သည်ဆိုရာတွင် ယခုလိုမျိုး တောင်သူများ အတွက် အခြေခံဈေးနှုန်းသတ်မှတ်ပြီးဝယ်ယူရန်အတွက်အစီအစဉ် ရှိလား/မရှိလားဆိုသည်ကို သိလိုကြောင်း မေးမြန်းပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ထူး

CERP လုပ်ငန်းတွင် တောင်သူလယ်သမားများအတွက် အကျိုးရှိစေမည့်လုပ်ငန်းတစ်ခုကို စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့်ကိစ္စကို တင်ပြလိုပါကြောင်း၊  ကိုဗစ်ရောဂါကြောင့် အခက်အခဲအကျပ်အတည်းများဖြစ်လာခဲ့ပါက အရေးပေါ်အရန်ရိက္ခာ စုဆောင်းမှုလုပ်ငန်းကို စတင်ပြီးဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်အနေဖြင့် ၃၈ ဘီလီယံ ဒေါ်လာကို ထုတ်ပေးပြီး မြန်မာနိုင်ငံရှိ လူအားလုံးအတွက် နှစ်ပတ်စာ ဆန်ရိက္ခာ တန်ချိန် ၅၀၀၀၀ ကိုဝယ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ စီစဉ်ဆောင်ရွက်ရာတွင် စားသုံးသူများ အတွက်လည်း ကုန်ဈေးနှုန်းများမြင့်မားခြင်းမရှိရအောင် တောင်သူလယ်သမားများအတွက်လည်း အကျိုးရှိသည့်ဈေးနှုန်းကိုရရှိရန် ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများက ပြည်ပကိုဆန်တင်ပို့သည့်ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို အရေးပေါ်ဆန်အဖြစ် ပြန်လည်ရောင်းချပေးရန်စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်၏အရေးပေါ်ဆန်အဖြစ် တန်ချိန် ၁၃၀၀၀ ကို ဝယ်ယူထားပြီး ဖြစ်ပါကြောင်း၊ ဈေးကွက်ကိုလည်းထိခိုက်မှုမရှိအောင် တဖြည်းဖြည်းချင်းဖြန့်ပြီး တန်ချိန် ၅၀၀၀၀ အထိရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

စားသုံးသူဖူလုံမှုရှိစေရန်အတွက် စားသုံးဆီတန်ချိန် ၁၂၀၀၀ ကို စားအုန်းဆီတင်သွင်းသည့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်းပြီး ဝယ်ယူသိုလှောင်မှုနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့ကို ဖြန့်ဝေရန် အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေးပေါ်ဆောင်ရွက်ချက်ဖြစ်သော်လည်း ပြည်တွင်း ဈေးနှုန်းတည်ငြိမ်ရေးနှင့် တောင်သူလယ်သမားများ ဝင်ငွေရရှိရေးကို အထောက်အကူပြုနိုင် မည်ဟု ယူဆပါကြောင်း၊ ထို့အပြင် CERP အစီအစဉ်တွင် တောင်သူလယ်သမားများ၏ ဝင်ငွေ တိုးတက်စေရန်ဆောင်ရွက်မည့် အစိတ်အပိုင်းများလည်း များစွာပါဝင်သည့်အပြင် COVID အလွန်တွင် မိမိတို့အာရုံပြုရမည့်လုပ်ငန်းများနှင့်ပတ်သက်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်မှုလုပ်ငန်းများ၊ သေးစားနှင့်အလတ်စားလုပ်ငန်း များ၊ ခရီးသွားလုပ်ငန်း အထူးသဖြင့် ပြည်တွင်းခရီးသွားလုပ်ငန်းတိုးတက်မှုများကို မိမိတို့အနေဖြင့် ဆောင်ရွက်နိုင်ရန် စီမံချက်များကိုလည်း ချမှတ်ဆောင်ရွက်နေပါကြောင်း၊ ထို့ကြောင့် COVID သည် မိမိတို့နိုင်ငံအတွက် အခွင့်အလမ်းတစ်ခုကိုဖြစ်ပေါ်စေပါကြောင်း၊ ၎င်းအကျပ်အတည်းကိုကျော်လွှား နိုင်မည်ဖြစ်သည့်အပြင် COVID အလွန်တွင် မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဈေးကွက်များနှင့် ပြန်လည် ချိန်ညှိခြင်းအပိုင်းကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းဖြေကြားပါ သည်။