Skip to main content

     

မိမိတို့နိုင်ငံတွင် နိုင်ငံတော်ပိုင်ဘဏ် ၄ ခု၊ ပုဂ္ဂလိကဘဏ် ၂၂ ခု၊ နိုင်ငံခြားသားပိုင် ၁၃ ခုရှိပြီး ယခု အချိန်တွင် အမြို့မြို့အနယ်နယ်၌ ဘဏ်ခွဲပေါင်းများစွာနှင့် ဘဏ်လုပ်ငန်းကို ဆောင်ရွက်နေကြပြီ ဖြစ်ပါကြောင်း၊  ဘဏ်များသည် နိုင်ငံတော်ဗဟိုဘဏ်၏ ရည်မှန်းချက်အတိုင်း ထိရောက်သည့် ငွေပေးချေမှု၊ စာရင်းရှင်းလင်းမှုစနစ်များနှင့် ငွေကြေးလွယ်ကူမှု၊ ကြွေးမြီပေးဆပ်နိုင်မှု၊ ငွေကြေးစနစ် ခိုင်ခံ့မှုတိုးတက်ပေါ်ပေါက်အောင်ဆောင်ရွက်စေမှုနှင့် အစီအစဉ်တကျဟန်ချက် ညီညီနှင့် ရှင်သန်သော စီးပွားရေးဖွံ့ဖြိုးမှုပေါ်ထွန်းစေရန် ငွေကြေး၊ ချေးငွေနှင့် ငွေကြေးအခြေအနေများ ကြိုးပမ်းဆောင်ရွက်ရန် စသည့်ရည်ရွယ်ချက်များအတိုင်း နိုင်ငံတော်စီးပွားရေး၏ ဗဟိုချက်မကြီးအဖြစ် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊  

ဘဏ်များ ငွေကြေးစီးဆင်းလည်ပတ်မှုရှိခြင်းသည် တိုင်းပြည်စီးပွားရေး၏ အသက်သွေးကြောကြီး လည်ပတ်နေခြင်းဖြစ်ပါကြောင်း၊ ဘဏ်၏ ငွေထုတ်ငွေသွင်းစနစ်များသည် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်နေသည်ကို ဝမ်းမြောက်ဝမ်းသာ တွေ့ရှိနေရပါကြောင်း၊ Mobile Banking စနစ်၊ Internet Banking စနစ်၊ e-Banking စနစ်၊ Prepaid Card Credit Card များ အသုံးပြုပြီး ငွေကြေးထုတ်လုပ်မှုကို လွယ်ကူအောင်ဆောင်ရွက်နေသော်လည်း ကိုယ်တိုင်ကိုယ်ကျဘဏ်များတွင် ငွေကြေးအဝင်/အထွက်၊ အထုတ်/အသွင်းလုပ်နေသည့်ပုဂ္ဂိုလ်များလည်း တစ်နေ့တခြားများပြားလျက်ရှိနေသေးပါကြောင်း၊ ဘဏ်များ၏ အရင်းအမြစ်အခြေခံနှင့် တိုင်းပြည်၏ အရင်းအမြစ်အခြေခံဖြစ်သည့် ဘဏ်များ ငွေထုတ်/ငွေသွင်းကြသူများနှင့် ဘဏ်လုပ်ငန်းများ၏ လုံခြုံမှုသည့် အင်မတန်အရေးကြီးပါကြောင်း၊  

ဘဏ်များ၏ အသက်သွေးကြောသည် တိုင်းပြည်၏ စီးပွားရေးအသက်သွေးကြောဖြစ်ခြင်းကြောင့် ဘဏ်‌များ၏ Banking စနစ်များ မည်မျှကောင်းအောင် ဆောင်ရွက်နေပါသော်လည်း ဘဏ်များ၏ လုံခြုံမှုနှင့် ဘဏ်ကိုလာကြသည့် ငွေထုတ်/ငွေသွင်းသူများ၏ လုံခြုံမှုသည် အင်မတန် အရေးကြီးသည့်အတွက် အဆိုပါလုံခြုံမှုများကို သက်ဆိုင်ရာဌာနများအနေဖြင့် မည်ကဲ့သို့စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်များ၏ ငွေကြေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာလုံခြုံမှုနှင့် ငွေထုတ်/ ငွေသွင်းလာကြသောပြည်သူများ၏ လုံခြုံမှုနှင့်ပတ်သက်ပြီး လုပ်ငန်းအစီအစဉ်များ ချမှတ်ခြင်း၊ ကြပ်မတ်ဆောင်ရွက်ခြင်းများကို အစဉ်တစိုက်ဆောင်ရွက်ခဲ့ပါကြောင်း၊

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၅ ခုနှစ်ကထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ် (၁၄/၂၀၁၅) ၏ ဘဏ်များ၏ လုံခြုံရေးကို ကဏ္ဍသုံးခုခွဲပြီး လိုက်နာဆောင်ရွက်ရန် အသေးစိတ် အချက်အလက်များကို ဖော်ပြခဲ့ပါကြောင်း၊ ယင်းအချက်အလက်များမှာ ငွေသိုလှောင်ခန်းလုံခြုံရေးနှင့် စပ်လျဉ်းပြီး လိုက်နာရန်အချက် ၁၃ ချက်၊ ငွေကြေးသယ်ယူပို့ဆောင်မှုလုံခြုံရေးနှင့် စပ်လျဉ်းပြီး လိုက်နာရန် အချက် ၅ ချက်၊ လုပ်ငန်းပိုင်းဆိုင်ရာလုံခြုံရေးနှင့်စပ်လျဉ်းသည့် လိုက်နာရန်အချက် ၁၂ ချက် ပါဝင်ပါ ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်သည့်စာအရ ဘဏ်များက ဘဏ်ခွဲ ဖွင့်လှစ်ရန်လျှောက်ထားရာတွင်ပါဝင်ရမည့် အချက်သုံးချက်အနက် အချက်တစ်ရပ်အဖြစ် ဘဏ်ခွဲ ဖွင့်လှစ်ရေးအတွက် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းမှ နယ်မြေဒေသတည်ငြိမ် အေးချမ်းမှုရှိကြောင်းနှင့် ဖွင့်လှစ်မည့်ဘဏ်အတွက်လုံခြုံမှုရှိကြောင်း ထောက်ခံချက်ကို ထည့်သွင်းဖော်ပြရမည်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ မတ်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ညွှန်ကြားချက်အရ ဘဏ်များအနေဖြင့် ဘဏ်ခွဲဖွင့်လှစ်ခွင့်ပြုရန် လျှောက်ထားသည့်အင်္ဂါ ပြည့်စုံစွာထည့်သွင်း ဖော်ပြရမည့် အချက်၆ချက်ကိုဖော်ပြခဲ့ရာတွင်လည်း ဖွင့်လှစ်မည့်ဘဏ်ခွဲအတွက် စနစ်တကျရေးဆွဲ ထားသည့် လုံခြုံရေးစီမံချက် ပါဝင်ရမည်ဆိုသည့်အချက်များ ပါဝင်ပါကြောင်း၊

သို့ဖြစ်ရာ ဘဏ်ခွဲများကိုဖွင့်လှစ်ခွင့်တင်ပြစဉ်ကပင် ဘဏ်များအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထားသည့် ဘဏ်များတောင့်တင်းခိုင်မာမှုဆိုင်ရာလိုအပ်ချက်များ (Prudential Requirements) ဖြစ်သည့် မတည်ငွေရင်းလုံလောက်မှု၊ ငွေဖြစ်လွယ်မှု၊ အနည်းဆုံးထားရှိရမည့် သီးသန့်ငွေလိုအပ်ချက်များ ပြည့်မီမှုများရှိရန် လိုအပ်ပြီး ဖွင့်လှစ်မည့် ဘဏ်ခွဲများသည် သက်ဆိုင်ရာဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုကြောင်းသုံးသပ်တင်ပြချက်အပြင် ဒေသဆိုင်ရာ အာဏာပိုင်၏ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုရှိကြောင်းနှင့် ဖွင့်လှစ်မည့်ဘဏ်ခွဲအတွက် လုံခြုံမှုရှိ ကြောင်းထောက်ခံချက်၊ ဘဏ်လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ပြည့်စုံစွာတင်ပြရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်ခွဲများ၏ စီးပွားရေး အရဖြစ်နိုင်ခြေသုံးသပ်ချက်၊ ဒေသဆိုင်ရာစီးပွားရေးအထောက်အကူပြုမှု၊ ဘဏ်လုံခြုံရေး၊ ငွေထုတ် ငွေသွင်းလာကြသော ပြည်သူများနှင့် ဘဏ်လုပ်ငန်းများဘေးကင်းလုံခြုံရေးတို့ကို စီစဉ်ထားရှိခြင်း ရှိ/မရှိ တင်ပြချက်ကို စိစစ်သုံးသပ်ပြီးမှသာ ဘဏ်ခွဲများဖွင့်လှစ်ခြင်းကို ခွင့်ပြုခြင်း ဖြစ်ပါကြောင်း၊

အထက်ပါညွှန်ကြားချက်များအရ ဘဏ်များအနေဖြင့် ငွေသွင်း/ငွေထုတ်လာကြသည့် ပြည်သူများ အားလုံး ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဘဏ်လုံခြုံရေးဝန်ထမ်းများထားရှိစောင့်ကြပ်စေခြင်း၊ ဘဏ်အဆောက်အအုံပတ်ဝန်းကျင်နှင့် ဝန်ဆောင်မှုပေးသည့်နေရာဌာနများတွင် CCTV ကင်မရာများ တပ်ဆင်စောင့်ကြည့်စေခြင်း၊ အဓိကဝင်ပေါက်တစ်ပေါက်သာထားပြီး Banking Hour ကုန်ဆုံးသည်နှင့်သော့ခတ်ပိတ်ခြင်း၊ ဘဏ်ဝန်ထမ်းများမှလည်း လုံခြုံရေးအတွက်ဂရုပြု စောင့်ကြပ်စေခြင်း၊ နေ့/ညလုံခြုံရေးဝန်ထမ်းများထားရှိခြင်းနှင့် လုံခြုံရေးနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများမှ အခါအားလျော်စွာထုတ်ပြန်သည့်ဲ့ခြုံရေးနဲ့်အချက်များ ပါ ညွှန်ကြားချက်များကိုလိုက်နာစေခြင်း၊ လုံခြုံရေး စီမံချက်များ ရေးဆွဲထားရှိစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုံခြုံရေးဝန်ထမ်းများအား နေ့/ည တာဝန်ချပြီး တာဝန်ထမ်းဆောင်မှု အခြေအနေအားပုံမှန်စစ်ဆေးရန် ဘဏ်ရုံးချိန်ပြင်ပတွင် အချိန်ပိုတာဝန် ထမ်းဆောင်သည့် ကိစ္စများအတွက် ဘဏ်ရုံးချုပ် သို့မဟုတ် ဘဏ်ဇုံတာဝန်ခံ၏ ကြိုတင်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရန်နှင့် သတင်းပို့မှတ်တမ်းများထားရှိခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထပ်တိုးလုံခြုံရေးအစီအစဉ်များအဖြစ် နိုင်ငံတကာဘဏ်များတွင် ကျင့်သုံးသည့် အရေးပေါ်အချက်ပေးစနစ် (Alarm Bell System) များတပ်ဆင်ထားရှိရေးအစီအစဉ်များကိုလည်း သင့်လျော်သကဲ့သို့ ချမှတ်ကျင့်သုံးသွားစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တိုက်တွန်းထားရှိပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်များအားကြီးကြပ်ကွပ်ကဲရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေနှင့် စည်းမျဉ်းများအား လိုက်နာ ဆောင်ရွက်ခြင်းရှိ/မရှိ ဘဏ်များသို့သွားရောက်စစ်ဆေးခြင်း (On-site Examination)၊ ဘဏ်များမှ ပေးပို့သည့် အစီရင်ခံစာ (Report) များကိုစိစစ်သုံးသပ်ခြင်း (Off-site Examination) တို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ဘဏ်များအနေဖြင့် အထက်ပါသတ်မှတ်ချက်များဖြင့် ကိုက်ညီခြင်း ရှိ/မရှိနှင့် အားနည်းမှုရှိသည့်ကိစ္စများကို အစဉ်တစိုက်ထောက်ပြပြီး တိုးတက်ကောင်းမွန်မှုရှိစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးတိုးဝင်း(တာမွေမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဘဏ်များ၏ လုံခြုံရေး System တွင် CCTV များ တပ်ဆင်ခြင်း၊ တံခါး တစ်ပေါက်ဖွင့်ပြီး ဆောင်ရွက်ခြင်းများကိုလည်း တွေ့ရှိရပါကြောင်း၊ သို့သော် ဘဏ်ကြီးများတွင် လုံခြုံရေး အဆောက်အအုံများကို တွေ့ရသော်လည်း အထူးသဖြင့် အစိုးရဘဏ်များ၏ မြို့နယ်ဘဏ်ခွဲများတွင် လုံခြုံရေး အစောင့်အရှောက်များ မရှိသလောက်နည်းပါးသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါကိစ္စအား စုံစမ်းခဲ့ရာတွင် လုံခြုံရေးဝန်ထမ်း ခန့်ထားရန် ဖွဲ့စည်းပုံတွင် ပါသော်လည်း လာရောက်လျှောက်ထားခြင်း မရှိကြသည်ကို သိရှိရပါကြောင်း၊  လုံခြုံရေးဝန်ထမ်းများရရှိရေးကို ပြင်ပလုံခြုံရေးကုမ္ပဏီများနှင့် ဆက်စပ်၍ သော်လည်းကောင်း၊ လုံခြုံရေးဝန်ထမ်းများ ပြည့်ဝစွာရရှိရေးကို မည်ကဲ့သို့ ဆက်လက်ဆောင်ရွက် မည်ကိုလည်း ကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ယခုလုံခြုံရေးအစီအမံများကို ဘဏ်များက ဆောင်ရွက်နိုင်ရန်အတွက် လမ်းညွှန်ကြီးကြပ်ခြင်းကို ဆောင်ရွက်ပါကြောင်း၊ ဘဏ်များအနေဖြင့် ကိုယ့်မိမိ၏ ငွေကြေးလုံခြုံရေး၊ ဝန်ထမ်းများ လုံခြုံရေး၊ ငွေသွင်း/ငွေထုတ်ပြုသည့် ပြည်သူများလုံခြုံရေးအတွက် ဘဏ်များ ကိုယ်တိုင်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် လုံခြုံရေးဝန်ထမ်းများ ခန့်ထားမှုမရှိသည်ဆိုသည်မှာ ဘတ်ဂျက်ပါသော်လည်းပဲ ပုဂ္ဂလိကဘဏ်နှင့် ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီများဖြင့် ဆောင်ရွက်ရန်ဆိုသည်မှာ ဘတ်ဂျက်အကန့်အသတ်ရှိပါကြောင်း၊ ဝန်ထမ်းအတွက် ခန့်ထားမှု စည်းမျဉ်းအကန့်အသတ်များရှိပါကြောင်း၊ ဘဏ်များအနေဖြင့် မိမိတို့၏ လုံခြုံရေးကို မိမိတို့ ဆောင်ရွက်နိုင်ရန်အတွက် ဗဟိုဘဏ်က ကြီးကြပ်ဆောင်ရွက်ခြင်းသာ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။