Skip to main content

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ နောင်လိုင်ကျေးရွာအုပ်စု၊ နောင်မတ်မီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့   နံနက်ပိုင်းတွင် လုထုတွေ့ဆုံပွဲ၊ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲကို ကျင်းပခဲ့ပါကြောင်း၊ အခမ်းအနားတွင် ကျေးရွာပေါင်း ၁၉ ရွာမှ ဒေသခံတိုင်းရင်းသားမိဘပြည်သူများ တက်ရောက်ခဲ့ကြပါကြောင်း၊ မဲဆန္ဒရှင်မိဘပြည်သူ များ၏ တင်ပြချက်အရ မဲဆန္ဒရှင်ဒေသခံတိုင်းရင်းသားမိဘပြည်သူများနေထိုင်ရာကျေးရွာများသည် တောင်ပေါ်တွင် တည်ရှိပြီး တောင်ပေါ်သို့တက်ရောက်ရသည့်လမ်းဖြစ်ပြီး ဒေသထွက် လက်ဖက် ခြောက်၊ လက်ဖက်စိုများနှင့် အခြားခြံထွက်သီးနှံများကို ပင်လုံမြို့သို့ သယ်ပို့သွားလာရသည့်လမ်း ဖြစ်ပါကြောင်း၊  ကျေးရွာနေမိဘပြည်သူများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်ချောလမ်း ၂၆၆၄၃ ပေအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပါရန်တင်ပြလာပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ နောင်လိုင်ကျေးရွာအုပ်စု၊ နောင်မက်မီးရွာအဝင်လမ်းရှိ ကျောက်ချောလမ်း ၂၆၆၄၃ ပေအား ကတ္တရာ လမ်းခင်းပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိသိရှိ လိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးပါမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

လွိုင်လင်မြို့နယ်၊ နောင်လိုင်ကျေးရွာအုပ်စု၊ နောင်မတ်မီး ကျေးရွာအဝင်လမ်းပိုင်းသည် ပင်လုံ-လဲချား ကားလမ်းမကြီးမှ လွယ်ချယ်-နောင်မတ်မီးကျေးရွာအထိ (၇/၀) မိုင်ရှိသည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ‌ကျောက်ခင်းလမ်း (၇/၀)မိုင်ကို ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါကျောက်လမ်း (၇/၀)မိုင်အနက် အတက်အဆင်း မတ်စောက်ပြီးအကွေ့များသည့် နေရာများတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNO) အစီအစဉ်ဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း (၁/၄)မိုင်ကို ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်းနှင့် ကျန်ရှိ ကျောက်လမ်း (၅/၄)မိုင်အတွက် ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိနေပါကြောင်း၊ လွိုင်လင်မြို့နယ်၊ နောင်လိုင်ကျေးရွာအုပ်စု၊ နောင်မတ်မီးကျေးရွာအဝင်လမ်းတွင် ကတ္တရာခင်းရန် လိုအပ်သည့် (၅/၄)မိုင်အနက် (၂/၀)မိုင် ကတ္တရာလမ်းအဆင့်မြှင့်တင်ရန်အတွက် မြို့နယ်  စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ၏ ဦးစားပေးအစီအစဉ် (၇)ဖြင့် အဆိုပြုတင်ပြချက်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နယ်စပ် ဒေသဖွံ့ဖြိုး ရေးစီမံကိန်းတွင် ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း၊ မြို့နယ်အလိုက် အချိုးကျခွဲဝေရရှိသည့် ရန်ပုံငွေ လုံလောက်မှုရှိပါက အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။