Skip to main content

မင်းဘူး(စကု)မြို့နယ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်းဖွင့်လှစ်ပေးရန် ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု)မြို့နယ်အပါအဝင် မကွေးတိုင်းဒေသကြီးတွင် မြို့နယ် ၂၅ မြို့နယ်နှင့် ဖွဲ့စည်းထားပြီး ခရိုင်မြို့(၅)ခုနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း  အခြားသောခရိုင်များတွင် မိမိတို့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်ဖြစ်သည့် GTI၊ GTHS၊ GTC ကျောင်းများဖြစ်သော်လည်း မိမိတို့ မင်းဘူးခရိုင်တွင် တစ်ကျောင်းမှမရှိသေးပါကြောင်း၊ ထိုသို့ မင်းဘူးခရိုင်တွင် မရှိသည့်အတွက် မင်းဘူးခရိုင်အတွင်းတွင် ရှိသည့်ကျောင်းသူ/ကျောင်းသားများသည် GTI၊ GTHS၊ GTC ရှိသည့်တခြားခရိုင်များ၊ တခြားမြို့နယ်များကို သွားတတ်သည့် အတွက် အဆင်မပြေမှုများ၊ ကုန်ကျမှုများ၊ မလိုအပ်သည့် ပိုမိုကုန်ကျမှုများ များစွာရှိနေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် မင်းဘူးမြို့သည် ခရိုင်မြို့ဖြစ်သည်နှင့်အညီ ခရိုင်အတွင်း ရှိသည့်မျိုးဆက်သစ် လူငယ်များအတွက် ပညာအခြေပြု လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့်ပျိုးထောင်ရာတွင် များစွာအထောက်အကူ ဖြစ်စေရန်အတွက် မင်းဘူး(စကု)မြို့နယ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်း ဖွင့်လှစ်ပေးရန် လိုအပ်လျက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ မင်းဘူး(စကု)မြို့နယ်တွင် သင့်လျော်သောမြေနေရာ၌ အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်းဖွင့်လှစ်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ် ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် သင့်လျော်သော မြေနေရာ၌ အစိုးရစက်မှုလက်မှု သိပ္ပံ GTI ကျောင်း ဖွင့်လှစ်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိလိုခြင်းနှင့်စပ်လျဉ်းပြီး မိမိတို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း အစိုးရ စက်မှုလက်မှုသိပ္ပံများအနေဖြင့် မကွေးမြို့၊ ရေနံချောင်းမြို့၊ ချောက်မြို့၊ သရက်မြို့၊ ဂန့်ဂေါမြို့တို့မှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ကာလတိုသက်မွေးပညာသင်တန်းကျောင်းများ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများအနေဖြင့် မကွေးမြို့၊ ပခုက္ကူမြို့တို့တွင် ဒေသလိုအပ်ချက်နှင့်အညီ သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနေပြီ ဖြစ်ပါကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာနှင့်သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍအတွက် ကျောင်းသစ်များဖွင့်လှစ်ရာတွင် ကိုယ်စားလှယ်ကြီးတင်ပြချက်တွင် ပါရှိသည့်အတိုင်း ခရိုင်မြို့များ တွင် စတင်ဦးစားပေး ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မိမိတို့စီမံကိန်းအနေဖြင့် ခရိုင်မြို့ကြီး ဖြစ်သော မင်းဘူးမြို့နယ်၊ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း ဖွင့်လှစ်ရန်လျာထားပြီးဖြစ်ပါကြောင်း၊ ထို့အတွက် မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုတွင် မြေဧရိယာ ၁၅.၀၉ ဧကအား မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ အသုံးပြုခွင့်ရရှိနိုင်ရန် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း စီမံခန့်ခွဲရေးဗဟိုကော်မတီထံသို့ တင်ပြလျှောက်ထားပြီးဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မင်းဘူး) အတွက် ကျောင်းမြေနေရာ ရရှိသတ်မှတ်ပြီးဖြစ်ပါက ဘဏ္ဍာငွေများ တင်ပြတောင်းခံမည်ဖြစ်ပြီး ဆက်လက်၍ မင်းဘူးခရိုင်အတွင်း အစိုးရစက်မှုသိပ္ပံတစ်ကျောင်း ထပ်မံ ဖွင့်လှစ်ရေး စီစဉ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။