Skip to main content

မုဋ္ဌော- ချိုင်- သရက်ပင်- မင်းမကျေးရွာချင်းဆက် လမ်းနှင့်ပတ်သက်ပြီး မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ ထိုလမ်းသည် ၁၃ မိုင်ခန့် ရှည်လျားပြီး ၎င်းဒေသတွင် ရှိသည့်ကျေးရွာများမှ အထူးအားထား သွားလာနေရသည့် လမ်းတစ်လမ်းဖြစ်ပြီး ကျေးရွာပေါင်း ၁၅ ရွာ၊ လူဦးရေပေါင်း ၁၅၀၀၀ ဦးခန့်ကို အကျိုးပြုနေသောလမ်းလည်း ဖြစ်ပါကြောင်း၊ ဤလမ်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း နှစ်မိုင် ခင်းကျင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ကျန်အပိုင်းများတွင်လည်း တိုင်းဒေသကြီး ပိုလျှံရန်ပုံငွေ၊  ထောက်ပံ့ရန်ပုံငွေများဖြင့် ခင်းခြင်းများလုပ်ခဲ့သလို ကျေးရွာပြည်သူများမှလည်း ကိုယ်ထူကိုယ်ထ ခင်းကျင်းခြင်း၊ လမ်းပြုပြင်ခြင်းများပြုလုပ်ပြီး အသုံးပြုနေကြရသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ မိမိတို့ ကနီမြို့နယ်တွင် ကျေးလက်လမ်းပေါင်း ၇၅ လမ်းရှိကာ  မိုင်ပေါင်း ၃၃၇ မိုင် ရှိသော်လည်း ပြည်ထောင်စုရန်ပုံငွေမှ ချထားဆောင်ရွက်ပေးမှုမှာ မရှိသလောက် အလွန်နည်းနေပါကြောင်း၊ ထိုလမ်းနှင့်ပတ်သက်ပြီး မုဋ္ဌော- ချိုင် -သရက်ပင်- မင်းမကျေးရွာချင်း ဆက်လမ်းအား လမ်းတာချဲ့နိုင်ရေးနှင့် လမ်းအဆင့်မြှင့်တင်ပေးနိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီ မြို့နယ်အတွင်းရှိ မုဋ္ဌော- ချိုင်- သရက်ပင်- မင်းမ ကျေးရွာချင်း ဆက်လမ်းအရှည် (၁၄/၂)မိုင်သည် ကနီ- ချောင်းမလမ်းနှင့် ဆက်သွယ်သောလမ်း ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသည့်လမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် အပိုင်းနှစ်ပိုင်းပါဝင်ပြီး ပထမတစ်ပိုင်းက မုဋ္ဌော- ဒဟတ္တော- ချိုင်-သရက်ပင်- မင်းအိုလမ်း (၇/၂)မိုင်ဖြစ်ပြီး လမ်းအဆင့်သတ်မှတ်ချက် Class(A)၊ ဦးစားပေး(၂)ဖြစ်ပါ ကြောင်း၊ နောက်တစ်ပိုင်းက မင်းမ- ကျွဲသောက်ကန်- မင်းအိုလမ်း အရှည် ၇ မိုင်ဖြစ်ပြီး လမ်းအဆင့် သတ်မှတ်ချက် Class(A)၊ ဦးစားပေးအဆင့်(၃)ဖြစ်ပြီး အဆိုပါလမ်းနှစ်လမ်းပေါင်းနှင့် မုဋ္ဌော- ချိုင်-သရက်ပင်- မင်းမကျေးရွာချင်း ဆက်လမ်းသည် ကျေးရွာပေါင်း ၁၅ ရွာ၊ လူဦးရေပေါင်း ၁၅၀၀၀ကျော် ကိုအကျိုးပြုသည့်လမ်းဖြစ်ပါသဖြင့် လာမည့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ၅ ဖာလုံကိုပြည်ထောင်စု ဘတ်ဂျက်ဖြင့် ကွန်ကရစ်လမ်း ဆောင်ရွက်မည်ဖြစ်ပြီး ၇ ဖာလုံကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ရန်ပုံငွေဖြင့် ဆောင်ရွက်သွားရန် လျာထားတင်ပြ ထားပါကြောင်းနှင့် ကျန်အပိုင်းများကို လာမည့် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။