Skip to main content

ချင်းပြည်နယ်၊ မင်းတပ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းအောင် ဖြစ်ပါကြောင်း၊ မင်းတပ်-မတူပီလမ်း ဖြစ်သည့် မင်းတပ် မြို့တွင်းလမ်းအား ဆက်လက်ချဲ့ပေးရန်နှင့် လမ်းတာချဲ့ရန်အတွက် နောက်ဆုတ်ပေးခဲ့သည့် အိမ်နှင့် လမ်းမကြီး အကြား ဖြစ်ပေါ်နေသည့် ချောက်နေရာများအား မည်သို့ဆောင်ရွက် ပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၏ မြို့နယ်များသည် တောင်ပေါ်မြို့တစ်မြို့ဖြစ်သည့်အတွက် တောင်ပေါ်၏ တောင်ကြောတစ်လျှောက်တွင် မြို့တည်ထားသည့်အတွက် လမ်းမကြီးများ ဖောက်လုပ်နိုင်ရန် အလွန် ခက်ခဲပါကြောင်း၊ မြို့သာယာ လှပစေရန်အတွက် လျှပ်စစ်မီးများ လိုသည့်အပြင် လမ်းမကြီးများလည်း ကျယ်ရန် လိုအပ်ပါကြောင်း၊  ယခင်လက်ထက်က လမ်းအကျယ်ကို ယခုအစိုးရသစ် လက်ထက်တွင် လမ်းတာချဲ့ထားသည့် အနေအထား ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ လမ်းချဲ့ပြီးသည့် နေရာတွင် ကတ္တရာလမ်းများကို အစိုးရသစ် လက်ထက်တွင် ခင်းသည့်အတွက် လမ်းမကြီးများသည် သာယာလှပပြီး၊ မြို့အင်္ဂါရပ်နှင့်ညီပြီး လမ်းသွားလမ်းလာများအတွက် အန္တရာယ် ကင်းရှင်း သွားပါကြောင်း၊ ထို့အတူ ကျောင်းသူကျောင်းသားများသည် လမ်းတာချဲ့ပြီးသည့် နောက်ပိုင်းတွင် အန္တရာယ် ကင်းရှင်းစွာဖြင့် ကျောင်းကို သွားလာနိုင်ပါကြောင်း၊ ထိုကဲ့သို့ လမ်းတာချဲ့ခဲ့သော်လည်း စိုက်ပျိုးရေးရုံးရှေ့တွင် ဆင်ပြောင်ကြီး အမြီးရောက်မှတစ် ဆိုသည့်အတိုင်း ကျန်သည့် နေရာများတွင် လမ်းပေ အကျယ်သည် ၅၀ ခန့်ရှိသော်လည်း စိုက်ပျိုးရေးရုံးရှေ့တွင် ပေ ၂၀ ခန့်သာ ကျယ်သည့် လမ်းကျဉ်း ဖြစ်ပေါ်နေပြီး အန္တရာယ် အလွန်များပြီး မြို့အင်္ဂါရပ်နှင့်မညီ ဖြစ်နေပါကြောင်း၊ ၎င်းသည် စိုက်ပျိုးရေးရုံးရှေ့ရှိ လမ်းချဲ့ရန် လိုနေသည့် ပေ ၂၀ ခန့်ရှိသည့် လမ်းနေရာ ဖြစ်ပါကြောင်း၊ ၎င်းသည် စိုက်ပျိုးရေးရုံးရှေ့ အနီးနားရှိ လမ်းကျဉ်း နေရာ ဖြစ်ပါကြောင်း၊

နောက်ထပ် လမ်းကျဉ်းတစ်နေရာသည် မင်းတပ်မြို့ရှိ လျှပ်စစ်ရုံး ရှေ့နေရာ ဖြစ်ပါကြောင်း၊ အလွန်အရေးကြီးပါကြောင်း၊ ၎င်းလျှပ်စစ်ရုံးရှေ့ နေရာသည် လမ်းချဲ့ရန် လိုအပ်နေပါကြောင်း၊ မင်းတပ်မြို့သည် ကောလိပ်ကျောင်းများ၊ ပညာရေးကောလိပ်များ တည်ဆောက်နေပါပြီ ဖြစ်ကြောင်း၊ ၎င်းတို့ ဖွင့်လစ်သည့်အချိန်တွင် ကောလိပ်ကျောင်းသားများသည် ဆိုင်ကယ်များ၊ ကားများဖြင့် သွားလာမည်ဆိုပါက ၎င်းလမ်းသည် ကျဉ်းပြီး အလွန်အန္တရာယ် များပါကြောင်း၊ ၎င်းနေရာကို ချဲ့မည့်ဆိုပါက လျှပ်စစ်ရုံးကို နှမြောနေ၍ မရပါကြောင်း၊ မိမိတို့သည် လာမည့် အနာဂတ်ကို ကြည့်ရမည်ဖြစ်ပါကြောင်း၊ ရေရှည်အတွက် အသက်အန္တရာယ်ကို စိုးရိမ်ရပါကြောင်း၊ လူ့အသက် တစ်ချောင်းဖြင့် လျှပ်စစ်ရုံးကြီးကို လဲမည်ဆိုပါက လူ့အသက်သည် ပိုပြီး တန်ဖိုး ရှိပါကြောင်း၊

ယခင်က ရန်ကုန်မြို့တော်ကြီးတွင် ကားများ မများသည့် အချိန်ကာလတွင် ရှစ်လမ်းသွားများ၊ ခြောက်လမ်းသွားများ ချဲ့ခဲ့သည့်အချိန်က လူများသည် ထိုကဲ့သို့ လမ်းအကျယ်ကြီးများ လိုအပ်မည်ဟု မထင်ခဲ့သော်လည်း ၎င်းတို့သည် လာမည့် အနာဂတ်ကို ကြည့်ပြီး ဖောက်လုပ်ခဲ့သည့်အတွက် ယနေ့ရန်ကုန်မြို့တော်ကြီးတွင် လမ်းများ၏ အခြေအနေကို သိကြမည် ဖြစ်ပါကြောင်း၊ မင်းတပ်မြို့၏ ကန်ပက်လက် လမ်းဆုံနေရာသည် လမ်းကျဉ်းသည့် တစ်နေရာ ဖြစ်ပါကြောင်း၊ မိမိတို့သည် လမ်းဘေးဝဲယာရှိ အိမ်များကို နောက်ဆုတ်ပြီး လမ်းချဲ့ခွင့် ပေးခဲ့ရပါကြောင်း၊ ထို့ကြောင့် မင်းတပ်မြို့ရှိ လမ်းချဲ့ခွင့် ပေးသည့် မိဘပြည်သူများ၊ အိမ်ရှင်များကိုလည်း အထူးပင် ကျေးဇူးတင်ကြောင်း၊ ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ နောက်ဆုတ် ပေးသွားသည့် အိမ်များသည် ရှေ့အိမ်သည် မူရင်းအိမ် ဖြစ်ပါကြောင်း၊ နောက်တွင် ၎င်းတို့ အိမ်အသစ်များ ဆောက်လိုက်ပြီ ပြင်ဆင်နေရသည့်အတွက် မြို့အင်္ဂါရပ်နှင့် ညီညွတ်နေသည်ကို တွေ့ရပါကြောင်း၊

နောက်ဆုတ်ပေးသွားသည့် အိမ်များနှင့် လမ်း၏ ကြားတွင် ချောက်ကလေးများ ဖြစ်သွား ပါကြောင်း၊ ၎င်းနေရာတွင် လမ်းနှင့် အိမ်၏ကြားတွင် ချောက်ကျင်းများကို မိမိတို့မှ မြေကာနံရံများ လုပ်၊ မြေကြီးများဖို့ပြီး ၎င်းအပေါ်တွင် လူသွားလမ်း၊စင်္ကြံများ လုပ်မည်ဆိုပါက မြို့အင်္ဂါရပ်နှင့် ညီသည့် လမ်းမကြီးများ ဖြစ်သွားမည်ဖြစ်ပါကြောင်း၊ အစိုးရသစ်လက်ထက်တွင် လမ်းတာချဲ့ပြီး နိုင်လွန်ကတ္တရာ လမ်းကြီးကို ခင်းပြီး မြို့၏ အင်္ဂါရပ်ကို လှပစေရန် လုပ်ခဲ့ပါကြောင်း၊ အန္တရာယ်လည်း ကင်းရှင်းသွားပါကြောင်း၊ သို့သော် ပထမတင်ပြခဲ့သည့် လျှပ်စစ်ရုံးနှင့် စိုက်ပျိုးရေးရုံးသည် လမ်းနေရာကို ချဲ့နိုင်ရန်အတွက် ဘတ်ဂျက်များ ပါခဲ့ပါကြောင်း၊ သို့သော် ၎င်းဘတ်ဂျက်များသည် နောက်ကို ဆုတ်ပြီး ၎င်းလမ်း နှစ်နေရာတွင် လမ်းချဲ့ရန် ကျန်နေပါကြောင်း၊ တစ်မြို့လုံးသည် သာယာလှပနေသော်လည်း မြို့တစ်ခုလုံးကို ၎င်းလမ်းကျဉ်း နှစ်နေရာဖြစ်သည့် လျှပ်စစ်ရုံးနှင့် စိုက်ပျိုးရေးရုံးရှေ့ရှိ ပေ ၂၀ ခန့် ရှိသည့်လမ်း ကျန်နေသည့်အတွက် မြို့၏ သာယာလှပမှုနှင့် အန္တရာယ် ကင်းရှင်းမှုအတွက်သည် အလွန် အင်မတန်မှ စိုးရိမ်ဖွယ် ရှိပါကြောင်း၊ ထို့ကြောင့် ခရိုင်မြို့နှင့် ညီညွတ်သည့် မြို့အင်္ဂါရပ်နှင့် ညီသည့် လမ်းမကြီး ဖြစ်စေရန်နှင့် အန္တရာယ် ကင်းရှင်းမှုများ ဖြစ်ပေါ်စေရန်အတွက် ၎င်းစိုက်ပျိုးရေးရုံးရှေ့နှင့် လျှပ်စစ်ရုံးရှေ့ အပါအဝင် အိမ်နောက် ဆုတ်ပေးသည့် အိမ်ကြား ရှိသည့် ၎င်းချောက်ကျဉ်းနေရာများကို မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း

မင်းတပ်-မတူပီလမ်းသည် မိုင်တိုင်အမှတ် (၀/၀) မှ (၁၀၂/၀)အထိ လမ်းအရှည် (၁၀၂)မိုင်သည် ပြည်ထောင်စု အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပြီး မိုင်တိုင် (၀/၀)မှ (၄/၀) အထိ လမ်းအရှည် လေးမိုင်သည် မင်းတပ်မြို့တွင်းလမ်းပိုင်း ဖြစ်ပါကြောင်း၊ ၎င်းမြို့တွင်းလမ်း၏ လက်ရှိ အခြေအနေသည် မိုင်တိုင် (၀/၀) မှ (၂/၀)အထိသည် နှစ်မိုင်ရှည်ပြီး ပျမ်းမျှအကျယ် ၃၂ ပေ ကတ္တရာ ကွန်ကရစ် (AC)လမ်းဖြစ်ပြီး မိုင်တိုင်အမှတ် (၂/၀) မှ (၄/၀)အထိ လမ်းအရှည် နှစ်မိုင်သည် အကျယ် ၁၂ ပေသာရှိသည့် ကတ္တရာလမ်း ဖြစ်ပါကြောင်း၊ မိုင်တိုင် (၂/၀) မှ (၃/၀)အထိ လမ်းအရှည် တစ်မိုင်ကို အကျယ် ၁၂ ပေ မှ ၂၄ ပေအထိ ကတ္တရာလမ်းချဲ့ခြင်း လုပ်ငန်းဆောင်ရွက်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ငွေ လုံးငွေရင်း ရန်ပုံငွေတွင် တင်ပြတောင်းခံထားပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ၎င်းမြို့တွင်း လမ်းပိုင်း၏ လမ်းဘေး ဝဲ/ယာ၌ လူနေအိမ်နှင့် ဌာနဆိုင်ရာ ရုံးအဆောက်အဦများ လွတ်ကင်းသည့် မိုင်တိုင် (၀/၀)မှ (၂/၀) အတွင်း လမ်းအရှည် တစ်မိုင်ခန့်ကို လမ်းတာပေါင် အကျယ် ပေ ၅၀ ရရှိသည့်အထိ ဆောင်ရွက် ပြီးစီးပြီး ဌာနဆိုင်ရာ ရုံးအဆောက်အဦများ၊ နေအိမ်များ၊ ဘဏ်များ၊ ဘုရားစေတီများ ရှိသည့် လမ်းအရှည် တစ်မိုင်အတွင်းတွင် လမ်းတာပေါင် ပျမ်းမျှအကျယ် ၂၈ ပေသာ ဆောင်ရွက် ထားပါကြောင်း၊ မိုင်တိုင်အမှတ် (၂/၀) မှ (၄/၀) အထိ လမ်းအရှည် နှစ်မိုင်သည် လမ်းတာပေါင် အကျယ် ၄၀ ပေအထိ ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ မင်းတပ်မြို့အတွင်း လမ်းတာချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းနယ်နိမိတ်နှင့် မလွတ်ကင်း၍ နောက်ဆုတ်ပေးခဲ့ရသည့် အိမ်/ခြံဝန်းနှင့် လမ်းမကြီး အကြား ချောက်ဖြစ်နေသည့် နေရာများတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အရှည် ၁၀၀ ပေ၊ မြေကာနံရံ ၁၅ ခု ဆောင်ရွက်ရန် အတွက်လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အရှည် ၁၀၀ ပေ၊ မြေကာ နံရံ ၁၀ ခု ဆောင်ရွက်ရန်အတွက် လည်းကောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြေကာနံရံ ၂၅ ခု တည်ဆောက်ရန် လျာထားတင်ပြ တောင်းခံထားပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးနေလင်းအောင် (မင်းတပ် မဲဆန္ဒနယ်) ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီးဖြေကြားချက်ကို မိမိ သေသေချာချာ သိပါကြောင်း၊ သို့သော် မင်းတပ်မြို့တွင်းလမ်း ချဲ့သည့် နေရာတွင် ၎င်းစိုက်ပျိုးရေးရုံးရှေ့နှင့် လျှပ်စစ်ရုံးရှေ့ကို လမ်းတာချဲ့နိုင်ရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း

စိုက်ပျိုးရေးရုံးရှေ့သည် အဖြောင့်ဖြစ်ပါကြောင်း၊ ၎င်း၏ ဘယ်ဘက်ခြမ်း ချောက်ကြီး ၎င်းသည် Retaining Wall ပါပါကြောင်း၊ လျှပ်စစ်ရုံးရှေ့ အကွေ့အတက်ဖြစ်သည့် ၎င်းအကွေ့ အတက်ကို ဆုံးသည့်အထိ Retaining Wall လုပ်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။